Monday, February 9, 2015

အောင်မြင်လိုသည့်စိတ်၊ အောင်မြင်နိုင်ဖွယ် ပတ်ဝန်းကျင်



အောင်မြင်လိုသည့်စိတ်၊ အောင်မြင်နိုင်ဖွယ် ပတ်ဝန်းကျင်

ကျောင်းသားတိုင်းကို မင်းတို့ အဘယ့်ကြောင့် ပညာသင်ကြားနေရသနည်းဟု စစ်ကြောမေးမြန်းကြည့်ပါက စာမေးပွဲအောင်မြင်ချင်သောကြောင့်၊ ထူးချွန်ချင်သောကြောင့်ဟူသော အဖြေမျိုးကိုသာ များသောအားဖြင့် ပေးတတ်ကြလေသည်။ ဘ၀ဟူသည် မည်သည့်အရာတို့နှင့် ဖွဲ့စည်းထားသနည်းဟု အသေအချာ မသိသော သူတို့အတွက် စာမေးပွဲအောင်မြင်မှုသည်သာ အောင်မြင်မှုဖြစ်သည်ဟု တွေးတောနေတတ်သည်မှာလည်း အံ့သြစရာ ကိစ္စတော့ မဟုတ်ပါလေ။ မြန်မာနိုင်ငံ၏ ပညာရေးစနစ်သည်လည်း အောင်မြင်မှုဟူသရွေ့ကို တက္ကသိုလ်ဝင်တန်းအမှတ်စာရင်းအပေါ် တည်မှီ၍ ဆုံးဖြတ်ထားသည် မဟုတ်လော။ ထို့ကြောင့်လည်း တက္ကသိုလ်ဝင်တန်းတက်ရောက်နေသော ကျောင်းသားများအဖို့ အောင်မြင်မှုတည်းဟူသော ပျားရည်ကို သောက်သုံးနိုင်ရန် အလို့ငှာ မိမိတို့ လေ့လာနေသော ဘာသာရပ်အသီးသီးတွင် အမြင့်ဆုံးအမှတ်များကို ရယူပိုင်ဆိုင်နိုင်ရန် လိုအပ်လှပေသည်။ ထိုကဲ့သို့ အောင်မြင်မှုများ ဆွတ်ခူးနိုင်ရန် အရေးအကြီးဆုံးလိုအပ်ချက်များရှိသည်။ ၄င်းတို့အထဲမှ အောင်မြင်လိုသည့်စိတ်နှင့် အောင်မြင်နိုင်ဖွယ်ပတ်ဝန်းကျင်တို့သည် အဓိက လိုအပ်ချက်များဖြစ်သည်ဟု ရှုမြင်သုံးသပ်မိသည်။ 






ရှေးဦးစွာ အောင်မြင်လိုသည့်စိတ်နှင့် ပတ်သက်ပြီး ဆွေးနွေးတင်ပြပါမည်။ လူတိုင်းသည် အောင်မြင်လိုကြသည်ချည်း ဖြစ်သည်။ ကြိုးစားအားထုတ်မှု တစ်စုံတစ်ရာမျှ ပေးဆပ်ထားခြင်း မရှိသူပင် အချိန်တန်လျှင် အောင်မြင်လိုကြသည်။ ထို့ကြောင့် လောက၌ မအောင်မြင်ချင်ကြသူများ လုံးဝနီးပါးမရှိဟု သုံးသပ်၍ ရပါသည်။ သို့သော် ထိုသူတို့တွင် အောင်မြင်ချင်စိတ်ကွာခြားကြသည်။ ပြောချင်သည်မှာ အောင်မြင်မှုကို ဆာလောင်မွတ်သိပ်သည့်စိတ်ဖြစ်လေသည်။ လူအများစုသည် အောင်မြင်ချင်လွန်း၍သာ ကြိုးစားကြသည်။ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းက ကံတရားသာဖြစ်သည်ဟု အပျက်သဘောကို ကြိုတင်တွေးထားတတ်ကြလေသည်။ 

ထိုကဲ့သို့ စိတ်နေသဘောထားမျိုးသည် အောင်မြင်ခြင်းသို့ ရောက်ရှိစေရန် အလားအလာ အတော်နည်းပါးလေသည်။ စိတ်ကြောင့် အလုပ်ဖြစ်လာရသည်။ စိတ်ကပင် အပျက်သဘောကို တွေးနေတတ်သူအဖို့ အလုပ်တွင်လည်း လျော့ပါးလာမည်မှာ အသေအချာပင်ဖြစ်သည်။ အကျိုးဆက်အနေဖြင့် မိမိတို့၏ ရည်မှန်းချက်များသို့ ရောက်ရှိနိုင်ရေးအတွက် မိမိ၏ စိတ်ကပင် တားဆီးလိုက်သလို ဖြစ်ကြလေတော့သည်။ များသောအားဖြင့် ထိုကဲ့သို့ စိတ်ဓာတ်မျိုးနှင့်ကျောင်းသားများသည် ကံတရား အလွန်ကောင်းမှသာ အောင်မြင်မှုကို ကိုင်ဆုပ်နိုင်ကြသည်။ 

အချို့သူများကတော့ အောင်မြင်မှုကို ထမင်းဆာလောင်မွတ်သိပ်သလို တမ်းတကြသည်။ အောင်မြင်မှုမှ မရရှိခဲ့လျှင် မိမိတို့၏ ဘ၀ပျက်လုမတတ်သဘောထားကြသည်။ ထို့ကြောင့်လည်း အောင်မြင်မှုပန်းတိုင်ကို မရောက်ရောက်အောင် ထက်သန်သော စိတ်ဓာတ်၊ ပြင်းပြသော သန္တိဌာန်နှင့် မဆုတ်မနစ်သော ဇွဲလုံ့လတို့ဖြင့် ရေကုန်ရေခန်း ကြိုးစားကြသည်။ အောင်မြင်မှုလမ်းမထက် မရောက်ရောက်အောင် လမ်းရှာကြသည်။  လမ်းဟောင်းလိုက်၍ အဆင်မပြေ ဖြစ်နေလျှင်လည်း လမ်းဟောင်း၊ နည်းလမ်းဟောင်းကို ရဲရဲ စွန့်ပယ်နိုင်ကြသည်။ လမ်းသစ်ကို မိမိ၏ စိတ်ကူးစိတ်သန်းဖြင့် ဖောက်ကြသည်။ စိတ်ကဆောင်နေသဖြင့် အလုပ်ကလည်း ထက်မြက်လာသည်။ နဂိုရှိရင်းစွဲ မိမိ၏ ဥာဏ်ရည်ကလေးဖြင့် မဆောင်ရွက်နိုင်သော ကိစ္စရပ်ကလေးများကိုပင် ဆောင်ရွက်နိုင်လာသည်။ နောက်ဆုံးတွင် မိမိတို့အတွက် မျှော်မှန်းခြင်းငှာ မတတ်နိုင်ဝံ့ခဲ့သော အောင်မြင်မှုများကို လက်ဝယ်ပိုင်ပိုင် ရရှိခံစားသွားကြရတော့သည်။ ထို့ကြောင့် အောင်မြင်မှုတစ်ခုရရှိခံစားနိုင်ရန် မိမိတို့၏ ရင်တွင်းဝယ် ထက်သန်သော၊ မွတ်သိပ်သော၊ ပြင်းပြသော စိတ်ဆန္ဒများ နှလုံးသွင်းထားရမည့်အကြောင်းကို စာသင်သားတို့ သတိမူကြရန် လိုသည်။



နောက်တစ်ချက်အနေဖြင့် ဆွေးနွေးပေးလိုသည်က ပတ်ဝန်းကျင်။ ကလေး၏ အောင်မြင်မှုသည် ကလေး၏ ပင်ကိုယ်ဥာဏ်ရည်ဥာဏ်သွေးနှင့် ပတ်ဝန်းကျင်၏ မြှောက်လဒ်အပေါ်တည်မှီလျက်ရှိလေသည်။ ပတ်ဝန်းကျင်အနေအထားအရ မည်မျှပင် အားပေးကူညီနိုင်သော်လည်း ဥာဏ်ရည်ဥာဏ်သွေး မရှိသော ကလေးများအဖို့ အောင်မြင်မှုကား ဝေးလှသည်။ ဥာဏ်ရည်ဥာဏ်သွေးကောင်းပါသော်လည်း ပတ်ဝန်းကျင် အနေအထားက ဆိုးရွားလွန်းနေသော အနေအထားတွင်လည်း ကလေး၏ အောင်မြင်မှုလမ်းကြောင်းမှာ လွန်စွာ ခက်ခဲကြမ်းတမ်းနေတတ်သည်။ သို့ဆိုလျှင် မည်သို့သော ပတ်ဝန်းကျင်ကို ရွေးချယ်ကြမည်နည်း။ မိမိဆွေးနွေးလိုသော ပတ်ဝန်းကျင်သည် ဆင်းရဲ ၊ ချမ်းသာ ပတ်ဝန်းကျင်မဟုတ်ပေ။ စိတ်ပိုင်းဆိုင်ရာအရ အထောက်အပံ့ဖြစ်စေတတ်သော၊ စိတ်ကို ထိခိုက်ပျက်စီးစေတတ်သော ပတ်ဝန်းကျင်သာ ဖြစ်ပါသည်။ မိမိ၏ အမြင်အရ ကလေးတစ်ယောက်သည် မိမိတို့ကို အားပေးသော်လည်း မမြှောက်ပေးတတ်သော၊ မခံချင်စိတ် မွေးမြူပေးသော်လည်း စိတ်ကို နာကျင်အောင် မနှိမ့်ချတတ်သော ပတ်ဝန်းကျင်တွင် အောင်မြင်မှုရရှိရန် အဖြစ်နိုင်ဆုံးဖြစ်သည် ဟု တွေးမိပါသည်။

အချို့မိဘ၊ဆရာများက ကလေးအချို့၏ ဥာဏ်ရည်ဥာဏ်သွေးနှင့် ပတ်သက်ပြီး သူ့ရှေ့တွင် ပေါ်ပေါ်ထင်ထင် ချီးကျူးပြောဆိုကြသည်။ မြှောက်ပေးကြသည်။ ငါ့သားကလေး၊ ငါ့တပည့်ကလေးဟူသော စကားများကို ရေလဲသုံးစွဲကြသည်။ ထိုကဲ့သို့ စကားများသည် မိမိတို့၏ သားသမီးများ၊ တပည့်များကို အဆိပ်အတောက် ဖြစ်စေလိမ့်မည်ဟု စိုးစင်းမျှပင် တွေးတောမိခြင်း မရှိတတ်ကြပေ။ ထိုသို့ဆို၍ မချီးကျူးရဟု ပြောလိုခြင်းမဟုတ်ပါ။ ချီးကျူးခြင်း တစ်စုံတစ်ရာ မရှိပါဘဲနှင့်လည်း ကလေးတစ်ယောက် စိတ်ဓာတ်ခွန်အားမရနိုင်၊ အောင်မြင်မှုမရနိုင်သည်ကို ကောင်းစွာ သိနားလည်ထားပါသည်။ မိမိပြောလိုသည်မှာ လွန်ကြူးစွာ မြှောက်ပင့်ပြောဆိုနေကြခြင်းကို ဖြစ်ပါသည်။ ကလေးတစ်ယောက်ကို အားပေးခြင်းမှာ ကလေးအတွက် အားဖြစ်သည်။ သို့သော် အားပေးခြင်းထက် လွန်ကဲသွားသော မြှောက်ပေးခြင်းများကို ခုံမင်စွာ ပြုလုပ်နေသည့် ပတ်ဝန်းကျင်သည် ကလေးအတွက် ဆက်လက်ကြိုးစားဖို့ထက် မိမိကိုယ်ကိုယ် အထင်ကြီးစိတ်ဝင်ပြီး အားထုတ်မှု လျော့ပါးသွားနိုင်ပါကြောင်း သတိချပ်ကြရန် လိုပါသည်။

ဆရာအချို့နှင့် မိဘအချို့၏ ရေလိုက်လွဲသော အတွေးအခေါ်တစ်ရပ် ရှိပါသေးသည်။ မိမိတို့၏ သားသမီးများ၊ တပည့်များကို ကြိုးစားစေလိုလျှင် လွန်ကဲစွာ ဖိနှိပ်ထားရမည်ဟူသော အတွေးပင်။ မိမိတို့အနေဖြင့် သူတို့ကို ဖိနှိပ်ထားကာမှ သူတို့တွင် ဖြစ်ပေါ်လာသော မခံချင်စိတ်များက ကြိုးစားမှုများအသွင်ဆောင်သွားမည်။ ထိုမှတဆင့် မိမိတို့၏ ဖိနှိပ်ထားသော စကားရပ်များအပေါ် မကျေနပ်ချက်များက ပြင်းပြင်းထန်ထန် အားထုတ်မှုများအဖြစ်သို့ အသွင်ပြောင်းသွားမည်။ အကျိုးဆက်အားဖြင့် အောင်မြင်မှုကြီးကြီးမားမားတစ်ခု မိမိတို့၏ တပည့်သားများထံသို့ ကိန်းအောင်းလာကြမည်ဟူသတည်း။ ကလေးတစ်ယောက်ကို တော်သင့်ရုံ မခံချင်စိတ်ဖြစ်စေခြင်းသည် ကောင်းမွန်သော လုပ်ရပ်ဖြစ်ပါသည် ။ ကလေးအတွက်လည်း အောင်မြင်မှုရရန် အရေးပါသော လုပ်ဆောင်ချက်ဖြစ်သည်ကို မိမိမငြင်းလိုပေ။ သို့သော် ကလေးတစ်ယောက်ကို လွန်ကဲစွာ ဖိနှိပ်ခြင်းသည် ကလေးအတွက် မခံချင်စိတ်ဖြစ်ပေါ်ခြင်းထက် အငုံ့စိတ်ဝင်သွားခြင်း ဖြစ်သွားရန်သာ ရာနှုန်းပိုများလေသည်။ မိမိကိုယ်ကို ဘာမှ မဖြစ်နိုင်ပါဟူသော အတွေးကို တွေးမိသွားသည့် ကျောင်းသားသည် အဘယ်မှာ အောင်မြင်နိုင်ပါတော့မည်နည်း။ မိဘဆရာများ သတိချပ်ကြဖို့ တင်ပြခြင်းဖြစ်ပါသည်။

ထို့ကြောင့် ကလေးတစ်ယောက်ကို အောင်မြင်စေလိုကြလျှင် မိဘဆရာများအနေဖြင့် အဓိက နှလုံးသွင်းထားရမည့် အရာနှစ်ခုရှိပါသည်။ ကလေးကို အောင်မြင်မှုအား ဆာလောင်မွတ်သိပ်တတ်လာအောင် ပျိုးထောင်ပေးရန်နှင့် မြှောက်ပေးခြင်းမဟုတ်ဘဲ ကလေး၏ စိတ်ဓာတ်ခွန်အားအတွက် အားပေးကူညီသော ပတ်ဝန်းကျင်ကောင်းနှင့် ကလေးကို အငုံ့စိတ်ဝင်သွားစေရန် နှိမ့်ချဆက်ဆံခြင်းမဟုတ်ဘဲ မခံချင်စိတ်မှတဆင့် အားထုတ်မှုဆီသို့ တွန်းပို့ပေးနိုင်မည့် ပတ်ဝန်းကျင်ကောင်းတို့ကို ဖန်တီးပေးရန် တို့ဖြစ်ပါသည်။ အောင်မြင်မှုကိုလည်း ဆာလောင်မွတ်သိပ်နေ၊ ပတ်ဝန်းကျင်ကောင်းများကိုလည်း ရရှိနေသည့် ကလေးတစ်ဦးကား ဖြေဆိုပြီးသည့် စာမေးပွဲအတွက် အောင်စာရင်းပင် ကြည့်စရာလိုတော့မည်မဟုတ်ပါချေ။
-       ဒေါက်တာရူပ

0 comments:

Post a Comment