Friday, June 19, 2015

တည်ငြိမ်မှုဖြင့် အကြပ်အတည်းများကို ကျော်လွှားခြင်း



တည်ငြိမ်မှုဖြင့် အကြပ်အတည်းများကို ကျော်လွှားခြင်း

လူရယ်လို့ ဖြစ်လာပြီဆိုမှဖြင့် ဘ၀တစ်လျှောက်လုံး သာယာဖြောင့်ဖြူးသော ပန်းခင်းလမ်း အတိပြီးနေလိမ့်မည် ဟု မျှော်လင့်နေ၍မရပေ။ မည်မျှပင် အဆင်ပြေချောမွေ့နေသော ဘ၀ကို ပိုင်ဆိုင်ထားလင့်ကစား ဘ၀တစ် ကွေ့တွင် အကြပ်အတည်းများကို ရင်ဆိုင်ကြရမည်သာ။ စီးပွားရေး အဆင်ပြေနေသူတို့က လူမှုရေး အကြပ် အတည်း၊ လူမှုရေး အဆင်ပြေနေသူတို့က စီးပွားရေး အကြပ်အတည်း၊ စီးပွားရေးနှင့် လူမှုရေး နယ်ပယ်နှစ်ခု စလုံးတွင် အဆင်ပြေနေသူတို့က ပညာရေး အကြပ်အတည်း အစရှိသည့် အကြပ်အတည်းပေါင်းစုံသည် လူ တစ်ယောက်၏ ဘ၀အတွင်းသို့ ပုံစံမျိုးစုံဖြင့် ချဉ်းနင်းဝင်ရောက်လာကြပါသည်။ အကြပ်အတည်းချင်း တူညီ သော်လည်း ထိုအကြပ်အတည်းကို လူတို့၏ တုံ့ပြန်ပုံ၊ ချဉ်းကပ်ပုံများက အတော်ကွဲပြားခြားနားကြသည်။ လူ အားလုံးနီးပါးတွင် တူညီသော အချက်တစ်ခုတော့ ရှိသည်။ ယင်းကား အကြပ်အတည်းများဖြစ်တည်လာလျှင် စိတ်လှုပ်ရှားလွယ်လွန်းကြပြီး ထိုအကြပ်အတည်းအပေါ် စိတ်မတည်မငြိမ် တုံ့ပြန်ကြခြင်းပင် ဖြစ်သည်။



သင်္ချာဖြေဆိုရမည့် စာမေးပွဲခန်းတစ်ခုတွင် ဖြစ်သည်။ စာတော်သည်ဟု နာမည်ကြီးသော ကျောင်းသားက လေးတစ်ဦးသည် သင်္ချာပုစ္ဆာတစ်ပုဒ်ကို တွက်ချက်ရာတွင် ထွက်သင့်သည့်အဖြေ မထွက်သောကြောင့် ဇော ချွေးများ ပျံနေသည်။ ထိုပုစ္ဆာကို ရှေးမဆွကပင် သူ ကြိမ်ဖန်များစွာ တွက်ချက်ခဲ့ဖူးသည်။ အဖြေကို ပင် အလွတ်ရနေသည့် ထိုပုစ္ဆာကို စာမေးပွဲခန်းရောက်မှ အဖြေမထွက်သည့်အတွက် သူ့ကိုယ်သူလည်း ဒေါသ ထွက်သည်။ အမှတ်လျော့တော့မည့်အရေးအတွက်လည်း လွန်မင်းစွာ စိတ်လှုပ်ရှားလွန်းနေသည်။ နောက်ထပ် မေးခွန်းများကိုပင် ဆက်ဖတ်ဖို့ မေ့လျော့နေလောက်အောင် ထိုပုစ္ဆာအပေါ်သာ အာရုံစူးစိုက်နေခြင်း၏ အကျိုး ဆက်ကား စာမေးပွဲပြီးဆုံးချိန်တွင် အောင်မှတ်ပင် ရအောင် မယူနိုင်တော့ခြင်းပင် ဖြစ်တော့သည်။ အကယ်၍ သာ ထိုကလေးသည် စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပြီး အလုပ်သင့်ဆုံး အလုပ်ကို ဆုံးဖြတ်ခဲ့မည်ဆိုလျှင် လက်ကျန်ပုစ္ဆာများကို ဆက်လက်တွက်ချက်ပေလိမ့်မည်။ အားလုံးပြီးစီးမှ ခေါင်းအေးအေးထားပြီး မရခဲ့သည့် ပုစ္ဆာကို ပြန်လည်စဉ်းစားမည်ဆိုလျှင် အနည်းဆုံးတော့ ရသင့်သည့် အမှတ်များရမည်။ ယခုမူ စိတ်တည်ငြိမ်မှု ကင်းမဲ့သည့် အကျိုးဆက်အဖြစ် စာမေးပွဲကျရှုံးခြင်းကို ခံစားလိုက်ရတော့သည်။ ကျောင်းသား ကျောင်းသူများ အတွင်းတွင် ထိုကဲ့သို့ ဖြစ်ရပ်များ အတော်အဖြစ်များလေသည်။

ရပ်ကွက်အတွင်းတွင် မီးလန့်သည်။ မီးဟူသည့်အသံကိုကြားကတည်းက မိမိတို့၏ လိပ်ပြာများလွင့်စင်သွားသ ကဲ့သို့ ဖြစ်ကုန်ကြသည်။ အိမ်ရှိ မိမိတို့ပိုင် ပစ္စည်းများကို တစ်နိုင်တစ်ပိုင် သယ်ဆောင်၍ မီးလွတ်ရာသို့ ပြေး လွှားကြရသည်။ ကယောင်ချောက်ချားဖြင့် ဆွဲမိဆွဲရာများကို ဆွဲယူပြေးကြရာ မီးလွတ်ရာနေရာသို့ရောက်ရှိ သည့်အချိန်မှ ပါသည့်ပစ္စည်းကို ပြန်စစ်ကြည့်လိုက်ရာ အဖိုးထိုက်တန်သည့် ပစ္စည်းများမဟုတ်ဘဲ တန်ဖိုးအ နည်းငယ်သာ ထိုက်တန်သည့် အကျီဟောင်း၊ လုံချည်ဟောင်းများသာ ဖြစ်နေသည်ကို ၀မ်းနည်းစွာ တွေ့လိုက် ရတော့သည်။ အစောင့်တစ်ယောက်ထားခဲ့၍ မိမိအိမ်ရှိရာသို့ အပြေးနှင်ခဲ့ပါသော်လည်း အခါနှောင်းသွားလေပြီ။ မိမိ၏ အိမ်နေရာတွင် ပြာပုံနှင့် မီးခိုးငွေ့ငွေ့သာ ကျန်ရစ်ခဲ့ပေတော့သည်။ ဖြစ်သင့်သည်မှာ လူတစ်ယောက် သည် မိမိတို့အိမ်ပတ်ဝန်းကျင်တွင် မီးလောင်နေသည်ဆိုသည်နှင့် စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ဦး စွာ မွေးမြူသင့်သည်။ ပြီးမှ မိမိအိမ်ရှိ တန်ဖိုးရှိသည့် ပစ္စည်းများကို စနစ်တကျ ယူထုတ်ရမည်။ ထိုသို့ ပြုလုပ်ဖြစ် ခဲ့လျှင် အိမ်မီးလောင်သွားသော်လည်း မိမိတို့ တစ်နိုင်တစ်ပိုင် သယ်နိုင်သော တန်ဖိုးရှိသည့် ပစ္စည်းအချို့ရရှိ မည် ဖြစ်သည်။ အကြပ်အတည်းတို့ကို တည်ငြိမ်မှုကင်းမဲ့စွာ တုံ့ပြန်ခြင်းသည် ဆုံးရှုံးမှုကိုသာ ဖြစ်စေနိုင်လေ သည်။
မိမိကုသခဲ့ဖူးသော အသည်းကင်ဆာရောဂါသည် လူနာတစ်ယောက်အကြောင်း ပြောပြချင်သည်။ ထိုသူသည် အသည်းကင်ဆာရောဂါသူ့ကိုယ်တွင်း ရှိနေသည်ဟု သိရှိသွားချိန်မှစ၍ စိတ်ဓာတ်အတော်ပျက်ပြားသွားခဲ့ သည်။ ကင်ဆာဆဲလ်များက အသည်းတစ်ခုလုံးမပျံ့နှံ့သေးလျှင် ရှင်သန်နိုင်ချေ မျှော်လင့်ချက် အနည်းငယ် ရှိပါသေးသည်ဟု မိမိက အတတ်နိုင်ဆုံးအားပေးစကား ပြောကြားသော်လည်း သူကတော့ စိတ်တည်ငြိမ်မလာ ခဲ့ပေ။ ရန်ကုန်အထိ တက်ခိုင်း၍ ကွန်ပြူတာ ဓာတ်မှန်ရိုက်ခိုင်းသောအခါ သူ့အသည်း၏ တစ်ဝက်ခန့်မှာ ကင် ဆာဆဲလ်များ၏ ၀ါးမြိုမှုမှ လွတ်ကင်းနေပုံရသည်ဟု မိမိ ယူဆမိသည်။ ထို့ကြောင့် ရန်ကုန်ရှိ အသည်းအထူးကု တစ်ဦးဆီ လမ်းညွှန်ပေးလိုက်သည်။ ခွဲစိတ်၍ ရနိုင်ဖွယ်ရာရှိသည်ဟူသော ရလဒ်ထွက်လာသည်။ မိမိမှာ အလွန် ၀မ်းသာသွားသည်။ သို့သော် ကိုယ်တော်ချောက ဖောက်လာသည်။ သူ့ပတ်ဝန်းကျင်မှ ပြောစကားများအရ ခွဲစိတ်ခြင်းသည် အသေမြန်စေမည်၊ မခွဲပါက နောက်ထပ်ခြောက်လလောက်တော့ နေရဦးမည်ဆိုသောကြောင့် အသေသာခံတော့မည်ဟု ဆုံးဖြတ်လိုက်ပါသည်ဟု သူ့မိခင်မှ တစ်ဆင့်စကားပါးလာသည်။ မိမိလည်း အတတ် နိုင်ဆုံး ဖြောင်းဖြရန် ဖုန်းဆက်သေးသည်။ ထိုသူသည် ဖုန်းကိုပါ ပိတ်ပြီး သူ့မိခင်နှင့်ပါ အဆက်အသွယ် ဖြတ် သွားသည်ဟု သိလိုက်ရသည်။ ဖြစ်စဉ်တစ်ခုကို တည်ငြိမ်မှုကင်းမဲ့စွာ သွေးရူးသွေးတန်း တုံ့ပြန်မှုကြောင့် လူ့ အသက်တစ်ချောင်းသည် မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရတော့မည်ဟု ၀မ်းနည်းစွာ တွေးလိုက်မိသည်။
မိမိကိုယ်တိုင် နောက်ဆုံးနှစ်အပိုင်း(က) လပတ်စာမေးပွဲတစ်ခု ဖြေဆိုခဲ့စဉ်က ဖြစ်သည်။ မေးခွန်းဝေလိုက်က တည်းက မိမိ သွေးပျက်ချင်သွားသည်။ မိမိအပိုင်ရထားသည့် မေးခွန်းဟူ၍ မေးခွန်းလွှာတွင် တစ်ပုဒ်တစ်လေမျှ ပင် ပါမလာ။ မိမိတော့ ကျပြီဟု တွေးပြီး စိတ်ဓာတ်ကျသွားကာ နှလုံးခုန်နှုန်းပင် အတော်မြန်လာသည်။ ချက် ချင်းပင် စိတ်ကို တည်ငြိမ်အောင် စုစည်းလိုက်သည်။ မိမိသည် ထိုစာမေးပွဲကို ကျရှုံးပြီဟုပင် ထားလိုက်တော့ မည်။ သို့သော် ရမှတ်တစ်မှတ်မှမရဘဲတော့ ကျရှုံးမခံနိုင်။ မေးခွန်းလွှာမှ မေးခွန်းများသည်လည်း မိမိ အပိုင် မကျက်မှတ်ခဲ့သည်သာ ရှိသည်။ သင်တော့သင်ခဲ့ဖူးသည်ချည်းသာဖြစ်သည်။ ထို့ကြောင့် ရသလောက်တော့ ကြိုးစားဖြေဆိုမည်ဟု တွေးကာ စိတ်ကို အတည်ငြိမ်ဆုံးထား၍ ဖြေဆိုနေမိလေသည်။ စာမေးပွဲပြီးဆုံးကြောင်း အခန်းစောင့်ဆရာမက လာပြောမှပင် ဖြေဆို၍ ပြီးတော့သည်။ စာရွက်မထပ်ခင် ရေးထားသည့်စာများကို ပြန် စစ်လိုက်ရာ မိမိဖြေဆိုထားသည်တို့မှာ အတော်များသည်ကို ကိုယ့်ကိုယ်ကိုယ်ပင် မယုံနိုင်အောင် ဖြစ်မိသည်။ အောင်စာရင်းထုတ်ပြန်တော့ ရှုံးမည်ဆိုသည်ကို သိနှင့်ပြီးသားမို့ သွားကြည့်ရသည်မှာ စိတ်မပါလက်မပါ ရှိလှသည်။ အောင်စာရင်း ထုတ်ပြန်ရာ Notice board ရှေ့အရောက် မိမိ ခုံနံပါတ်ဘေးမှ ရမှတ်ကို ကြည့်လိုက်သောအခါ မှေးစင်းနေသော မျက်ဝန်းတို့ ပြူးကျယ်သွားခဲ့သည်။ ရမှတ်က အောင်မှတ်ပင်ကျော်ကာ ၆၅ မှတ်အထိ ရနေသည်လေ။ အကြပ်အတည်းတစ်ခုကို တည်ငြိမ်စွာ ဖြေရှင်းခဲ့မိသော အကျိုးကျေးဇူးကို မိမိကိုယ်တိုင် ကျောင်းသားဘ၀တွင် ခံစားခဲ့ရဖူးလေသည်။
ဥရောပ၏ သမိုင်းဝင်သွားခဲ့သော ချန်ပီယံလိဂ် ဗိုလ်လုပွဲတစ်ခုတွင် အီတလီကလပ် အေစီမီလန်နှင့် အင်္ဂလန်က လပ် လီဗာပူးတို့ ထိပ်တိုက်တွေ့ဆုံခဲ့ကြသည်။ ပွဲအစကတည်းက ခြေစွမ်းအသာနှင့် တရစပ် တိုက်စစ်ဆင်နိုင် ခဲ့သော အေစီမီလန်အသင်းသည် ပထမပိုင်းပြီးဆုံးချိန်တွင် သုံးဂိုး ဂိုးမရှိတည်းဟူသော ပြတ်သားသည့်ရလဒ် ဖြင့် ဦးဆောင်ထားနိုင်ခဲ့လေသည်။ ခြေစွမ်းကလည်းသာ ဂိုးကလည်း ပြတ်ထားတော့ ဒုတိယပိုင်းတွင် ထို့ထက် ပိုများသည့် ဂိုးများပင် ဖြစ်လေမလားဟု ပရိသတ်များက မှန်းဆလိုက်ကြသည်။ သို့သော် ဒုတိယပိုင်းတွင်တော့ အခြေအနေက တစ်မျိုးပြောင်းလဲသွားသည်။ သုံးဂိုးပြတ်ရှုံးထားသည်ဟုပင် လီဗာပူးအသင်းသားများက မေ့ လျော့နေကြရော့ထင့်။ ပွဲကို တည်ငြိမ်စွာဖြင့် တုံ့ပြန်ကစားနေပုံက သူတို့တစ်စုံတစ်ခုတော့ ပြန်ရတော့မည်ဟု မိမိပင် ကြည့်နေရင်း စိတ်က အလိုလို တွေးနေမိသည်။ တွေးမိသည့်အတိုင်းပင် ချေပဂိုးများ တစ်ဂိုးပြီးတစ်ဂိုး ရ ရှိသွားပြီး သုံးဂိုးစီ သရေရလဒ်အထိ ထွက်ပေါ်သွားသည်။ ထိုအချိန်တွင် သွေးပျက်သွားသည့်အသင်းက အေစီမီလန်။ နောက်ဆုံး ပယ်နယ်တီအဆုံးအဖြတ်ခံယူပြန်တော့ လီဗာပူးအသင်း၏ ဂိုးသမားသည် အေစီမီလန်အသင်း၏ ဂိုးသမားလောက် အဆင့်မမီ။ ထို့ကြောင့် ပယ်နယ်တီတွင်လည်း အေစီမီလန်အသင်းက အသာရနေပြန်သည်။ သို့သော် စိတ်တည်ငြိမ်သွားခဲ့ပြီဖြစ်သော လီဗာပူးအသင်း၏ တန်ပြန်တုံ့ပြန်မှုတို့ကို အေ စီမီလန်အသင်း လုံးဝ မတွန်းလှန်နိုင်တော့ဘဲ ဖလားပါ လွှဲအပ်ပေးလိုက်ရကာ သမိုင်းတွင်သည့် ဗိုလ်လုပွဲပင် ဖြစ်သွား တော့သည်။
လူတိုင်း လူတိုင်းသည် အကြပ်အတည်းများစွာနှင့် တစ်နည်းမဟုတ်တစ်နည်း ရင်ဆိုင်တွေ့ကြုံမိကြမည်သာ။ သို့သော် မည်သို့သောသူမျိုးတို့ သည် အကြပ်အတည်းများကို ကျော်လွှားနိုင်သွားသနည်း။ မည်သို့သောသူမျိုး တို့သည် အကြပ်အတည်းမျှပင် မဖြစ်ထိုက်သည့် အခြေအနေကို အကြပ်အတည်းဖြစ်အောင် ဖန်တီးမိကာ ဆုံးရှုံးခြင်းတို့ကို ရင်ဝယ်ပိုက်သွားရသနည်းဆိုသည်ကို ဖော်ပြခဲ့သော ဖြစ်ရပ်များကို အခြေပြု၍ စဉ်းစားမိပြီဟု ထင်မြင်ပါသည်။ လူအတော်များများ သည် အကြပ်အတည်းတစ်ခု  ကြုံတွေ့လာသည်နှင့် သွေးပျက်သွား ကြသည်။ တည်ငြိမ်မှုကင်းမဲ့သွားကြသည်။ ထို့ကြောင့် လုပ်သင့်သည့်ကိစ္စရပ်များအစား မလုပ်သင့်မလုပ်ထိုက် သည်တို့ကို အသိဥာဏ်ကင်းမဲ့သူတို့အလား သွေးရူးသွေးတန်း လုပ်ဆောင်မိကြတော့သည်။ အကြပ်အတည်း များကို ကျော်လွှားလိုသူတို့သည် တည်ငြိမ်မှု ဟူသည့်အရာကို ကိုယ်လိုသည့်အချိန် သုံးစွဲနိုင်အောင် မိမိ၏ စိတ်သန္တန်အတွင်း ကြိုတင်တည် ဆောက်ထားရန်လိုသည်။
ပွဲမ၀င်ခင် ပြင်ပကျင်းပဆိုသလို အကြပ်အတည်းကြီးကြီးမားမား မကြုံတွေ့ခင်ကတည်းကပင်  အကြပ်အတည်း ကြုံတွေ့လျှင် တည်ငြိမ်စွာ တုံ့ပြန်နိုင်စေရန် မိမိကိုယ်ကို ပြင်ဆင်ထားသင့်သည်။ အရေးကြုံမှ စိတ်တည်ငြိမ်မှု ကို တည်ဆောက်မည်ဆိုလျှင် မည်သို့မှ ဖြစ်နိုင်မည် မဟုတ်ကြောင်း သိစေလိုပါသည်။ မိမိတို့သည် အကြပ် အတည်းတစ်ခုတွင် အဘယ်ကြောင့် စိတ်တည်ငြိမ်မှု မရနိုင်ကြသနည်း။ ရှုံးနိမ့်သွားမှာ ဆုံးရှုံးသွားမှာ လွန်ကဲစွာ ကြောက်ရွံ့မိသွားသောကြောင့်ပင် ဖြစ်သည်။ ရှုံးနိမ့်တော့မှာ ဆုံးရှုံးတော့မှာ သေချာသွားသော အခြေအနေတွင် မူ လူတို့၏ စိတ်သည် တည်ငြိမ်သွားကြပြန်လေသည်။ ဂိုးတစ်ဂိုးအကွာဖြင့် ရှုံးနေသော အသင်းတစ်သင်းသည် မတည်မငြိမ် ကစားနေသော်လည်း ဂိုးပြတ်ရှုံးနေပြီး ပြန်မလာနိုင်တော့မှာ သေချာနေသော အသင်းတစ်သင်း သည် ရသလောက်သာ ဂိုးပြန်ယူတော့မည်ဟု စိတ်ပိုင်းဖြတ်သွားနိုင်သောကြောင့် တည်ငြိမ်စွာ ကစားသွားနိုင် သည်ကို နမူနာထား လေ့လာကြည့်နိုင်သည်။ ထိုဖြစ်ရပ်များမှ သင်ခန်းစာတစ်ခု တွေ့လိုက်ရသည်။ ဆုံးရှုံးမှု ကျိန်းသေဖြစ်တော့မည်ဟု နှလုံးသွင်းလိုက်နိုင်လျှင် တည်ငြိမ်မှုရသွားနိုင်သည်ဟူ၍ပင်။
ထို့ကြောင့် အကြပ်အတည်းတစ်ခုကြုံတွေ့ပြီဆိုလျှင် ကနဦး နှလုံးသွင်းထားရမည်မှာ ထိုအကြပ်အတည်း၏ အဆိုးဆုံးအနေအထားကို ဖြစ်သည်။ ထို့ထက်ပို၍ ဆိုးစရာ မရှိတော့သော အနေအထားအထိ တွေးထား နိုင်လျှင် ပိုကောင်းသည်။ ထိုသို့ တွေးမိလျှင် အတော်များများက တည်ငြိမ်မှုမရလာဘဲ သွေးပျက်ကာ အခြေအနေပိုဆိုးသွားလေ့ရှိကြသည်။ ထို့ကြောင့် ပွဲမ၀င်ခင် ပြင်ပကျင်းပဆိုသလို အကြပ်အတည်းများ အမှန် တကယ် ကြုံတွေ့မလာခင်ကတည်းက မိမိ၏ စိတ်အတွင်းတွင် အကြပ်အတည်းများကို ဖန်တီးကာ ဖြေရှင်း ကြည့်နေသည့် အလေ့အထကို မွေးမြူထားကြဖို့လိုသည်။ မိမိ၏ ပတ်ဝန်းကျင်ရှိ လူတို့၏ အကြပ်အတည်းများ ကို လေ့လာ၍ မိမိသာဆိုလျှင် မည်သို့ အကောင်းဆုံးလုပ်ဆောင်လိုက်မည်ကိုလည်း တွေးတောကြည့်နေဖို့ လို သည်။ မည်သည့်ကိစ္စမဆို လုပ်ပါများလျှင် အထုံတစ်ခု ဖြစ်လာသည်။ တွေးပါများလျှင် လက်တွေ့ကြုံလာသည့် အခါ ထိုအတိုင်းပင် ပြုမူတတ်လာသည်။ တည်ငြိမ်မှုကို ရရှိလာနိုင်လေသည်။
အကြပ်အတည်းများတွင် တည်ငြိမ်မှုကို ရအောင် မွေးမြူနိုင်ရုံနှင့် အကြပ်အတည်းများကို ကျော်လွှားခြင်း မပြု နိုင်သေးပေ။ အကြပ်အတည်းကပေးသည့် ဖိအားဒဏ်ကို ခံနိုင်ရုံမျှသာ ရှိသေးသည်။ အကြပ်အတည်းကို အမှန် တကယ် ကျော်လွှားလိုပါလျှင် မိမိ အဆိုးဆုံးတွေးထားသည့် အနေအထားမှ အကောင်းဆုံးအနေအထားထိ မည်သို့ ပြန်လည် လှမ်းတက်နိုင်မည်နည်းဟု တွေးတောပေးရမည် ဖြစ်သည်။ မည်မျှအထိ အကောင်းဆုံးဖြစ်နိုင် မည်နည်းဆိုသည်ကတော့ လူတစ်ဦးချင်းစီ၏ အတွေးအခေါ်၊ ဥာဏ်ရည်ဥာဏ်သွေးတို့အပေါ် မှီခိုနေပေသည်။ များသောအားဖြင့် စာဖတ်နာသူ၊ အတွေ့အကြုံ ဗဟုသုတ ကြွယ်ဝသူတို့သည် တည်ငြိမ်မှုနှင့် သူတို့၏ အတွေးအခေါ်တို့ ပေါင်းစပ်ပြီး အကြပ်အတည်းတစ်ခုကို အကောင်းဆုံးအနေအထားအထိ မြှင့်တင်ပေးနိုင်ကြ လေသည်။ ထို့ကြောင့် အကြပ်အတည်းများကို ကျော်လွှားလိုသူသည် တည်ငြိမ်မှုကို လေ့ကျင့်ရန်လိုအပ်သလို စာဖတ်နာအောင်၊ ပတ်ဝန်းကျင်ဗဟုသုတကြွယ်ဝအောင် အားထုတ်ဖို့လည်း လိုအပ်ပေသည်။
လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋေဆိုသည့် စကားပုံအတိုင်း လူတို့သည် နေ့စဉ်နေ့တိုင်း အကြပ်အတည်းများစွာ ကို ရင်ဆိုင် ကြုံတွေ့နေကြရလေသည်။ သို့သော် လူနည်းစုသာ ထိုအကြပ်အတည်းများကို ကျော်လွှားနိုင်ကြ ပြီး အများစုကမူ အကြပ်အတည်းတို့ကို ပရမ်းပတာနည်းလမ်းများဖြင့်သာ ဖြေရှင်းနေကြရသည်ကို လေ့လာ တွေ့ရှိရပါသည်။ အကြပ်အတည်းများကြုံတွေ့လာတိုင်း သွေးမပျက်သွားကြဘဲ တည်ငြိမ်မှုဖြင့် ရင်ဆိုင်ဖြေရှင်း နိုင်မည်ဆိုလျှင် အကြပ်အတည်းအတော်များများကို ရင်ဆိုင်ဖြေရှင်းနိုင်မည်ဟု ယူဆမိပါသည်။ စိတ်လှုပ် ရှားမှုဖြင့် ဖြေရှင်းသည်ထက် တည်ငြိမ်မှုဖြင့် ဖြေရှင်းသည်က ပို၍ ရလဒ်သာမည်မှာတော့ သေချာလွန်းလှ ပေသည်။
ဒေါက်တာရူပ


စာရေးသူကို ပဲခူးခရိုင် သနပ်ပင်မြို့နယ် မင်းရွာတွင် ၈.၈.၁၉၈၅ တွင်  မွေးဖွားခဲ့ပါသည်။ အမည်ရင်းမှာ ပြည့်ဖြိုးအောင်ဖြစ်ပါသည်။ ၂၀၀၀ - ၂၀၀၁ တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး ၂၀၀၁ မှ ၂၀၀၇ အထိ မကွေးဆေးတက္ကသိုလ်တွင် ပညာရင်နို့ဆက်လက်သောက်စို့ခဲ့သည်။ ၂၀၀၈ တွင် M.B, B.S ဘွဲ့ရရှိခဲ့သည်။ ဘွဲ့ရပြီးနောက်ပိုင်း ကိုယ်ပိုင်ဆေးခန်းဖွင့်ရင်း ဝါသနာအလျောက် ပညာသင်ကြားခြင်းလုပ်ငန်းကိုပါ တွဲဖက် လုပ်ဆောင် ခဲ့သည်။ ၂၀၁၃ နှစ်ကုန်ပိုင်းခန့်မှ စတင်၍ The Politics Journal, Academic Weekly Educational Journal , လူထုပုံရိပ်ဂျာနယ်၊ စံတော်ချိန်သတင်းစာ၊ ပဲခူးဒေသခံဂျာနယ်များဖြစ်ကြသော ဟံသာဝတီတိုင်းမ်ဂျာနယ်နှင့် ပဲခူးအသံဂျာနယ်တို့၌ အပတ်စဉ်နီးပါးလိုလို နိုင်ငံရေး၊ ပညာရေးနှင့် အတွေးအခေါ်ဆောင်းပါးများရေးသားခဲ့ပါသည်။                 -   ယခုအခါ ဆေးကုသခြင်းလုပ်ငန်းနှင့် ပညာသင်ကြားခြင်းလုပ်ငန်းများကို လုပ်ဆောင်ရင်း ဆောင်းပါးများ ဆက်လက်ရေးသားလျက်ရှိပါသည်။

0 comments:

Post a Comment