Friday, June 19, 2015

ဘာလုပ်ရမှန်း မသိဖြစ်နေတဲ့ လမ်းပျောက် လူငယ်များ အတွက်



ဘာလုပ်ရမှန်း မသိဖြစ်နေတဲ့ လမ်းပျောက် လူငယ်များ အတွက်
" အကို ရေ တကယ် ကို ဘာလုပ်ရမှန်းကို မသိတာ ပါ ။ အရင် အလုပ်တွေမှာလည်း ၂ နှစ် စီလောက် လုပ်ခဲ့ဖူးတယ် ။ ဒါပေမယ့် စိတ်မပါသလို ဖြစ်လာတော့ ထွက်ပြီး နောက်အလုပ်ပြောင်းတယ် ။ ခဏပဲ ခံတယ် ။ စိတ်ထဲမှာ ဒီ အလုပ်ကလည်း ကိုယ့် အတွက် မဟုတ်သလို ခံစားလာရပြန်ရော ။ အခု အကို့ စာတွေ ဖတ်မိတော့ ကိုယ် တကယ် စိတ်ပါ ဝင်စားတာကို လုပ်ဖို့တော့ စိတ်ကူးရတယ် ။
ဒါပေမယ့် အဓိက ပြသနာက ကိုယ် တကယ် စိတ်ပါ ဝင်စားတာက ဘာမှန်းကို မသိတော့တာပါ ။ ကိုယ့်ကိုယ်ကို ဘာလုပ်ချင်နေမှန်း / ဘာဖြစ်ချင်နေမှန်းကို မသိတော့တာပါ ။ ဘယ်လို လုပ်ရမလဲ အကြံပေးပါဦး အကို ။  "


ကျွန်တော့် ဆီ ဖုန်းဆက်လာတဲ့ လူငယ်တစ်ယောက်ရဲ့ စကားသံတွေပါ ။  ကျွန်တော် ကိုယ်တိုင်လည်း ရုတ်တရက် ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားတယ် ။ ဟုတ်တယ်လေ ။ ကျွန်တော်တို့က လူငယ်တွေကို "ကိုယ် တကယ် စိတ်ပါ ဝင်စားတာကို လုပ်ဖို့"  စာတွေ ရေးပြီး အကြံပေးကြတယ် ။ လူငယ် တစ်ချို့ ဖတ်မိပြီး အဲ့ဒီ အကြံကို လိုက်နာဖို့ ကြိုးစားတယ် ။ ဒါပေမယ့် တကယ်တမ်းကြတော့ လိုက်နာဖို့မှာ ကိုယ့်ကိုယ်ကို ဘာလုပ်ချင်နေမှန်း / ဘာဖြစ်ချင်နေမှန်းကို မသိတော့တာ နဲ့ တင် တစ်နေပြန်ရော ။ ဒါ တစ်ယောက် တည်း မဟုတ်ဘူးနော် ။ အတော် များများပဲ ။ ၃ ပုံ တစ်ပုံ မဟုတ်ရင် တစ်ဝက် လောက်တောင် ရှိမလားပဲ ။
သူတို့ အဲလို ကျွန်တော့်ကို မေးလာတော့ ကျွန်တော်တို့ကိုယ်တိုင် ငယ်ငယ်က တက်ကျမ်း တွေ စဖတ်တုန်းက အချိန်ကို ပြန်စဉ်းစားမိတယ် ။ဟုတ် ပ ။ ကျွန်တော်တို့လည်း အဲလိုတွေ ခံစားခဲ့ရတာပဲ ။ အခုမှသာ ကိုယ် လုပ်ချင်တာ ကိုယ် ဖြစ်ချင်တာတွေကို အတိုင်းအတာ တစ်ခုအထိ  တိတိကျကျ သိပြီး လုပ်နေ ...  အကောင်အထည်ဖော်နေရင်း လမ်းခုလတ်မှာ ပျော်နေတာ ။ အဲ့ဒီ အချိန်တုန်းက ဘာလုပ်ရမှန်း ကိုယ်လည်း ရုတ်တရက် မသိခဲ့တာပဲ ။
ဖုန်း ဆက်လာတဲ့ လူငယ်လေးကို မိနစ် ၂၀ လောက် သေချာ အမေးအဖြေလုပ်ပြီး စကားပြောပေးလိုက်မိတယ် ။ လုပ်လို့ ရနိုင်တာတွေ တစ်ခုပြီး တစ်ခု ပြောပြပေးတာပေါ့ ။ သူကလည်း ဒါတော့ လုပ်ဖူးတယ် ။ ဒါပေမယ့် အလုပ်မဖြစ်ဘူး ။ ဘာကြောင့် ? ဘယ်လို ? ဒါတော့ လုပ်မကြည့်ရသေးဘူး ။ လုပ်ကြည့်ပါမယ် စသဖြင့် ပြန်ဆွေးနွေးတာပေါ့ ။ နောက်တော့ သူ လိုချင်တာ အတိုင်းအတာ တစ်ခု ရသွားလို့လား ? ကျွန်တော့် ကိုပဲ အားနာလို့လားမသိ ကျွန်တော် အကြံပေးတာတွေ လိုက်လုပ်ကြည့်ပါ့မယ်လို့ ပြောပြီး ဖုန်းချသွားတယ် ။
သူကသာ ဖုန်းချသွားတာ ။ ကျွန်တော့် ရင်ထဲမှာ ဖုန်းက ကျ မသွားဘူး ။ သူ့ကို ပြောလိုက်တဲ့ ကျွန်တော့် ရဲ့ စကားတွေ / ကျွန်တော် ပေးလိုက်တဲ့ အကြံတွေကို ကျွန်တော် ကိုယ့် ဘာသာ ကိုယ် ပြန်သုံးသပ်နေမိတယ် ။ ကျွန်တော် ဖတ်ခဲ့ဖူးတဲ့ စာတွေထဲက ဟာတွေ / ကျွန်တော့် အတွေ့အကြုံတွေ ကို ပဲ သူ့ကို နိုင်သလောက် လက်ဆင့်ကမ်း လိုက်တာပါ ။ ကျွန်တော် နားလည်သလို လက်ခံထားသလို သူ့ကို ပြန်ပြောပြပေးရတာပေါ့ ။ သူ့ကို ကျွန်တော် ရှင်းပြ ပြောပြခဲ့တဲ့ အကြောင်း စဉ်းစားနေရင်းနဲ့မှတော်တော်လေး ထိရောက်နိုင်မယ်လို့ ကျွန်တော် ယုံကြည်မိတဲ့ နည်းလမ်း နဲ့ ရှင်းပြရမယ့် ပုံစံလေး တစ်ခု ကျွန်တော့် ခေါင်းထဲကို ရောက်လာတယ် ။
ထူးခြားတာက ဒီ အတွေးနဲ့ ချဉ်းကပ်ပုံလေးက ကျွန်တော် ဖတ်ခဲ့ဖူးတဲ့ စာတွေထဲက ပုံစံမျိုးလည်းမဟုတ်ဘူး ။ ကျွန်တော် ခေါင်းထဲ လင်းကနဲ ဖြစ်ပြီး အတော်လေး ပျော်သွားမိတယ် ။ 
 C , Am , F , G  ထဲက ပထမဆုံး ခွဲထွက်လိုက်နိုင်တဲ့ ဂီတသမားတစ်ယောက်ရဲ့ ပီတိမျိုး ပေါ့  ... :)
ကျွန်တော် ကိုယ်တိုင် ရှာတွေ့လိုက်တဲ့ နည်း စနစ်လေး တစ်ခု လူငယ်တွေ အတွက် ပေးလိုက်နိုင်တော့မှာပါလားလို့ တွေးမိရင်းပေါ့ ။ ဒီလို နဲ့ ပဲ ဒီ ဆောင်းပါးလေး ခင်ဗျားတို့ ရှေ့ ရောက်လာတော့ တာပါပဲဗျာ ။ :)
စကားအပြန်အလှန်ပြောဟန်လေးနဲ့ ပြန်ရေးပြရင် ပိုပြီး အဆင်ပြေမယ်ထင်လို့ ဒီ ဟန်ကိုပဲ သုံးလိုက်ပါတယ် ။




၁ ။ ဝါသနာ ကို ဘယ်လို ရှာ ရ မှာ

" ဒီလို စဉ်းစားကြည့်ကွာ ညီရာ … ညီ အခုလောလောဆယ် ကိုယ် တကယ် လုပ်ချင်တာ ဖြစ်ချင်တာ ဘာလဲဆိုတာ မသိရင် ညီ ဘာ ဝါသနာ ပါလဲ ? ဒါမှ မဟုတ် ကိုယ် ဘာကို စိတ်ဝင်စားသလဲ  ဆိုတာ ကိုယ့်ဘာသာ သေချာ ပြန်စဉ်းစားကြည့်ပါလား ? "
" အဲဒီ ဘာ ဝါသနာ ပါလဲ ဆိုတာကို ကို စဉ်းစားလို့ မရတာ အကို ။ ကျွန်တော် ထင်တာ ကျွန်တော်က ဘာမှ ဝါသနာ မပါသလိုပဲ ။ ဒီလို ပဲ သူများတွေ လုပ်တဲ့ ကောင်းမယ် ထင်တာလေးတွေ လိုက်လုပ်ကြည့်တယ် ။ ဒါပေမယ့် ကြာလာတော့ ပျင်းလာပြီး မလုပ်ချင်လို့ ရပ်ပစ်လိုက်မိတာပဲ ။ "

" အင် .. ဒါမှ ပြဿနာပဲ ။ အင်း လေ ဒါမျိုးဖြစ်နေတာ ညီ တစ်ယောက်တည်းတော့ မဟုတ်ပါဘူး ။ လူငယ်အတော်များများ အကို တွေ့ဖူးပါတယ် ။ အကို တို့ တုန်းကတော့ ကံကောင်းခဲ့တယ် ကွ ။            ကိုယ် လုပ်ချင်တာ ကိုယ် ဖြစ်ချင်တာ ဘာလဲ ဆိုတာကို ကိုယ် ကိုယ်တိုင် သိခဲ့တယ် ။ အခြေအနေ အကြောင်းကြောင်းကြောင့် အဲဒီ ဟာကို ချက်ချင်း ရွေးချယ်ပြီး မလုပ်နိုင်ခဲ့ဘဲ ပိုပြီး ဖြစ်သင့်မယ် ထင်တာ တစ်ခုကို ရွေးချယ် လုပ်ကိုင်ခဲ့ရတယ် ။ ဒါပေမယ့် တစ်ချိန်မှာ ကိုယ် လုပ်ချင်တာ ကိုယ် ဖြစ်ချင်တာတွေကို ဖြစ်ခွင့်ရတော့မယ်လို့ ယုံကြည်မှု ထားပြီးတော့ လေ့လာစရာရှိတာတော့ လေ့လာနေခဲ့မိတယ် ။
အရမ်း ပင်ပန်းလို့ ကိုယ်ဖြစ်ချင်တာကို တွဲပြီး တောင် မလေ့လာနိုင်တော့တဲ့ အခါမျိုးလည်း ရှိပါတယ် ။ ဒါပေမယ့် တတ်နိုင်သလောက် စိတ်က အဲဒီလုပ်ချင် ဖြစ်ချင်တာကို စိတ်ကူးညွတ်နေ မြင်နေခဲ့မိတယ် ။ ဒါကြောင့်ပဲ အချိန်တန်တော့ ကိုယ် လုပ်သင့်တယ်ထင်ပေမယ့် မလုပ်ချင်တဲ့အရာတွေကို လုပ်စရာမလိုတော့ဘဲ ကိုယ် လုပ်ချင်တာတွေကိုပဲ အဓိက လုပ်နိုင်တဲ့ နေရာ  ... ဒါမှ မဟုတ် ကိုယ် လုပ်ချင်တာတွေနဲ့ အနီးစပ်ဆုံးအရာတွေကို ရွေးလုပ်နိုင်တဲ့ နေရာကို ရောက်လာခဲ့တာပဲ ။

" အကို က တော့ ဟုတ်တာပေါ့ အကို ။ အကို လုပ်ချင်တာ ဖြစ်ချင်တာက အကို့ စိတ်ထဲမှာ ပြင်းပြင်းပြပြ ရှိနေတာကိုး ။ ကျွန်တော့် လို ဘာမှ စိတ်ထဲမှာ ရှိမနေဘဲ ယောင်လည်လည် ဖြစ်နေတာမျိုး ကျတော့ ဘယ်လို လုပ်မတုန်း "

" အဲဒီမှာ ညီ့ကို အကို တစ်ခု သတိပေးချင်တာ ရှိတယ် ။ ညီ့ စိတ်ကို ညီ သေချာ ပြန်ကြည့်ဖို့ပါ ။ ညီ လုပ်ချင် ဖြစ်ချင်နေတဲ့အရာကိုတကယ်ပဲ ရှာလို့ မတွေ့တာလား ? ဒါမှ မဟုတ် ညီ လုပ်ချင် ဖြစ်ချင်နေတဲ့အရာက လက်ရှိအခြေအနေမှာ ညီနဲ့ အလှမ်းဝေးလွန်းနေလို့ အဲဒါကို မလုပ်ချင်မဖြစ်ချင်တော့ဘူးလို့ ကိုယ့်စိတ်ကို ကိုယ် ထင်လာအောင် လှည့်စားလိုက်မိတာလား ဆိုတာပေါ့ ။ အကိုတို့ ကိုယ်တိုင် လည်း ဖြစ်ခဲ့ဖူးတာတွေ ရှိလို့  ပြောတာပါ ။
တစ်ခါတလေ မှာ ဖြစ်တတ်တာက ... အရာ တစ်ခုကို အကို တို့ လိုချင်တယ် ။  ဒါပေမယ့် မရနိုင်လောက်ဘူး လို့ထင်တယ်။ ဒါမှ မဟုတ် ရနိုင်အောင် လုပ်ရမယ့် ဟာတွေ / ပေးဆပ်ရမယ့် ဟာတွေကို ရှောင်ရှားချင်တယ် ။ ဒါနဲ့ ပဲ ဒီ အရာကို မလိုချင်ပါဘူး/ မလုပ်ချင်ပါဘူးလို့ ကိုယ့်ဘာသာကိုယ် ဖြေတွေး တွေးတတ်လာတယ် ။ ကြာတော့ အဲဒီ ဖြေတွေးတွေက ကိုယ့် စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲထင်သွားပြီး  တကယ်ပဲ အဲလို ယုံကြည်မိလာတယ် ။
အကို ပြောတာ ညီ သဘော ပေါက်ရဲ့လား မသိဘူး ။ အလွယ် ပြောရရင်တော့ မစားရတဲ့ စပျစ်သီးကို ချဉ်တယ်လို့ တွေးပါများရင်း စပျစ်သီးဟာ ချဉ်ပါတယ်ကွာလို့ တကယ်ပဲ စိတ်ထဲမှာ ယုံသွားတာ ။
ညီ့ စိတ်ထဲမှာ အဲလို ဖြစ်နေမှာ စိုးတယ် ။  ညီ ကိုယ့်ကိုကို သေချာ စဉ်းစား သုံးသပ်ကြည့်ပါဦး ။  မျက်စိမှိတ်လိုက် / အသက်ကို ဝအောင် ရှု / ပြီးရင် ဖြည်းဖြည်းချင်းစဉ်းစားကြည့် ။ ညီ့ရင်ထဲမှာ အဲလို အရာမျိုးတွေများ ရှိနေလား … ?
စိတ်ကို မြင်အောင်သေချာကြည့် ညီ ။ စိတ်ဟာ နဂိုက မူရင်း အချက်အလက်ထက် စာရင် စိတ်ထဲမှာ တွေးတာ ကြာတာကို ယုံသွားတတ်တဲ့သဘောရှိတယ် ။ကိုယ့် စိတ်ကို ကိုယ် မြင်အောင် သေချာကြည့် ။ "

- အလုပ် တစ်ခုခုကို လုပ်နေရင်းနဲ့ အချိန်ကုန်လို့ ကုန်သွားမှန်း မသိလိုက်တာမျိုး
- လုပ်နေရင်းနဲ့ ဘာ ငွေကြေး အကျိုးအမြတ်မှ မရနေဘူးဆိုရင် တောင် လုပ်ရတာကို ပျော်နေတာမျိုး
- မလုပ်ခင် ၊ လုပ်ဆဲ ၊ လုပ်ပြီးချိန်မှာတောင် ဒီ အလုပ်အကြောင်း တွေးပြီး ပျော်နေတာမျိုး /
  ကိုယ့်ကိုကိုယ် ကျေနပ်နေတာမျိုး
  ဒါမျိုး ရှိသလား ? ဒါတွေဟာ ညီ့ ဝါသနာ ၊ ညီလုပ်ချင်ဖြစ်ချင်တာတွေ ပဲ ညီ ။ 

ညီ လွင် ဟာ ကျွန်တော် ပြောသလို မျက်လုံးကိုမှိတ် အသက်ကို မှန်မှန်ရှုရင်း ခဏကြာအောင် စဉ်းစားပါတယ် ။ သူ့ ကို ဒီအချိန်မှာ အာရုံပျံ့လွင့်မှာစိုးလို့ စကားတွေ ထပ်ပြောမနေဘဲ ဒီ အတိုင်းပဲ ကျွန်တော်စောင့်ကြည့်နေပေးလိုက်တယ် ။ ခဏကြာတော့ သူလည်း မျက်စိ ပြန်ဖွင့်လာပြီး ကျွန်တော့်ကို စကား ပြန် စပြောတော့တယ် ။
" အကို ပြောသလို စဉ်းစားကြည့်တော့ ကျွန်တော့် ခေါင်းထဲကို ဝင်လာတာ တစ်ချို့တော့ ရှိတယ်ဗျ ။ ကျွန်တော် လုပ်ချင်တဲ့ ၊ လုပ်ရရင် ကိုယ့်ကိုကိုယ် ကျေနပ်ပျော်ရွှင်နေတယ်လို့ ထင်တာလေးတွေပေါ့ ။       ဒီလို ခဏလေးစဉ်းစားတာတောင် နည်းနည်း ပေါ်လာရင် အချိန်ယူပြီး စဉ်းစားရင်တော့ ပို ပေါ်လာမှာပေါ့နော် အကို ။ "
" အင်း ဟုတ်တာပေါ့ ညီရ ။ ညီ အခု အကို့ဆီက ပြန်သွားပြီးရင် အိမ်မှာလည်း အေးအေးဆေးဆေး အချိန်ယူပြီး ပြန်စဉ်းစားဦး ။ ဘာလို့ဆို ဒီ အဆင့်က အရေးကြီးတယ် ။ ကိုယ် တကယ်ဘာလိုချင်တယ် ဘာဖြစ်ချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိမှ  ရှေ့ဆက် လုပ်စရာရှိတာတွေကို ထိထိရောက်ရောက် ဆက်လုပ်လို့ရမှာ ။ ဘယ်လို အရည်အချင်းတွေ ဖြည့်ဆည်းဖို့ လိုတယ် ။ ဘယ်လို အခက်အခဲတွေ တွေ့လာရင် ဘယ်လို ဖြေရှင်း ကျော်လွှားနိုင်မယ် စသဖြင့်ပေါ့ "
    " ဟုတ် အကို ။ ကျွန်တော် သေချာ ပြန်စဉ်းစားမယ် ။ ပြီးရင် အကိုနဲ့ ပြန်လာတိုင်ပင်မယ်နော် အကို ။ "
" အေးပါ ရပါတယ် ။ ဒါပေမယ့် အကို အခုကတည်းက ကြိုပြီး တစ်ခုတော့ ပြောထားချင်တယ် ။ အကို ဟာ ညီ့ကို ဖြစ်တန်ချေတွေ ဖြစ်နိုင်ချေတွေကို အကြံပေးနေတာ သက်သက်ပဲ ။ ညီ့ အစား ဘာမှ ဝင်ပြီး ဆုံးဖြတ်ပေးလို့မရဘူးနော် ။ ဖြစ်နိုင်ရင် ညီ့ ဘဝ အနာဂတ် အတွက် ဆုံးဖြတ်သူဟာ ညီ ကိုယ်တိုင်ပဲ ဖြစ်ရမယ်   ။ မိဘ ၊ ဆွေမျိုး ၊ ဆရာသမား တွေ ကစလို့ သူငယ်ချင်း အဆုံး ဘယ်သူမှ မဖြစ်သင့်ဘူး ။ ညီ ကိုယ်တိုင်ပဲ ဖြစ်သင့်တယ် ။ ဒါလေးတော့ ခေါင်းထဲမှာ သေချာလေး ထည့်ထား ။
မိဘ ၊ ဆရာသမားတွေ ဆီက အကြံဉာဏ်တောင်းရမယ် ။ သူတို့က ကိုယ့်ထက် ပညာဉာဏ် ဒါမှမဟုတ် ဘဝ အတွေ့အကြုံ ပိုပြီးရှိတာကိုး ။ သူတို့ဆီက အမြင်တွေကို ယူသင့်တာပေါ့ ။ ဒါပေမယ့် ဆုံးဖြတ်တဲ့ အခါတော့ ကိုယ်တိုင် ပဲ သေသေချာချာ ဆုံးဖြတ်ရမှာပဲ ။ အကို့ ကိုလည်း အားမကိုးနဲ့ ။ ဘယ်သူ့ကိုမှလည်း မျက်လုံးစုံမှိတ်ပြီး အားမကိုးလိုက်နဲ့ ။ ကိုယ့် ဘဝ အခြေအနေကို ကိုယ်ပဲ ရင်ဆိုင် ဖန်တီးရမှာ ။ တခြားလူတွေကလည်း သူတို့ ဘဝနဲ့ သူတို့ ရှိနေကြမှာ ။ အဲဒါလေးတော့ ခေါင်းထဲ ထည့်ထား ညီ ။  "
" ဟုတ် အကို ကျွန်တော် ကြိုးစားကြည့်ပါမယ် ။ "
“ ဟ ငါ့ညီ စေတနာနဲ့ တစ်ခု ထပ်ပြောလိုက်ဦးမယ် ။ မင်း အဲ့ လေသံကို ပြင်ဦးဟ  ကြိုးစားကြည့်ပါမယ် မဟုတ်ဘူး ။ " ကြိုးစား မယ် " ဒါပဲ  ။ ကြိုးစားကြည့်ပါမယ် ဆိုတဲ့လေသံက ပျော့နေတယ်။ စမ်းလုပ် ကြည့်မယ် ။ မရ ရင် ရူးချင်ယောင် ဆောင်ပြီး လက်လျှော့လိုက်မယ် ဆိုတာမျိုး လေသံ ပေါက်နေတယ် ။  ဒီ အတိုင်းအလကားနီးပါး ရနေတဲ့ လေတောင် ပျော့နေရင် တကယ် လက်တွေ့ လုပ်တဲ့အခါ အခက်အခဲအဟန့်အတားတွေနဲ့ တကယ်  နဖူးတွေ့ ဒူးတွေ့ ကြုံလာရင် မင်းဘယ်လို လုပ်မလဲ ?                    လေသံကို မာထား လိုက် … ကျွန်တော် ကြိုးစားမယ် ။ ဒါပဲ ။ "

ညီ လွင် တစ်ယောက် ကျွန်တော့်ကို မျက်လုံးပြူးကြည့်ရင်း ရယ်ပါတယ် ။
" ဟား ဟား  ဟား ... အင်း ပါ အကိုရာ ။ ကျွန်တော် အကို ပြောဖူးတာကို မေ့သွားလို့ပါ ။ အိုကေ ။ ကျွန်တော်ပြန်ပြင် လိုက်မယ် ။ ကျွန်တော် ကြိုးစားမယ် အကို ။ ဒါပဲ ။ ကျွန်တော် မရ ရအောင်ကြိုးစားမယ် ။ "
" အေး အဲလို လုပ်စမ်းပါဟ ငါ့ညီ ရ "
ကျွန်တော်လည်း သူ့စကားကို အားရဝမ်းသာ ထောက်ခံအားပေးလိုက်မိပါတယ် ။ သူ့ မျက်လုံးတွေမှာလည်း မျှော်လင့်ချက် အရောင် တစ်ချို့ တွေ့နေမိတယ် ။ သူ့ အတွက် တစ်ခုခု ပေးနိုင်လိုက်ပြီလို့ ယုံကြည်လို့ ကျွန်တော့်ကို ကျွန်တော်လည်း ကျေနပ်နေမိတယ် ။
တကယ်တမ်းတော့ ကျွန်တော်တို့ တွေဟာ ကိုယ် စိတ်ချမ်းသာရာ ပျော်ရာကို လုပ်နေရ မှ ဘဝမှာ ရှင်သန်ရတာ အဓိပ္ပာယ်ရှိတယ်လို့ ခံစားနေရမြဲ မဟုတ်လားဗျာ ။




၂ ။ အားသာချက် ကိုရှာ 

နောက်ရက်မှာလည်း ညီလွင် နဲ့ ကျွန်တော်တို့ စကားဝိုင်းလေး ဆက်ဖြစ်ကြပါသေးတယ် ။

" အကို အဲလို ဝါသနာကို ရှာတာတော့ ဟုတ်ပါပြီ ။ တကယ်လို့ မတွေ့ရင်ရော တခြား နည်းလမ်းတွေရှိသေးလား အကို ကိုယ့် အနာဂတ် အတွက် ဘာလုပ် သင့်တယ် ဆိုတာ ကို သိဖို့ပေါ့ ။  "
ညီလွင် က ဝေခွဲမရစိတ် ၊ သိချင်စိတ်တွေ ရောပြွန်းနေတဲ့ ပုံစံ နဲ့ ထပ်မေးပါတယ် ။                ကျွန်တော်လည်း သူ့ မေးခွန်းကို အတတ်နိုင်ဆုံး ဖြေကြည့်မိတယ် ။
" အင်း ရှိတယ် လို့ပဲ ပြောရမှာပေါ့ညီ ။ ဖြစ်နိုင်ရင်တော့ ကိုယ် တကယ် ဝါသနာ ပါတာ / ကိုယ် စိတ်ဝင်စားတာကို လုပ်နိုင်ရင် အကောင်းဆုံးပေါ့ ။ ဒါပေမယ့် တစ်ခါတလေ ဘယ်လို ရှာရှာ အဲလို ဟာမျိုး မတွေ့တာလည်း ရှိတတ်တယ် ။  အဲလို မှ မဖြစ်နိုင်ရင် / အဲ့ဒီဝါသနာကို မရှာနိုင်ရင်တော့ အကို အကြံပေးချင်တာက ကိုယ် အားသာတဲ့ ၊ ထူးချွန်တဲ့ အလေ့အကျင့် တစ်ခုခုကို ရှာဖို့ပဲ
တစ်ခါတလေကျရင် ဖြစ်တတ်တယ် ညီရ ။ ကိုယ်က တစ်ခုခုမှာ နည်းနည်းလောက်ပဲ အားစိုက်တာတောင် အဲ့ဒီနေရာမှာ သာမန် သူများတွေထက် သာနေတာမျိုး ပေါ့ ။ ကိုယ့်ကိုကိုယ် တောင် အဲလို သာနေတယ်လို့ သတိမထားမိတာမျိုးရှိတတ်တယ် ။
ညီလွင်က အံ့ဩတဲ့ လေသံနဲ့ ပြန်မေးပါတယ် ။
" ဟုတ်လား အကို ? အဲလို တကယ်ပဲ ဖြစ်တတ်လား ? ကျွန်တော်တော့ အဲလို မတွေးကြည့်ဖူးဘူး ။ "
" ဖြစ်တတ်တယ် ညီ ။ အကိုတို့ ကိုယ်တိုင်လည်း ကြုံခဲ့ရဖူးလို့ပြောတာ ။ အကိုတို့ဆို အရင်တုန်းက စကားပြော အတော်လေး ညံ့တဲ့လူထဲမှာ ပါတယ်လို့ ကိုယ့်ကိုကိုယ် သတ်မှတ်ထားခဲ့တာ ။
သူငယ်ချင်းတွေကိုဆိုလည်း အမြဲ နောက်လေ့ရှိတယ် ။ " ငါက ပိသာလေးနဲ့ ဘေးပစ် တာ မဟုတ်ဘူး ။        ဒဲ့ ထု တာ " လို့  :D 
ဒါပေမယ့် အကြောင်း တိုက်ဆိုင်လို့ စကားများများပြောရတဲ့ လုပ်ငန်း အမျိုးအစားတစ်ခု စလုပ်ခဲ့လိုက်ရတယ် ။ အဲဒီ အချိန်မှာ ကိုယ် က သူများတွေလောက် လုပ်သက် မရင့် ၊ မပြင်ဆင်ထားပေမယ့် သူများတွေထက် ပိုပြီး အဆင်ပြေပြေလေး လုပ်နိုင်နေတာကို သွားတွေ့ရတယ် ။ ကိုယ်က မထင်ထားပါပဲ ကိုယ့်ကို အတော်များများက " ကို မျိုးဇင် က စကားပြော ကောင်းတာပဲ " ဆိုတာမျိုး ချီးကျူးခံခဲ့ရဖူးတယ် ။ ကိုယ်လည်း သူတို့ ဒီလို ချီးကျူးလာတော့ အစမှာ အူကြောင်ကြောင် ဖြစ်သွားသေးတယ် ။ ငါ တကယ်ပဲ စကားပြော ကောင်းလို့လားပေါ့ ။
နောက်တော့ မှ ကိုယ့်ကိုကိုယ် သတိထားမိလာတာ တစ်ခုက အကိုက ကိုယ် စိတ်မပါတဲ့ အကြောင်းအရာဆိုရင် စကားရော ဖောရော ဝင်ပြောတာမျိုးတောင် ဝင်မလုပ်တတ်လောက်အောင် ပေါင်းသင်း ဆက်ဆံရေး ညံ့ခဲ့ပေမယ့် ကိုယ် စိတ်ပါပြီဆို ရေဆုံး မြေဆုံး တက်တက်ကြွကြွ ပြောတတ်တာကို ကိုယ့်ကိုကိုယ် သတိထားမိတယ် ။ ငယ်ငယ်က သူငယ်ချင်းတွေကတော့ အကို့ကို စကားပြောကောင်းတယ် လို့ မချီးကျူးဖူးဘူးလေ ။ ဒါပေမယ့် " မင်း တော်တော် အငြင်း သန် တဲ့ ကောင် " လို့တော့ ပြောကြဖူးတယ် ။ ဒါလည်း စကားပြော ကောင်းခြင်း တစ်မျိုးပဲ လေ ။ ဟား ဟား ...  "
ကျွန်တော် ပြောလည်းပြော ၊ ငယ်ငယ်တုန်းက ကျွန်တော် အငြင်းအတော်သန်ခဲ့ပုံတွေကိုလည်း ပြန်တွေးမိရင်း ရယ်မိပါတယ် ။
နောက်တော့ ဒီလို စကားဆက်မိတယ် ။
" တစ်ချို့တွေလည်း အဲလိုပဲ ကိုယ့် ပါရမီ / မွေးရာပါ / ဒါမှမဟုတ် ကိုယ်တိုင် သတိမထားမိဘဲ လေ့ကျင့်သလို့ ဖြစ်ခဲ့ရာက ရလာတဲ့ အားသာချက်ကို သူများတွေ ထုတ်ပြောမှ ကိုယ်တိုင် သတိထားမိပြီး ဒီအရည်အချင်းကို ထပ်ပြီး သေချာလေ့ကျင့် ၊ အချိန်တန်လာတော့ ဒီ အရည်အချင်းနဲ့ အဆင်ပြေ အောင်မြင်တဲ့ ဘဝ တစ်ခုကို ပိုင်ဆိုင်သွားနိုင်တာမျိုးတွေရှိခဲ့တယ် ညီရ ။ ဒီတော့ ညီ့ ကို အကြံပေးချင်တာကို ညီ ကိုယ့်မှာ အဲလို အရည်အချင်းမျိုး ရှိမရှိ သိချင်ရင် ညီ့ အနီးပတ်ဝန်းကျင်က လူတွေကို အေးအေးဆေးဆေး သေချာလေး မေးကြည့် ။ " ကျွန်တော့်မှာ ဘာထူးထူးခြားခြား အားသာချက်များ မြင်မိသလဲ " လို့ပေါ့ ။ ဖြစ်နိုင်ရင်တော့ အားသာချက်ကိုမေးရင်း အားနည်းချက်ကိုပါ တစ်ခါတည်း မေးကြည့်သင့်တယ် ။ ဒါမှ ကိုယ့် အတွက် ဆောင်ရန် ရှောင်ရန်တွေ ပိုပြီး သိလာမှာပေါ့ ။
အရေးကြီးတာက ညီရေ ... ဝါသနာကို ရှာတာတော့ ရှာပါ ။  အဲ့ဒီ ဝါသနာကို မတွေ့လို့ ဆိုပြီးဘာမှ စိတ်ပါလက်ပါ မလုပ်ဘဲ ပေါ့ပျက်ပျက်နဲ့ ဘဝကို ဖြတ်သန်းသွားတာမျိုးတော့ မလုပ်မိစေနဲ့ ။
ဘဝ ဆိုတာ တိုတိုလေးရယ် ။
အဲ့ဒီ ဘဝ တိုတိုလေးကို အရသာ ရှိအောင် ၊  ကိုယ့် အတွက် ၊ ကိုယ့် မိသားစု ၊ ကိုယ့် မျိုးဆက်တွေအတွက် တစ်ခုခုကျန်အောင် လုပ်သွားခဲ့ချင်သူ တစ်ယောက် အတွက် အချိန်က သိပ်အများကြီး မရှိဘူးရယ် ။ မဟုတ်ရင်တော့ တိရစ္ဆာန် တစ်ကောင်လိုပဲ သက်ရှိလောကထဲကို တိတ်တိတ်ဆိတ်ဆိတ် ဝင်လာပြီး တိတ်တိတ်ဆိတ်ဆိတ် ပြန်ထွက်သွားရမှာပဲ ။ ကမ္ဘာကြီးမှာသာ ဒီလို ဆန်ကုန် မြေလေး တစ်ယောက်ကြောင့် နေရာပုပ် ၊ ရိက္ခာ ကုန်ရတာပဲ ။ ညီ အဲလို လူ တစ်ယောက်တော့ မဖြစ်ချင်လောက်ဘူး မလား ?  "
" ဟာ အကိုကလည်း ဗျာ ပြောလိုက်မှဖြင့် နင့်ကနဲ ပဲ ။ ကျွန်တော့် ဘာသာ ကျွန်တော် နေတာတောင် ကမ္ဘာကြီးကို ထိခိုက်ဦးမှာလားဗျာ "
" အင်း ပေါ့ ဟ  ညီရ ။ မင်းဘာသာမင်း တစ်ယောက်တည်း နေတယ်ဆိုတာ စကား အရ သာ ဖြစ်နိုင်တာပဲ ။ လက်တွေ့မှာ ဖြစ်မှ မဖြစ်နိုင်တာ ။ မင်းကို ဒီ အရွယ် ထိရောက်အောင် ကျွေးမွေးပြုစုလာရတဲ့ မင်းမိဘတွေ ၊ ပညာ သင်ပေးခဲ့တဲ့ ဆရာသမားတွေ ၊ ပျော်ရွှင်စေခဲ့တဲ့ မိတ်ဆွေ သူငယ်ချင်းကောင်းတွေ အများကြီး ရှိခဲ့တယ်လေကွာ ။ ဒီလူတွေကို မင်း အနေနဲ့ တိုက်ရိုက်သော် လည်းကောင်း ၊ သွယ်ဝိုက်ပြီးသော် လည်းကောင်း တစ်ခုခု ပြန်ပေးနိုင်တော့မှ မင်း တာဝန်ကျေတော့မပေါ့ ။ "
" အကိုပြောတာလည်း ဟုတ်ပါတယ်ဗျာ ။ ကျွန်တော် အကို ပြောသလို ကိုယ့်ကိုကိုယ် ရှာတွေ့အောင် ကြိုးစားပါ့ မယ် ။ ကိုယ့် ဝါသနာပါတာ ၊ လုပ်ချင် ဖြစ်ချင်တာက ဘာဆိုတာကိုပေါ့ ။ ဒါမှ မဟုတ်ရင် အကိုပြောသလို ဒုတိယနည်း အနေနဲ့ ကိုယ် ဘယ်နေရာမှာ ထူးချွန် ၊ အားသာသလဲ ဆိုတာကိုပေါ့ ။ ဒါပေမယ့် အကို အခု ကျွန်တော် ထပ်သိချင်လာတာက ကျွန်တော် ဝါသနာ မပါတာ တစ်ခုကို ကျွန်တော့် အနေနဲ့ အားသာလို့ဆိုပြီး လုပ်နေရင်ရော ကျွန်တော် ပျော်နိုင်ပါ့မလား အကို  "
သူ မေးတဲ့ မေးခွန်းကို ကျွန်တော့်မှာ အတော်လေး သတိထားစဉ်းစားပြီး ဖြေရပါတယ် ။
" မင်း မေးခွန်းတွေကလည်း ကြီးလိုက်တာ ညီရာ ။ အင်းပေါ့ကွာ ။ စမိပြီဆိုတော့လည်း ဆုံးတဲ့ အထိ ရောက်သလောက်တော့ လိုက်ပို့ရတာပေါ့ ။ အကို့ အမြင်တော့ ပျော်ရွှင်မှုဆိုတာ အပြင်မှာ မရှိဘူးညီရ ။ အကိုတို့ရဲ့ အတွင်းမှာပဲ ရှိနေတာ ။ ပျော်အောင် နေတတ်တဲ့လူက ပျော်ကို ပျော်တာပဲ ။ မနေတတ်တဲ့လူကတော့ ဘယ်လို ပျော်ရမှန်းကို မသိတာလည်း ဖြစ်နိုင်တာပဲ ။ ဒီမှာတော့ ဒီ အကြောင်းအရာကို အကို အကျယ်ချဲ့ပြီး မပြောချင်တော့ဘူး ။  နောင်များမှပေါ့ ။
နောက် တစ်ချက် အရေးကြီးတာက ညီ့ အနေနဲ့ ကိုယ်ဝါသနာပါတာကို မတွေ့လို့ ကိုယ် အားသာတာ ကိုပဲ လုပ်နေရင်းနဲ့လည်း အဲဒီ အလုပ်က ရလာတဲ့ ရလာဒ်တွေကို ကြည့်ပြီး ပျော်လာနိုင်တယ်လို့ အကိုထင်တယ် ။ ညီ စဉ်းစားကြည့်လေ ။ တကယ်တမ်းတော့ လောကကြီးမှာ အလုပ်တိုင်း အလုပ်တိုင်း ၊ ပညာတိုင်း ပညာတိုင်းဟာသူ့နေရာနဲ့ သူ အရေးကြီးနေ တာပဲ ။ လောကကြီးကို တစ်ထောင့် တစ်နေရာကနေ အကျိုးပြုနေတာပဲ ။ ဒီတော့ ညီ ဘာကိုပဲ လုပ်လုပ် ၊ သေချာ စဉ်းစားပြီး စေတနာထားပြီး လုပ်မယ်ဆိုရင်       ညီ လုပ်တာတွေကြောင့် လောကကြီးကို ကောင်းကျိုးသက်ရောက်မှုတွေ ရှိလာမှာပဲ ။အဲဒီ အခါမှာ ညီ့ အနေနဲ့ စိတ်ချမ်းသာမှု တစ်ခုကို ခံစားရမှာပဲ ။ သာမန် ပျော်တယ် ဆိုတာမျိုး ထက်တောင် ပိုတဲ့ ကျေနပ်တယ် ဆိုတာမျိုးပေါ့ ။
အလှု တစ်ခု လုပ်သလိုပေါ့ညီရာ ။ တစ်ခါတရံမှာ ပေးသူနဲ့ ယူသူ မှာ ပေးသူက ပိုပြီး ကျေနပ်ပျော်ရွှင်ရတာတွေလည်း ရှိတတ်တာကိုး ။ ဒါကြောင့် အနောက် နိုင်ငံက သူဋ္ဌေးကြီး တစ်ချို့ တောင် သူတို့မှာ ရှိတာတွေကို လှုနေ တာပေါ့ ။ သူတို့ဟာ အကိုတို့လို ဗုဒ္ဓဘာသာ  ကိုးကွယ်တာမဟုတ်လို့ သံသရာ ဆိုတာကို မယုံကြည်တာမျိုး ရှိနိုင်ပေမယ့် ဒီလို ပေးဆပ်လိုက်ရတဲ့ ပေးဆပ်ခြင်းမှာ " သူတို့ကိုယ် သူတို့ ကျေနပ်ပျော်ရွှင်မှု " ဆိုတာကို ခံစားရတယ် ။ဒါကြောင့် သူတို့ ဒီလို အလှုကြီးတွေ လုပ်နေ / လုပ်ခဲ့တာပဲပေါ့ ။
၂၀၁၃ ခု နှစ် မေလ အထိ  နည်းပညာ လုပ်ငန်းရှင်ကြီး ဘီလ်ဂိတ် ဟာ သူရဲ့ Foundation ကနေတဆင့် ကမ္ဘာ ကြီးကို စုစုပေါင်း ဒေါ်လာ ၂၈ ဘီလီယံ လှုဒါန်း ခဲ့တယ် ညီ ။ စဉ်းစားကြည့်လေ ။ ဒေါ်လာ ဘီလီယံ ချီပြီး လှုဖို့ ဆိုတာ တော်ရုံကိစ္စ မှ မဟုတ်တာ ။ ဟို တလောက အီဘိုလာ ရောဂါကြီး ဒုက္ခပေးတုန်းကလည်း ဘီလ်ဂိတ် က ဒေါ်လာ သန်း ၅၀ ထပ်လှုခဲ့သေးတယ်လေ ။ သူ လှုရတဲ့ ရည်ရွယ်ချက်တွေ အများကြီးရှိမှာ ဖြစ်ပေမယ့် အကို့ အနေနဲ့ " ကိုယ့်ကိုယ်ကို ကျေနပ်မှု " ကို အမြင့်ဆုံး ခံစားရလို့  ဒါတွေ လုပ်နေတာပဲလို့ မြင်မိတယ် ။
ညီတို့ အကိုတို့လည်း သူ့လောက် အလှုကြီးတွေ မပေးနိုင်ရင်တောင် ကိုယ် လုပ်နေတဲ့ အလုပ်မှာ တကယ်ပဲ စိတ်ပါလက်ပါ ထိထိရောက်ရောက် ဖြစ်အောင် လုပ်နေမယ် ၊ လုပ်နိုင်မယ်ဆိုရင် ဒါဟာ လောကကြီးကို တစ်ဖက်တစ်လမ်းက ကောင်းကျိုးပြုနေတာပဲလေ ကွာ ။ ဒီလို အမြင်နဲ့ ကြည့်လိုက်ရင် ညီ့ အနေနဲ့ ကိုယ် လုပ်နေတဲ့ အလုပ်ပေါ်မှာ ပိုပြီး ချစ်တတ် ၊ တန်ဖိုးထားတတ်လာမှာပါ ။  "
ပြီးတော့ ဒီနည်းစနစ်ကို ကျင့်သုံးတဲ့အခါမှာ အားသာချက် တစ်ခုက ကိုယ် ကျွမ်းကျင်မှု အတိုင်းအတာတစ်ခု အထိရှိပြီသား ၊ ကိုယ် အားသာမှု ရှိပြီးသား အရာတစ်ခုကို လုပ်ရတာ ဖြစ်တဲ့အတွက် တခြား ကိုယ် မကျွမ်းကျင်တာ ၊ မပိုင်နိုင်တာကို လုပ်ရတာလောက် စိတ်ဓာတ် ခွန်အား ၊ လူ ခွန်အား မစိုက်ထုတ်ရဘူး ။ ရှင်းရှင်းပြောရရင် သိပ်မပင်ပန်းဘဲ ပေါ့ပေါ့ပါးပါးလေး လုပ်သွားလို့ရတယ်ပေါ့ကွာ ။ ဒီတော့ ကိုယ့် ဝါသနာကိုမှ ရှာလို့ မတွေ့သေးရင် အဲလို အလုပ်မျိုးကို ရှာတာ အကောင်းဆုံးပဲ ။ ကိုယ့်မှာရှိနေတဲ့ အားသာချက် တစ်ခုခုကို တိုက်ရိုက်သော်လည်းကောင်း ၊ သွယ်ဝိုက်ပြီးသော် လည်းကောင်း အသုံးချနိုင်မယ့် အလုပ် တစ်ခုခုပေါ့ ။ ဒီလို လုပ်နေရင်းနဲ့ပဲ ညီ တစ်နေ့ကျတော့ ဒီ အလုပ်ကိုပဲ တကယ် ဝါသနာပါသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ် ။ဒါမှမဟုတ် ကိုယ် တကယ် ဝါသနာ ပါတဲ့ တခြား အလုပ် တစ်ခုကို ရှာတွေ့သွားတဲ့အခါ မျိုးလည်း ရှိနိုင်တာပဲ ။ အဲ့ဒီကျလို့ ကိုယ် က ရုတ်တရက် အလုပ်ပြောင်းရရင်တောင် ကိုယ့်မှာ နောက်ကျောအေးစရာ ထမင်းစား လက်မှတ် တစ်စောင် တော့ ရှိနေပြီ ဆိုတော့ ပိုပြီး စွန့်စားရဲ ၊ စွန့်စားနိုင်တာပေါ့ ညီရာ ။ အကို ပြောတာ သဘောပေါက်တယ် မလား ?
ညီလွင်က သေချာနားထောင်နေရင်း စကားဆုံးတော့ ခေါင်းငြိမ့် ပါတယ် ။
" ဟုတ် အကို  ၊ အကို ဆိုလိုတာက ကျွန်တော် ကောင်းကောင်းနားလည် လိုက်တယ်လို့ ယုံကြည်ပါတယ် ။ ကျေးဇူးလည်း တင်မိတယ် အကို ။ ကျွန်တော် ဒါကိုလည်း အိမ်ပြန်ပြီး သေချာ စဉ်းစားလိုက်ပါဦးမယ် ။ "
" အေးပါ ။ အေးဆေး သာ စဉ်းစားပါ ညီ ။ ညီတို့ အရွယ်မှာ စဉ်းစားစရာ အချိန်တွေ အများကြီးရနေသေးတာ အားသာချက်တစ်ခုပဲ ။ အသက်ကြီးလာရင် တစ်ချို့ လူတွေမှာ စဉ်းစားချိန် မရတော့ဘူး ။ ဒါမှမဟုတ် စဉ်းစားချိန် မပေးနိုင်တော့ဘူး ။ လက်ရှိ လုပ်လက်စ အလုပ်ထဲမှာပဲ  နွံနစ်သလို ... လုပ်ရင်း လုပ်ရင်း အလုပ်ထဲမှာပဲ ပျော်ပျော်မပျော်ပျော် နစ်နေတော့တာပဲ ။ ဒီ အချိန်မှာ ညီတို့ စဉ်းစားတာကို ပိုပြီး သေချာ အချိန်ပေးသင့်ပါတယ် ။နောက် ရက် ပြန်လာခဲ့ဦးလေ ညီ ။  ပြောစရာတွေတော့ ကျန်သေးတယ် ။ ညီလည်း သေချာ စဉ်းစားပြီးရင် မေးစရာတွေ ပေါ်လာဦးမှာပေါ့ ။နောက်ရက် ထပ်တွေ့ကြမယ် ဟုတ်ပြီလား ?"
ကျွန်တော် ပြုံးရင်း ညီလွင့်ကို နှုတ်ဆက်မိပါတယ် ။ စိတ်ထဲမှာလည်း တွေးနေမိတယ် ။                                              ညီလွင် တစ်ယောက် ကိုယ့်ကိုကိုယ် ရှာတွေ့ပါစေ လို့ ။




၃ ။ ကိုယ် ဘယ်လိုလူလဲ ?

ညီလွင် တစ်ယောက် ကျွန်တော့်ဆီ ရောက်လာပြီး သူသိချင်တာတွေကို အစ ဆွဲထုတ်ပြန်ပါတယ် ။
" အကို ၊ အကို အရင် ရေးဖူးတဲ့ ကိုယ့်ကိုယ်ကို သိပါ ဆိုတာကို ရော နည်းနည်းလောက်ထပ်ရှင်းပြပေးပါလား အကို ။ ဒါကို ရော ကျွန်တော်တို့ ဘာလုပ်သင့်လဲ ရွေးချယ်ရာမှာ ထည့်သွင်းစဉ်းစားရမှာလား ? "
" အင်း ဒါက ဒီလို ရှိတယ်ညီရ ။ အရင်က အကိုတို့ ဆွေးနွေး လိုက်တဲ့ အဓိက အချက် ၂ ချက် ရှိတယ်လေ ။
၁။ ကိုယ် ဝါသနာ ပါတာကို သေချာရှာဖို့ ( ကိုယ့်ကိုယ်ကို မညာမိဖို့ )
၂။ ကိုယ့် နဂို အားသာချက် ရှိနေပြီးသား ကို ရှာဖွေ ဖော်ထုတ်ဖို့ ဆိုတာတွေပေါ့ ။
တကယ်တမ်းတော့ ညီ ကိုယ့်ကိုယ်ကို သိရမယ် ဆိုတာဟာ ဒီ ၂ ချက်မှာ ကတည်းက အတိုင်းအတာ တစ်ခု အထိ ပါပြီးသား ဖြစ်နေတာပဲညီ ။ ဒီတော့ သီးသန့် ထပ် မစဉ်းစားလည်း ရတယ် ။ ဒါပေမယ့် နောက်ထပ် သိသိသာသာ ခွဲထုတ် စဉ်းစားကြည့်သင့်တဲ့ အမြင်ကို ညီသိချင်ရင်တော့ အကို ပြောပြချင်တာတစ်ခု ရှိသေးတယ် ။
" လုပ်ပါ အကို ။ ပြောမယ့်ပြော အကုန်သာ ပြောပါတော့ဗျာ ။ မှတ်နိုင်သလောက် မှတ်ပါ့မယ် ။ "
" ဒီလို ညီရ ဒီ ရှုထောင့်က စိတ်ပညာ ဘက်ကိုတော့ နည်းနည်း ပိုရောက်တယ် ။ အကိုကလည်း စိတ်ပညာကို စိတ်ပါဝင်စားလို့ အတန်အသင့်လေ့လာထားတာလေးသာရှိတာ ။ ပညာရှင် မဟုတ်ဘူး ။ ဒီတော့ ကိုယ်နဲ့ ကိုက်သလောက်ကို ချင့်ယူပေါ့ကွာ ။ အကိုလည်း နည်းနည်း ပဲ ပြောပါ့မယ် ။ ကျန်တာ ကို သက်ဆိုင်ရာ ပညာရှင်တွေ ဆီကနေ ဆက်လေ့လာနိုင်အောင် ကြိုးစားပေါ့ ။ "
" ဟုတ်ကဲ့ အကို ။ ပြောသာ ပြောပါ ။ ကျွန်တော့် အတွက်တော့ အကျိုးရှိမှာပါ ။ "
          " ဒီလို ညီရ ။ လောကမှာ လူအမျိုးမျိုး စိတ်အထွေထွေ ရှိတယ်ဆိုတာ ညီလည်း သိပြီးသားပါ ။ အဲလို လူအမျိုးမျိုး စိတ်အထွေထွေ ဆိုပေမယ့် စိတ်ပညာရှင်တွေက ခွဲခြမ်း စိတ်ဖြာရာမှာ ထိရောက်အောင် အဓိက အုပ်စုတွေ အဖြစ် အတွေးအခေါ် နဲ့ အမူအကျင့်တူတာတွေကို စုစည်းပြီး သက်သက်စီ ခွဲထုတ်လေ့ရှိကြတယ် ။ တစ်ချို့ သီအိုရီတွေက ၁၂ မျိုးလောက်ရှိတယ် ။ တစ်ချို့ က ၆ မျိုး လောက် ပဲထားတယ် ။ Personality Types လို့ ခေါ်ကြတယ် ။ ဒီနေရာမှာ ကိုယ်ရည်ကိုယ်သွေးလို့ပဲ အကို ဘာသာပြန် သုံးလိုက်ချင်တယ် ။ ဒီထဲမှာမှ အကိုက စိတ်ပညာရှင်လည်း မဟုတ် ။ ညီတို့ကလည်း စိတ်ပညာ အထူးပြုလေ့လာသူတွေ မဟုတ်သေးတာကြောင့် အဓိက ကျတဲ့ ကိုယ်ရည်ကိုယ်သွေး ပုံစံ ၂ မျိုးကိုပဲ အကို ဒီ နေရာမှာ အဓိက ဆွေးနွေးချင်တယ် ။ ဒါကတော့ Extrovert နဲ့ Introvert ဆိုတာတွေပဲ ညီ ။  လူ လှုပ် နဲ့ လူ ငြိမ် လို့ပဲ အကို အကြမ်းဖျဉ်း ဘာသာပြန်လိုက်ပါရစေ ။
အကြမ်းဖျဉ်း ပြောပြရင်တော့ Extrovert ဆိုသူတွေဟာ လူ့ပတ်ဝန်းကျင်နဲ့ ပိုပြီး လိုက်လျောညီထွေ နေနိုင်လေ့ရှိကြတယ် ။ သွက်သွက်လက်လက် တက်တက်ကြွကြွရှိတယ် ။ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ရှိကြတယ် ။  လူများများ စုမိလေ သူတို့ ပျော်လေပဲ ။ လူတွေနဲ့ ပြောဆို ဆက်ဆံရတာကို နှစ်သက်တယ် ။ လူတွေ အများကြီးနဲ့ တွဲဖက် အလုပ် လုပ်ရတာကို ကြိုက်တယ် ။ ယေဘူယ အားဖြင့် ပျော်ပျော်နေတတ်တယ် ။ ဟာသ တွေ ခပ်များများပြောတတ်တယ် ။ သူများက ဟာသတွေပြောရင်လည်း အင်တိုက်အားတိုက်ကို သူက ရယ်တယ် ။ ဒီတော့ သူတို့ဟာ လူတွေကြားမှာ ပိုပြီး ထင်ပေါ်လေ့ရှိတယ် ။
ရုပ်ရှင်မင်းသား ၊ မင်းသမီးတွေ ၊ ဂီတ နဲ့ အက ပညာရှင်တွေ ၊ ဖက်ရှင် ဒီဇိုင်နာတွေ ၊ မော်ဒယ် တွေ ၊  တခြား ဖျော်ဖြေရေးသမားတွေ ၊ ပွဲ စီစဉ်သူတွေ ၊ အစီအစဉ် တင်ဆက်သူတွေ ၊ နိုင်ငံရေးခေါင်းဆောင်တွေဟာ များသောအားဖြင့် Extrovert တွေ ဖြစ်လေ့ရှိတယ် ။  စီးပွားရေးဘက်မှာဆိုလည်း Marketing သမားတွေ ၊ အရောင်း ကျွမ်းကျင်သူတွေ ဟာ Extrovert တွေ ဖြစ်လေ့ရှိကြတယ် ။ သူတို့က လူတွေနဲ့ ထိတွေ့ဆက်ဆံရတာကို ပျော်တာကိုး ။
အဲ … Introvert ကျတော့ သူတို့နဲ့ ပြောင်းပြန် ။ စကားနည်းတယ် ။ အေးအေးဆေးဆေး နေတတ်တယ် ။ Extrovert တွေလို နေရာတကာ ထင်ပေါ်အောင် နေတာမျိုး မလုပ်တတ်ဘဲ သူ့ကမ္ဘာလေးနဲ့ သူ သီးခြား ဖြစ်နေလေ့ရှိတယ် ။ သူတို့ရဲ့ အားသာချက်က တစ်ယောက်တည်းနေတာများတော့ စိတ်ကူးစိတ်သန်းကောင်းတွေ ရှိလေ့ရှိတယ် ။  ထွက်လာလေ့ ရှိတယ် ။ ဦးနှောက် နဲ့ နှလုံးသားကို ခန္ဓာကိုယ်ထက် အများကြီး ပိုပြီး အသုံးချတတ်သူတွေပေါ့ ။ ဒါပေမယ့် တစ်ခါတလေ မှာ လူတွေနဲ့ခွဲထွက်ပြီး တစ်ယောက်တည်း သီးသန့် နေတာများတော့ လူတောမတိုးတတ်တော့တာမျိုး ဖြစ်တတ်တယ် ။ တစ်ချို့ကတော့ ကိုယ့်ကိုယ်ကို သိပြီး ပြန် ပြင်ဆင်လို့ လူတွေနဲ့လည်း အဆင်ပြေလေ့ရှိတယ် ။ ဒါပေမယ့် သူ တကယ် နေချင်တာ သူ့အတွက် အဆင်ပိုပြေတာကတော့ အေးအေးဆေးဆေး တစ်ယောက်တည်း ၊ ဒါမှမဟုတ် ကိုယ်နဲ့ ရင်ဘက်ချင်းတူတဲ့လူ နည်းနည်းလောက်နဲ့ပဲ အချိန်တွေ ကုန်ဆုံးစေတာမျိုးပေါ့။
ဒီလို လူတွေက နိုင်ငံကျော် ၊ ကမ္ဘာ ကျော် စာရေးဆရာကြီးတွေ ၊ ကဗျာဆရာတွေ ၊ တီထွင် ပညာရှင်တွေ ၊ ဘာသာရေးခေါင်းဆောင်တွေ ၊ ငြိမ်းချမ်းရေးခေါင်းဆောင်တွေ ၊ နိုင်ငံရေး နဲ့ စီးပွားရေးမှာ နောက်ကွယ်ကနေ မဟာဗျုဟာ ချမှတ်သူတွေ ဖြစ်လာလေ့ရှိကြတယ် ။ Introvert / Extrovert မို့ လို့  ဒီ အလုပ်ပဲ လုပ်ရမယ် ၊ ဒီ အလုပ်မှာပဲ အောင်မြင်မယ်လို့တော့ အကို မဆိုလိုဘူးနော်ညီ ။ ဘာလို့ဆို နယ်ပယ် တစ်ခုထဲမှာပဲ သူ့နည်း သူ့ဟန်နဲ့ သူ အောင်မြင်နေကြတဲ့ Extroverts တွေရော Introverts တွေ ရော ရှိတယ် ။ ဥပမာ IT နယ်ပယ်မှာဆိုရင် Steve Jobs ရော Bill Gates ရော အောင်မြင်ကြတာပဲ ။ ဒါပေမယ့် Steve Jobs ကို Extrovert အနေနဲ့ သတ်မှတ်ကြပြီး Bill Gates ကိုတော့ Introvert အနေနဲ့ သတ်မှတ်ကြတယ် ။
အကို ယူဆတာကတော့ ဒီလို အောင်မြင်နေတဲ့လူတွေဟာ လိုအပ်ရင်လိုအပ်သလို ( သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးဟန်နဲ့ မကိုက်တာမျိုး ဖြစ်ခဲ့ရင်တောင်) သူတို့ လုပ်သင့်တာတွေကို ချိန်ညှိပြီး လုပ်နိုင်စွမ်းရှိကြတယ် ။ ပြီးတော့ နောက်တစ်နည်းက သူတို့ ကို နောက်ကွယ်ကနေ ဖြည့်စွက်ပေးမယ့် ၊သူတို့နဲ့ တွဲပြီး လုပ်နိုင်တဲ့ အခြားလူတွေ ( အထူးသဖြင့် သူတို့နဲ့ ကိုယ်ရည်ကိုယ် သွေး မတူတဲ့လူတွေ ) ကို သူတို့နားမှာ ရံထားပြီး အလုပ်တွဲလုပ်နိုင်ကြတယ် ညီ ။ Extroverts တွေနားမှာ Introverts တွေ ရှိနေသလို Introverts တွေနားမှာလည်း Extroverts တွေ ရှိနေတာပေါ့ ။ ဒါဆိုရင်တော့ ပိုပြီး အောင်မြင်နိုင်တယ်လို့ အကိုတော့ မြင်မိတယ်ညီ ။
နောက်ပြီး  နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးခေါင်းဆောင် တစ်ဦးဖြစ်တဲ့ "ဂန္ဒီ" ကြီးလို လူမျိုးဟာ သူ့ ပင်ကို စိတ်ရင်းက Introvert ဖြစ်ပေမယ့် လိုအပ်လို့ သမိုင်းက တောင်းဆိုလာတဲ့အခါ လူထုနဲ့ ထိတွေ့မှုများတဲ့ ဟောပြောလှုံ့ဆော်မှုတွေ လုပ်ရတဲ့ နိုင်ငံရေးခေါင်းဆောင် တစ်ယောက် ဖြစ်လာတာပဲလေ ။ ပင်ကို အချိန်မှာ အေးအေးနေပေမယ့် အဲလို ဟောရပြောရတဲ့ အချိန်မျိုးမှာလည်း အကောင်းဆုံး လုပ်နိုင်တာပဲ ။
 ဒါမျိုး Introvert ဖြစ်ပေမယ့် Extrovert တွေရဲ့ အလုပ် တစ်ချို့ ( ဟောတာပြောတာ ၊ လူရှေ့ မှာ လူလုံးထွက်ပြီး ကျော်ကြားအောင်နေတာတွေ  ) ကို လိုအပ်ရင် အကောင်းဆုံး လုပ်နိုင်သူတွေရှိသလို Extrovert ဖြစ်ပေမယ့် Introvert အလုပ် တစ်ချို့ ( စိတ်ကူး စိတ်သန်းကောင်းတွေရအောင် တွေးတာ ၊ တီထွင်တာ ၊ မဟာဗျုဟာ ဆွဲတာတွေ ) ကို လိုအပ်ရင် အကောင်းဆုံး လုပ်နိုင်သူတွေလည်း ရှိကြတယ် ။ 
ဒီ ၂ မျိုးလုံး အတော်လေး ရောနေတဲ့ လူလည်း ရှိနိုင်တာပါပဲ ။ Ambiverts လို့ ခေါ်ကြတယ် ညီ ။ ဒါပေမယ့် အကြမ်းဖျဉ်း အားဖြင့်တော့ ကိုယ့်မှာ တစ်ခုခုရဲ့ ဟန်က အားသာနေလေ့ရှိတယ် ။
ဥပမာကွာ အကိုဆိုရင် အရွယ်ရောက်လာပြီးတဲ့အခါမှာ ကိုယ့်ကိုယ်ကို ပြန်ကြည့်တဲ့အခါ  Introvert တစ်ယောက်လို့ပဲ မြင်မိတယ် ။ အရင်ကဆို လူ ထူထူကို ဘယ်လိုမှကို သည်းမခံနိုင်ဘဲ အရမ်း ရှောင်လေ့ရှိတယ် ။ Shopping Center တွေ စဖွင့်ကာစကဆို အဲလိုနေရာတွေကို ဝင်ရ ထွက်ရ လုပ်ရမှာကိုတောင် အရမ်းဝန်လေးခဲ့တာမျိုးပေါ့ ။ နောက်ကျတော့ လူဆိုတာ လူတောဝင်တိုးနိုင်လေ ကိုယ့်အတွက် အကျိုးရှိလေဆိုတာသိခဲ့လို့ လူတွေနဲ့ ပိုပြီး အရင်ကထက် အဆင်ပြေအောင် ရောနှောနေခဲ့ပေမယ့် စိတ်လျှော့လိုက်လို့ မူရင်း စိတ် အခြေအနေရောက်သွားရင် တစ်ယောက်တည်း ဒါမှမဟုတ် လူနည်းနည်းလောက်နဲ့ပဲ ဆက်ဆံချင်နေတာ အခု အချိန်အထိပဲ ။
ဒီတော့ ညီလည်း ကိုယ့်ကိုယ်ကို ဘယ်လို လူလည်း ဆိုတာ မြင်အောင်သေချာ သတိထားကြည့်ပေါ့ ။ ဥပမာ အားလပ်ချိန်မှာ ဘာလုပ်ရတာကို ပိုကြိုက်လဲ ။
- သူငယ်ချင်းတွေနဲ့ လျှောက်လည်ရတာကို လား ? ဒါမှမဟုတ် အိမ်မှာ အေးဆေး TV  ကြည့် ၊ စာဖတ်တာလား ?
- အဖွဲ့အစည်း တစ်ခုမှာ အမြဲလိုလို ကိုယ်က ထထကြွကြွ လှုံ့ဆော် ဦးဆောင်လေ့ရှိသလား ? ဒါမှမဟုတ် အနောက်ကပဲ လိုတာတွေ လိုက်ဖြည့်ပေးပြီး မဖြစ်မနေလိုအပ်တော့မှ ဝင်ပါလေ့ရှိသလား ?
- စကားတွေ အများကြီး တရစပ်ပြောတတ်ပြီး ရယ်ရယ်မောမောနေတာများလား ? ဒါမှမဟုတ် လိုမှပဲ တစ်ခွန်းတစ်လေ ဝင်ထောက်ပြီး ပြောလေ့ရှိသလား ?
- ကိုယ် စိတ်မဝင်စားတဲ့ အကြောင်းအရာကိုလည်း သိပ်ပြီး စိတ်ထဲက လုပ်ယူစရာမလိုဘဲ စကားရောဖောရော ဝင်ပြောနိုင်တဲ့ အရည်အချင်းမျိုး/ အလေ့အကျင့်မျိုးရှိသလား ? ဒါမှမဟုတ် ကိုယ် စိတ်မဝင်စားရင် လုံးဝနီးပါး ဝင်မပြောနိုင်ဘဲ ကိုယ်တကယ် စိတ်ဝင်စားတဲ့ အကြောင်းအရာမှ စကားဝိုင်းထဲ ဝင်နိုင်တာမျိုးလား ?
စသဖြင့်ပေါ့ ။ ကိုယ့်ရဲ့ အပြုအမူ အတွေးအခေါ်တွေကို တစ်ချက်လောက် သေချာစောင့်ကြည့်ပေါ့ ညီ ။
ကိုယ့်ကိုယ်ကို Extrovert လား ? Introvert လား ? ( လူ လှုပ် လား ? လူ ငြိမ် လား ?  )  သိမှ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး နဲ့ ကိုက်မယ့် အလုပ်ကို ရွေးနိုင်မှာ ပေါ့ ညီ ။ ယေဘူယ အားဖြင့်တော့ Extrovert တစ်ယောက်ဟာ စာရင်းကိုင် လို အလုပ်မျိုး ၊ Graphic Designer လို ၊ Programmar လို အလုပ်မျိုး လုပ်ရရင် ဘယ်လိုမှ စိတ်ပါမှာ မဟုတ်ဘူး ။ သူ လုပ်နေရတဲ့ အလုပ်ကို မြန်မြန်ဆန်ဆန်ကို ငြီးငွေ့လာမှာပဲ ။  ဒီလိုပဲ Introvert တစ်ယောက် က Marketing ( ဈေးကွက် မြှင့်တင်ရေး  )     PR ( လူထု ဆက်ဆံရေး )  လုပ်ရင်  ၊ အရောင်း သမား ( Sales )  ၊ အကျိုးဆောင် စတဲ့ အလုပ်တွေ ဝင်လုပ်ရင် မလိုအပ်ဘဲ သူ့မှာ သူများထက်ပိုပြီး ဖိအားတွေ များနေသလို ခံစားနေရမှာပဲ ။ အေးအေးဆေးဆေးမရှိဘဲ အမြဲ ပူလောင်နေသလိုခံစားနေရပြီး စိတ်ဓာတ် ခွန်အားတွေ မလိုအပ်ဘဲ ကုန်ဆုံးနေရမှာပဲညီ ။
ဒီတော့ ဒီလိုမျိုး ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ အလုပ်အကိုင်ကို ကိုက်ညီအောင် မရွေးဘူးဆိုရင် ဖြစ်နိုင်တာက
၁။ အဲ့ ဒီ အလုပ်အကိုင်မှာ မအောင်မြင်ဖို့ များတယ် ။ ထိပ်ဆုံး နေရာတွေကို မရနိုင်ဘဲ အောက်ခြေ လောက်မှာပဲ လမ်းဆုံးသွားတာမျိုး ။ တစ်ချို့ လုပ်သက်ကြောင့်တာ အလယ်အလတ် ရာထူးမျိုး ရောက်ရင် ရောက်သွားမယ် ။ သိပ်ပြီးတော့ ထိထိရောက်ရောက် ထူးထူးခြားခြား စွမ်းဆောင်နိုင်တာမျိုး မရှိဘူးပေါ့ ညီ ။
ဒါမှမဟုတ် ရင်
၂။ အဲဒီ အလုပ်မှာတော့ အောင်မြင်မယ် ။ အရမ်းကို ရည်မှန်းချက်ကြီးပြီး ကြိုးစားနိုင်တဲ့လူမျိုးပေါ့ ။ သူ့ရဲ့ စိတ်ဓာတ် ခွန်အားနဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒက သူ့ရဲ့ ကိုယ်တွင်းက ကိုယ်ရည်ကိုယ်သွေးအားကို ကျော်သွားတာပေါ့  ။ရှင်းအောင်ပြောရရင် အလုပ်နဲ့ အံဝင်ခွင်ကျဖြစ်အောင် ရုပ်ပိုင်း၊စိတ်ပိုင်းကို ဖိဖိစီးစီးကြိုးစားရင်း သူ့ရဲ့ နဂို ကိုယ်ရည်ကိုယ်သွေးပါ ပြောင်းသွားတာမျိုးပေါ့ ။ ( ဒါမျိုး ဖြစ်သွားရင်တော့ ကံကောင်းတယ် ပြောရမှာပဲ ။ )
ဒါပေမယ့် တစ်ခါတလေမှာ ဖြစ်သွားတတ်တာက လုပ်ငန်း အရသာ အောင်မြင်နေတာ ကိုယ့်ကိုယ်ကို မကျေနပ် ၊ မပျော်ရွှင်တာမျိုး ဖြစ်နေ ရတတ်တယ် ။ လုပ်ငန်း အောင်မြင်နေပေမယ့် ကိုယ့်ဘဝကို ကိုယ့် လူနေမှု ပုံစံကို မကျေနပ်တော့ အလိုလို နေရင်း စိတ်ရှုပ်နေတာမျိုး စိတ်ဖိစီးနေရတာမျိုးတွေ ဖြစ်တတ်သေးတယ် ။ တစ်ချို့ဆို စိတ္တဇ ဆန်ဆန် ခံစားရတာမျိုး ဖြစ်ပြီး စိတ်ကျန်းမာရေးမှာ အကြီးအကျယ် ထိခိုက်သွားတတ်တယ် ညီ  ။ ( သတိကပ်ပြီး အသိလေးနဲ့ ထိန်းနိုင်ရင်တော့ သက်သာတာပေါ့ ညီ )
ဒါကြောင့် နိုင်ငံတကာမှာ ဆိုရင် Personality Tests ဆိုတာတွေ စစ်ဆေးလေ့ရှိကြတယ် ။ တကယ် အသေးစိတ်ဆိုရင်တော့ အကိုပြောခဲ့သလို ၆ မျိုး ၊ ၁၂ မျိုး အထိ ခွဲထုတ်လို့ရတာပေါ့ ။ ဒီလိုမျိုး ကိုယ်ရည်ကိုယ်သွေးပုံစံတွေကို သေချာ စစ်ဆေးပြီးမှ သူနဲ့ ကိုက်မယ့် အလုပ်ကို ရွေးချယ်ပေးတာမျိုးတွေ ၊ လမ်းညွှန်ပေးတာမျိုးတွေ လုပ်လေ့ရှိကြတယ် ။
ညီ့ကိုလည်း အကြံပေးချင်တာက ဖြစ်နိုင်ရင် ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့အလုပ်အကိုင်/ အသက်မွေးဝမ်းကြောင်း လုပ်ငန်းကို ကိုက်ညီအောင် ရွေးချယ်လုပ်ကိုင်ဖို့ပေါ့ကွာ ။  ဒါမှ အောင်လည်း အောင်မြင် ၊ ပျော်လည်း ပျော်ရွှင် ၊ဘဝဟာ ကျေနပ်စရာ အတိ ဖြစ်မှာပေါ့ ။ "
ညီလွင် တစ်ယောက် ကျွန်တော် ပြောတဲ့ စကား အရှည်ကြီးကို နားထောင်ရင်း ငြိမ်သက်စွာ ငေးမောနေတယ် ။ ကျွန်တော် ထင်တာတော့ သူ တစ်ခုခုကို တွေးနေတာ နေမှာပေါ့လေ ။
ကျွန်တော်ကိုယ်တိုင်လည်း ပြောစရာရှိတာ ပြောသွားပြီးတဲ့အခါမှာ  ကျွန်တော့် အကြောင်းကို ကျွန်တော် ပြန် တွေးနေမိတယ် ။
ကျွန်တော် ကိုယ်တိုင်ရော ဘဝမှာ အောင်မြင် ပျော်ရွှင် နေနိုင်ပြီလားလို့ ပေါ့ ။




၎ ။ ဘဝ တွေ ... ဘဝ တွေ ...

ထုံးစံအတိုင်း ညီလွင် ကျွန်တော့် ဆီ ရောက်လာပြီး ကျွန်တော်တို့ စကားဝိုင်းလေး ဆက်ဖြစ်ပြန်တယ်။ " အကို တခြားရော အကြံပေးချင်တာ လေးတွေများ ရှိသေးလားဗျ ။ အကို့ ဆီက ရသလောက် ယူသွားချင်လို့ပါ ။ "
" ဟားဟား ။ ညီကတော့ လုပ်ပြီ ။ ယူသွားရအောင် အကို့ဆီက ပဲ့ပါသွားတာမှ မဟုတ်တာကွာ ။ ရပါတယ် ။အကို ပြောချင်တာလေး တစ်ခုတော့ ရှိသေးတယ်ကွ ။ ညီ ပြန်သွားချိန်မှာ စဉ်းစားနေရင်းနဲ့မှ ခေါင်းထဲမှာ တဖြည်းဖြည်း ပြန်ပေါ်လာတာပေါ့လေ ။ ဘာလုပ်လို့ လုပ်ရမှန်း မသိဖြစ်နေတဲ့ ပြသနာကို ဖြေရှင်းပေးနိုင်မယ့် အကြောင်းအရာလေး တစ်ခုပေါ့ ။ အယူ အဆ တစ်ခု ဆိုတာထက် နည်းစနစ် တစ်ခု လို့ဆိုရင် ပိုပြီး မှန်နိုင်မယ် ထင်တယ်ကွ ။ "
" လုပ်ပါ အကို ။ ဘယ်လို နည်း စနစ်မျိုးလဲ ? ကျွန်တော် လည်း ခေါင်းသိပ်မစားဘဲ အလွယ်တကူ လိုက်လုပ်လို့ရတာပေါ့ ။  "
" အင်း အကိုလည်း အဲလို ယူဆလို့ ဒီ နည်းစနစ်ကို ပေးတာပါ ။ ဒါပေမယ့် ညီ မှတ်ထားဖို့က နည်းစနစ်တွေဆိုတာ နောက်ခံ အယူအဆလောက်မခိုင်မာဘူးနော် ညီ ။ ပိုပြီး ကောင်းတာတွေ ပိုပြီး ကိုယ်နဲ့ ကိုက်ညီတာတွေ အသစ်အသစ်အနေနဲ့ ထပ်ထပ်ပြီး ရှိလာနေဦးမှာပဲ ။ ဒီတော့ ဒီနည်းစနစ်လေးကိုလည်း ညီ့ အနေနဲ့ ဘယ်လို လုပ်ရတယ် ဆိုတာထက် ဘာကြောင့် လုပ်ရတယ်ဆိုတာကို သေချာ စဉ်းစား ကြည့်စေချင်သေးတယ် ။ "
" ဟုတ်ကဲ့ပါ အကို ။ ကျွန်တော်သဘောပေါက်ပါတယ် ။ "
          " ဒီလို ညီရ ။ ဒီ နည်းစနစ်လေးကို မပြောခင် ညီ့ ကို  အကို မေးခွန်းတစ်ခု အရင်မေးကြည့်ချင်တယ် ။ ရမလား ? "
" ဟုတ် မေးလေ အကို ။ ထူးထူးခြားခြား အကိုက ဘာမေးမလို့လဲ ? "
" ညီ အခု ဘာဖုန်းကိုင်ထားလဲ ကွ ။ "
" Huawei လေ အကို ။ Model သိပ် အမြင့်ကြီးတော့ မဟုတ်ပါဘူး ။ "
" အေးပါ ။ အဲဒါက သိပ် အရေးမကြီးပါဘူး ။ အကို မေးချင်တာက မင်းသာ အခုအချိန်မှာ ဖုန်း အသစ်တစ်လုံးရမယ်ဆိုရင် ဘယ်လို ဖုန်း မျိုး လိုချင်လဲ ။ ? "
" အာ အကိုကလည်း ပြောနေစရာ လိုသေးလို့လား ? iPhone ဒါမှမဟုတ် Samsaung ပေါ့ဗျာ ။ "
" ဟုတ်လား ? ဘာလို့ အဲဒီ ဖုန်းတွေကို လိုချင်ရတာလဲ ညီရ ။ "
" အဲ့ဒီ ဖုန်းတွေက Brand ပိုမြင့်တယ်လေ အကိုရာ ။ ကိုင်လိုက်တာနဲ့ လူတိုင်း အထင်ကြီး သွားစေနိုင်တယ် ။ ပြီးတော့ Functions တွေလည်းပိုစုံတယ် ။ အသံ ကွာလတီ ၊ ရုပ်ထွက် ကွာလတီ တွေလည်း ပိုကောင်းတယ် ။ iPhone ဆိုရင် ဒီဇိုင်းက ရိုးရိုးရှင်းရှင်းလေးနဲ့ကို လှနေတာ မျိုး ။ "
" အင်း ဟုတ်ပြီ ညီ ။ ဒါဆို အကို နောက် တစ်ခု ထပ်မေးမယ်နော် ။ ညီ တကယ်လို့များ ကား တစ်စီး အသစ်ရမယ်ဆိုရင် ဘယ်လို ကားမျိုး လိုချင်လဲ ညီရ ။ "
" ကား ? အကိုကလည်း ကျွန်တော့် က ကားနဲ့မှ မနီးစပ်တာ ။ ရရင်တော့ လိုချင်တယ် ။ ဒါပေမယ့် ဘာမှ ဘယ်လိုမှ ဆိုတာမျိုးတော့ မပြောတတ်ဘူး အကိုရ ။ ဇိမ်ကျမယ့် ကား ၊ လူ အထင်ကြီးခံရမယ့်ကား မျိုးပေါ့ဗျာ ။ ဒါမျိုး လိုချင်တာပေါ့ ။ "
" အေးပါ ဟုတ်ပါပြီ ။ ဒါဆို တစ်ခုလောက် ပြန်စဉ်းစားကြည့်စမ်းညီ ။ အခုနက ညီ့ကို အကို ဘာဖုန်းအသစ်လိုချင်လဲ လို့ မေးတုန်းက ညီ အတိုင်းအတာတစ်ခု အထိ တိတိကျကျ Brandname နဲ့ ပြောနိုင်တယ် နော် ။ ကားကျတော့ ညီ အဲလို မပြောနိုင်တော့ဘူး ။ အဲဒါ ဘာကွာ နေလို့ လို့ ထင်လဲ ညီ ။ "

ကျွန်တော် ပြုံးရင်း မေးလိုက်တဲ့ မေးခွန်းကို ညီလွင် သေသေချာချာ မျက်မှောင်ကျုံ့ပြီး စဉ်းစားပါတယ် ။ နောက်တော့ ...
" ဒါက ဒီလို ထင်တယ် အကိုရ ။ ဟုတ်လားတော့ မသေချာဘူးနော် ။ ကျွန်တော်က လက်ရှိ ဖုန်း ကိုင်ထားတယ် အကိုရာ ။ နေ့တိုင်းလည်း သေချာ သုံးဖြစ်တယ် ။ ဒီတော့ ကျွန်တော့် ဖုန်းရဲ့ ကောင်းကွက် ဆိုးကွက်တွေကို ကျွန်တော်သိတယ် ။ ပြီးတော့ ကိုယ်တိုင် မဝယ်နိုင်လို့ မဝယ်ဖြစ်သေးရင်တောင် အွန်လိုင်းမှာ ၊ ဂျာနယ်ထဲမှာ ဖုန်း ကြော်ငြာတွေ တွေ့ရင် သတိထားပြီး  ကြည့်ဖြစ် ဖတ်ဖြစ်တယ် ။ ဒီတော့ အကို ကျွန်တော့် ကို ဘာဖုန်းလိုချင်လဲ မေးလိုက်ချိန်မှာ ကျွန်တော် သိပ် အပင်ပန်းခံပြီး မစဉ်းစားလိုက်ရဘူး ။ သူ့ အလိုလို ကျွန်တော့် ခေါင်းထဲ ပေါ်လာတယ် ။
ကားကျတော့ အဲလို မဟုတ်ဘူး ။ ကျွန်တော့်မှာလည်း လက်ရှိ ရှိမနေတော့ အားသာချက် ၊ အားနည်းချက်တွေ ဘာမှမသိဘူး ။ ကားကြော်ငြာတွေ တွေ့ရင်လည်း သာမန်လောက်ပဲ ကြည့်မိပြီး ကျော်သွားလိုက်တာပဲ ။ ဒါကြောင့် ကျွန်တော့် ခေါင်းထဲမှာ ကားနဲ့ ပတ်သက်လို့ ဘာမှ ရှိမနေဘူး ။ ဒါကြောင့် အကို ဘယ်လို ကားမျိုး လိုချင်လဲ လို့မေးတော့ ကျွန်တော် သေချာ မဖြေနိုင်တာပဲ အကို ။ "
" အား ပါး ။ ကောင်းလိုက်တာ ညီ ။ ညီ စဉ်းစားပုံ အတော်လေး ကောင်းနေပြီ ။  ဟုတ်တယ် အကို ပြောချင်တာ အဓိ က က အဲ့ဒါပဲ ။  ဖုန်း အကြောင်း မေးလိုက်ချိန်မှာ ညီ သေသေချာချာ ဖြေနိုင်တာက အရင်ကတည်းက ညီ ဖုန်းနဲ့ ပတ်သက်ရင် အာရုံ ရှိနေလို့ ။ ကားကိုကျတော့ ညီ့ စိတ်ထဲမှာ အဲလောက် အာရုံရှိမနေတော့ ညီ သေသေချာချာ မဖြေလိုက်နိုင်ဘူး ။ ဒီကနေ ဆန့် တွေးကြည့်စမ်း ညီ ။ ဘဝ တွေ ကိုရော ညီ ဘယ်လောက် အာရုံ စိုက်ခဲ့မိဖူးလဲ ။ "
"ဘယ်လို အကို ၊ ဘဝ တွေ .... ဟုတ်လား ? ဒါတော့ နေ့တိုင်း ကျွန်တော် တို့ ကြုံနေရတာပဲလေ ။ ဘယ်လို အာရုံစိုက်စရာ လိုသေးလို့လဲ ? "
" ကား လိုပေါ့ညီ ။ ညီ နေ့တိုင်း တွေ့နေတာပဲလေ ။ ဒါပေမယ့် ညီ အာရုံသေချာ မစိုက်ထားမိတော့ ဘာကို လိုချင်မှန်း ညီ မသိဘူးပေါ့ ။ အဲလိုပဲ ဘဝတွေကို ညီ နေ့တိုင်း တွေ့နေ ရပေမယ့် သေချာ အာရုံ မစိုက်မိရင် ဘယ်လို ဘဝမျိုးကို လိုချင်လဲ ဆိုတာ ကိုယ့်ကိုယ်ကို မသိနိုင်ဘူး ညီ ။ "
" ကျွန်တော် အကို ပြောချင်တာကို သဘောတော့ ပေါက်လာပြီ အကို ။ ကျွန်တော့် အနေနဲ့ ကျွန်တော့် ဘဝမှာ ဘာဖြစ်ချင်လဲ ဆိုတာက သေသေချာချာသိချင်ရင် ကျွန်တော် နေ့စဉ် ထိတွေ့နေတဲ့ ဘဝ တွေကို အရင်ကထက် ပိုပြီး အာရုံ စိုက်ရမှာပေါ့ ။  "
" ဟုတ်တယ် ညီ ။ ညီ လုပ် ရမှာ ဒါပဲ ။ သာမန် ထက် စူးရှ တဲ့ အာရုံစိုက်မှုမျိုးနဲ့ ဘဝတွေကို ညီ လိုက်ကြည့်နိုင်ဖို့ လေ့လာနိုင်ဖို့ လိုတယ် ။ ဒါမှ ညီကိုယ်တိုင်လည်း ဘယ်လို ဘဝ မျိုးကို ပိုင်ဆိုင်ချင်လဲ ဆိုတာ သိမှာ ။ ပြီးတော့ နောက်တစ်ချက် ညီ ဖုန်း နဲ့ ပတ်သက်ရင် ဖုန်း ကြော်ငြာတွေမှာ သူ့ရဲ့ ဖုန်းမော်ဒယ် အသီးသီး အလိုက် ဘာတွေ ဘယ်လို ဖွဲ့စည်းထားတယ် ။ ဘာတွေ လုပ်လို့ရတယ်ဆိုတာကို သတိထားကြည့်မိတယ် မလား ? အဲဒီ လိုပဲ ဘဝတွေကို ကြည့်တဲ့အခါ သူတို့ ဘဝတွေကို ဘာတွေနဲ့ ဖွဲ့စည်းထားတယ် ။ ဘာတွေ လုပ်နေကြတယ် ။ လုပ်လို့ရတယ် ဆိုတာတွေကို ညီ သတိထားကြည့်ရမှာ ညီ "
" ဒါပေမယ့် အကိုရ ဖုန်းလိုမျိုး ရှင်းရှင်းလင်းလင်း ရေးပေးထားတာမှ မဟုတ်တာ ။ ကျွန်တော် က တစ်ယောက်ချင်းကို အဲလို လိုက်မေးရမှာလား ? "
          " မဟုတ်ဘူး ညီရ ။ ညီ့ အနေနဲ့ အဲလို လိုက်မေးချင်လည်း ရတယ် ။ ဒါပေမယ့် ခက်တာက လူတွေက တစ်ခါတလေ ကိုယ့် ဘဝ အကြောင်းကို ကိုယ်တိုင်တောင် ရှင်းရှင်းလင်းလင်းမမြင်တာမျိုးရှိတယ် ။ အဲလို မဟုတ်ဘဲ သေချာ ရှင်းရှင်းလင်းလင်း ပြောပြနိုင်တဲ့လူတွေနဲ့ တွေ့ခွင့်ရရင် ၊ သေသေချာ ချာ စကားပြော မေးမြန်းခွင့်ရရင်တော့ ညီ ကံကောင်းတာပေါ့ ။ အဲလို မဟုတ်ရင်လည်း တခြား နည်းလမ်းရှိတယ် ညီရ ။ ညီ ဖုန်း မော်ဒယ် တွေ အကြောင်းကို ဘယ်က သိရလဲ ? ဖုန်း ဆိုင်တွေ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လိုက်မေးရလား ? ဖုန်းကို ကိုယ်တိုင် ကိုင်ကြည့်ရမှ ဒါတွေကို သိရတာလား ? "
" ဒီလို တော့ ဘယ်ဟုတ်မလဲ အကိုရ ။ ဂျာနယ်ထဲမှာ အင်တာနက်ထဲမှာ ပါတာတွေကို အဓိက အရင် ကြည့်တာပေါ့ ။ "
          " အေး အဲလို ပဲပေါ့ ညီ ။ ဘဝ တွေ အကြောင်း သိရဖို့လည်း အင်တာနက်ပေါ်မှာ ၊ ဂျာနယ်တွေ ၊ မဂ္ဂဇင်းတွေ မှာ ၊ စာအုပ်တွေထဲမှာ လိုက်ရှာပေါ့ညီ ။ ညီ သေချာ သတိထားပြီး ဖတ်ရင် ဖတ်သလောက် ဘဝတွေ အကြောင်း ပိုသိလာမှာပဲ ။ အဲဒီ အချိန်မှာ ညီ့ အနေနဲ့ ဘယ်လို ဘဝ မျိုးကိုလိုချင်တယ်ဆိုတာကို အရင်ကထက်ပိုပြီး သိလာမှာပဲ ။ ဘဝ မော်ဒယ် ပုံစံတွေကို လိုက် ကြည့်သလိုပေါ့ ။ "
" အကို ပြောတာ သဘောပေါက်ပြီ အကို "  ညီလွင်က အားတက်သရော ပြောပါတယ် ။
          " အဲလို ကြည့်နိုင်ဖို့ရာမှာ အကို ဦးစားပေးစေချင်တာက သာမန်ပေါ့ပေါ့ပါးပါး တစ်ခန်းရပ် ဆောင်းပါးလေးတွေထက် ပြည့်ပြည့်စုံစုံ ပိုသိရနိုင်တဲ့ အတ္ထုပတ္တိ စာပေမျိုးကို ဖတ်စေချင်တယ် ။ တစ်အုပ်လုံး ကို သေသေချာချာ အချိန်ယူပြီး ရေးထားတာမျိုးတွေပေါ့ ။  ဒါမှ ကိုယ်က အဲ့ဒီ ဘဝ တစ်ခုရဲ့ အားသာချက် အားနည်းချက်တွေကို သေသေချာချာ သိရမှာ ။
-       ဂန္ဒီ ကြီး အကြောင်း ဖတ်မလား ? ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ဖတ်မလား ?
-       Martin Luther King အကြောင်း ဖတ်မလား ? ဦး သန့် အကြောင်း ဖတ်မလား ?
-       နည်းပညာ ဘက် နည်းနည်း စိတ်ဝင်စားရင် Steve Jobs အကြောင်း ဖတ်မလား ?
-       အားကစား စိတ်ဝင်စားရင် Ferguson အကြောင်း  ဖတ်မလား ?  စသဖြင့်ပေါ့ ။
သုတပိုင်းရော ရသပိုင်းပါပေးနိုင်ပြီး ပေါ့ပေါ့ပါးပါးဖတ်သွားလို့ရတဲ့ မြန်မာ စာရေးဆရာကြီးတွေရဲ့ ကိုယ်တိုင်ရေး အတ္ထုပတ္တိ  တွေ လည်း ရှိတာပဲ ။ ဆရာ သာဓု တို့ ၊ ဆရာ ရွှေဥဒေါင်း တို့ ရဲ့ ကိုယ်တိုင်ရေး အတ္ထုပတ္တိ တွေလိုပေါ့ ။ တစ်အုပ်လုံးကို လူတစ်ယောက်တည်း အကြောင်း အဓိကရေးထားတာမျိုးမဟုတ်ရင်တောင် အတ္ထုပတ္တိ အတိုလေးတွေ စုပြီး ထုတ်တဲ့စာအုပ်မျိုးတွေ ၊ နယ်ပယ် အသီးသီးမှာ အောင်မြင် နေသူတွေကို မေးထားတဲ့ အင်တာဗျူးတွေကို ဖတ်တာကလည်း  အတိုင်းအတာတစ်ခု အထိ အကျိုးရှိတာပါပဲ ။
ဒီလူတွေရဲ့ ဘဝ ပုံစံတွေကို ဖတ်ရင်း ကိုယ် ကြိုက်တာလေးတွေယူပေါ့ ။ မကြိုက်တာဆိုရင်တော့ ပယ်ပေါ့  ။ ဒီနေရာမှာ သတိထားစရာတစ်ခုရှိတာက ဘဝ ပုံစံကို ရွေးတဲ့အခါ  ဖုန်းရွေးသလို ညီ့ အနေနဲ့ တစ်လုံးလုံးကို ခြွင်းချက်မရှိ ရွေးလိုက်ရတာမျိုး မဟုတ်ဘူး ညီရ ။ ညီ ဖတ်မိ လေ့လာမိတဲ့ လူတွေမှာ ကိုယ်စီ အားသာချက်တွေ ၊ ညီ နှစ်သက်တာတွေ ရှိသလို ၊ အားနည်းချက်တွေ ညီ မနှစ်သက်တာတွေလည်း ရှိနိုင်တာပဲ ။ တစ်ခါတလေ သူတို့ရဲ့ အားသာချက်ကို ကိုယ်က မနှစ်သက်တာမျိုး တောင် ရှိနိုင်တာပဲ ။
ဥပမာ အကို ဆိုရင်ကွာ အရင်က Steve Jobs ကြီးကို အရမ်းသဘောကျတယ် ။ နောက်တော့ Steve Jobs ကြီး အကြောင်းကို စာအုပ်တွေ ၊ Documentary Films တွေ ကနေ တဆင့် လေ့လာကြည့်မိပြီးတဲ့အခါ မကြိုက်တဲ့ အချက် တစ်ချို့ ကို သွားတွေ့ရတယ် ။  
- သူ့ ရည်းစား ကိုယ်ဝန်ရတာကို ( စထောင်ကာစမို့လို့ ) အာရုံနောက်မခံဘဲ  ငါနဲ့ရတဲ့ ကိုယ်ဝန် ဟုတ်ချင်မှ ဟုတ်မှာပေါ့ လို့ ဆက်ဆံခဲ့တာတွေ
- သူ့ သူငယ်ချင်း Steve Wozniak < တကယ် Apple ရဲ့ Personal Computer ကို စတင်တီထွင်သူ > အပေါ်မှာ ပရောဂျက် အသေးလေးတစ်ခုမှာတောင် ရိုးရိုးသားသားရသမျှကို ခွဲဝေမပေးဘဲ ကြားထဲ က သူက ပိုယူလိုက်တာတွေ
- နောက်တော့ အောင်မြင်လာတော့လည်း Apple မှာ ဒီ သူငယ်ချင်းရဲ့ နေရာက သာမန်လောက်ပဲ ရှိပေမယ့် သူကတော့ တောက်လျှောက် အရမ်းကို ထောင် တက် လာတာတွေ ၊ < အခုအချိန်အထိ လူအတော်များများက Steve Jobs ကိုသိပေမယ့် Steve Wozniak ကို မသိကြဘူးလေ ။ >
- သူ အရင်းအနှီးအရပဲ အဓိက ဝင်ပါလိုက်တဲ့ Pixar Company ရဲ့ Toy Story ဇာတ်လမ်းလို ဟာမျိုးမှာတောင် သူ့ကိုပဲ အဓိက သတိထားမိအောင် နေရာယူလွန်းတတ်တာတွေ
- လူတွေအပေါ်မှာ အရမ်းကို ဖိအားပေးပြီး ပြတ်ပြတ်သားသားဆက်ဆံလွန်းတာတွေ
- လူတွေကို လိုရင် လိုသလို အသုံးချဖို့ကို အကောင်းဆုံး ချဉ်းကပ်တတ်ပြီး ရသမျှ အစွမ်းအစကို ဖိအားပေးပြီး ညှစ်ထုတ် ၊ ပြီးတော့ အသုံးသိပ်မလိုတော့ဘူးဆိုရင် ချောင်ထိုးထားပြီး လှည့်တောင်မကြည့်တော့တာတွေ စသဖြင့်ပေါ့ကွာ ။
တစ်ချို့ အကို မကြိုက်တဲ့အချက်တွေက သူ့ကို အဓိကအောင်မြင်စေတဲ့အရာတွေ ဖြစ်ခဲ့တာပဲ ။ သူ့ရဲ့ အားသာချက်လို့ ပြောလို့ရတာပဲ ။ ဒါပေမယ့် အကို မကြိုက်တော့ မယူဘူးပေါ့ ။အကို ကြိုက်တဲ့ အပိုင်းပဲ ယူတာပေါ့။ အကို အရင်က ပြောဖူးပါတယ်။ သစ်သီး တစ်လုံး ပိုးထိုးနေရင် ပိုးထိုးနေတဲ့ အခြမ်းဖယ်စားဖို့ ပေါ့ ။
ဒီလိုမျိုးပဲ ညီ့ အနေနဲ့ ကြိုပြီး စဉ်းစားထားသင့်တယ်ညီ ။ ညီလည်းသိပြီးသားပါ ။ လူဆိုတာ ဘယ်သူမှ ပြီးပြည့်စုံတယ်ရယ်လို့ မရှိဘူးလေ ။ ဒီတော့ ဘယ်သူ့ကိုမှ ပုဂိုလ်ရေး အလွန်အကျွံ မကိုးကွယ်မိတာ ကောင်းတယ် ။ သူတို့ကို ကိုယ့်အတွက်အားတက်စရာ ၊ အားယူစရာ လို့ သဘောထား ။ တသွေမတိမ်း တော့ လိုက်အတု မခိုးနဲ့ ။ သူတို့ အကြောင်းကို ကိုယ့်ခံယူချက် ၊ ယုံကြည်ချက်တွေနဲ့ ချိန်ထိုးပြီး ကိုယ့် ရဲ့ တကယ့် ဘဝကို ကိုယ့် အတွင်းမှာပဲ ပြန်ရှာရမှာ ညီ ။ ဒီလောက် ဆိုရင် ညီ အကို ပေးချင်တာကို ရမှာပါ ။ "
" ဟုတ်ကဲ့ ရပြီ အကို ။ ကျွန်တော် ရှင်းသွားပြီ ။ အကို ပြောသလို လူတွေရဲ့ ဘဝတွေကို သာမန်မဟုတ်ဘဲ အာရုံစိုက်ပြီး လေ့လာမယ် ။မေးမြန်းစူးစမ်းမယ် ။ လူတွေအကြောင်း ဆောင်းပါးတွေ ၊ အင်တာဗျူးတွေ ၊ အတ္ထုပတ္တိ တွေ ဖတ်ပြီး လေ့လာမယ် ။ ကိုယ်နဲ့ ကိုက်တာကို ယူ ၊ မကိုက်တာကို ပယ်ပြီး  ကိုယ့်ရဲ့ ဘဝ ပုံစံ တစ်ခုကို ကိုယ်တိုင် ဖန်တီးယူမယ် အကို ။ ကျေးဇူးပါ အကို ။ ဒီ နည်းစနစ်လေး ကျွန်တော့် ကို ပြောပြတဲ့အတွက် ။ "
ညီလွင် တစ်ယောက် ပြုံးပြုံးရွှင်ရွှင် တက်တက်ကြွကြွနဲ့ ကျွန်တော့်ကို အခုလို ပြန်ပြောတဲ့ အခါ ကျွန်တော့် အနေနဲ့ သူ တစ်ခုခုတော့ ရသွားပြီဆိုတာ သိလိုက်ရလို့ ကိုယ့်ကိုယ်ကို ကျေနပ်နေမိပါတယ် ။
***
ဒီလောက်ဆိုရင်တော့ သူ သူ့ကိုယ်သူ သေချာပေါက် ရှာတွေ့မှာပါ ။ တကယ်တမ်းကျတော့ သူ့ကို ဆွေးနွေးအကြံပေးခဲ့တဲ့ ကျွန်တော်ကိုယ်တိုင်လည်း ကျွန်တော့်ကို ကျွန်တော် ပြန်ရှာရပါဦးမယ် ။
တကယ် တမ်းတော့ ကိုယ့်ကိုယ်ကို ရှာဖွေရတယ်ဆိုတာ ရပ်တန့်သွားလို့ရတဲ့ အလုပ်မျိုးမဟုတ်ဘူးလေ ။
ရှာဖွေလေ တွေ့ရှိလေ ၊ ဘဝဟာပိုပြီး အဓိပ္ပာယ်ရှိပြီး နေပျော်လေ ဖြစ်လာတာကိုး ။
စာဖတ်သူ မိတ်ဆွေတို့လည်း ကိုယ့်ကိုယ်ကို ရှာတွေ့နိုင်ကြပါစေဗျာ ။
လေးစားလျှက်
- ကိုဇင်ဇေ
" ပန်းတိုင် တွေ့၍ တွေ့သော ပန်းတိုင် အရောက်လှမ်းနိုင်ကြပါစေ "
စာကြွင်း ။
လူငယ်တွေကို ဒါကိုဖတ် ဒါကို အသေမှတ် ဆိုတာမျိုး မပေးချင်လို့ သေသေချာချာ နားလည် သဘောပေါက်အောင် ကြိုးစားအားထုတ်ပြီး ရေးလိုက်တဲ့ အခါ ဒီ စာစုဟာ အတော်လေး ရှည်သွားရပါတယ် ။ တကယ်တမ်းတော့ ဒီ ကိစ္စဟာ ဒီထက် ပိုရှည်နိုင်တဲ့ အကြောင်းအရာပါ ။ လူ တစ်ယောက် အနေနဲ့ သူ့ ဘဝ ရှေ့ခရီးအတွက် ဘာကို ရှေ့ဆက်လုပ်သင့်တယ်ဆိုတာကို ဆုံးဖြတ်ရာမှာ ဒီလောက် ဆောင်းပါးလေးဟာ အတိုင်းအတာ တစ်ခုပဲ အထောက်အပံ့ ပေးနိုင်တယ်လို့ပဲ ကျွန်တော့် အနေနဲ့ ခံယူမိပါတယ် ။ တကယ်တမ်းတော့ ဒီ စာစုဟာ ကျွန်တော့် ဘဝမှာ လုံးချင်း စာအုပ် တစ်အုပ် အနေနဲ့ ရေးထုတ်ဖို့ အိပ်မက် မက်နေခဲ့တဲ့ စာအုပ်ထဲက အစိတ်အပိုင်း တစ်ခု ပါ ။
ကျွန်တော့်စာကို စောင့်ဖတ်နေသူ လူငယ်တွေများရှိခဲ့ရင် စောစောသိ စောစောအသုံးချနိုင်အောင်လို့ ဒီ စာစု ကို အရင်ဆုံး ရေးပေးလိုက်ဖြစ်တာပါ ။ လိုအပ်ချက်တွေ ရှိနေဦးမှာပါ ။ ဖြည့်စွက် စဉ်းစားပါ ။ မွန်းမံ တည်းဖြတ်ကြပါဗျာ ။ စာဖတ်သက် နည်းနေသေးသူ လူငယ်တွေ အတွက် လိုရင်းတိုရှင်း မှတ်လို့ရအောင် ကျွန်တော်ပြောသွားတဲ့ထဲက အဓိက အချက် ၄ ချက် ကို ပြန်လည် စုစည်းပေးလိုက်ပါတယ် ။

လူငယ် တစ်ယောက် အနေနဲ့ သူ့ ဘဝ ရှေ့ခရီးအတွက် ဘာကို ရှေ့ဆက်လုပ်သင့်တယ်ဆိုတာကို ဒီ အချက် ၄ ချက် ကို အသုံးချပြီး စဉ်းစား ဆုံးဖြတ်နိုင်ပါတယ် ။
၁။ ကိုယ် ဘာ ကို ဝါသနာပါလဲ / ဘယ် အလုပ်ကို စိတ်နှစ်ပြီး လုပ်နိုင်လဲ ဆိုတာကို သေချာ မြင်အောင် ကြည့်ရမှာ ဖြစ်ပါတယ် ။ ကြောက်နေ တွန့်မနေပါနဲ့ ။ ကိုယ့် ဝါသနာ အစစ်ကို သာ တွေ့အောင်ရှာပြီး အကောင်အထည် ဖော်နိုင်အောင် ကြိုးစားပါ ။
၂။ ဝါသနာကို ရှာမတွေ့သေးတဲ့အခါ မျော မနေပါနဲ့ ။ ကိုယ့်ရဲ့ အားသာချက် ဖြစ်တာတွေကို ရှာဖွေပါ ။ ကိုယ့် ပတ်ဝန်းကျင်က လူတွေကို အကြံပြုခိုင်းပါ ။ လုပ်သင့်လုပ်ထိုက် လုပ်စရာရှိတာတွေကို လုပ်နေရင်းနဲ့မှ ဝါသနာကို ဆက်ပြီး ရှာနေပါ ။
၃။ ကိုယ့်ရဲ့ ကိုယ်ရည် ကိုယ်သွေးနဲ့ လိုက်ဖက် မယ့် အသက်မွေး ဝမ်းကြောင်း လုပ်ငန်းကို ဦးစားပေး ရွေးချယ်ပါ ။ ကိုယ် က လူငြိမ် လား ? လူ လှုပ် လား ? ဒါနဲ့ ကိုက်တာကို ရွေးပါ ။
၎။ တခြား လူတွေရဲ့ ဘဝ လူနေမှု ပုံစံတွေကို လေ့လာပါ ။ ဒါမှ ကိုယ့်မှာ အားကျစရာ စံ တစ်ခု ရှိနေမှာပါ ။ လူတစ်ယောက် ကို အရူးအမူး လိုက် အတု မယူဘဲ လူတိုင်း လူတိုင်းဆီက ကောင်းတယ်လို့ ထင်တာ၊ ကိုယ် နဲ့ သင့်တော်မယ်လို့ ထင်တာကို ရအောင်ယူပါ ။ မကောင်းတာကိုပယ်နိုင်အောင် ကြိုးစားပါ ။

လူငယ်တွေ အနေနဲ့ မိမိဘဝ တိုးတက်ဖို့ အတွက် ဘာလုပ်သင့်လဲ ရွေးချယ်ဆုံးဖြတ်ရာမှာ ခေတ်က ဘာကို တောင်းဆိုလာသလဲ ? ဘယ်လို လုပ်ငန်းမျိုး ၊ အသက်မွေးဝမ်းကြောင်းမျိုးတွေ ခေတ်စားလာမှာလဲ ? ဆိုတာကို  မျက်ခြေမပြတ် လေ့လာတာဟာလည်း လုပ်သင့်တဲ့ အလုပ် တစ်ခုပါ ။
ဒါပေမယ့် ဒီ အလေ့အကျင့်ဟာ မိမိကိုယ် မိမိ သိဖို့ လောက် < စိတ်ချမ်းသာစွာ အောင်မြင်ဖို့မှာ > အရေးမကြီးဘူးလို့ ထင်လို့ ဒီ စာစုမှာ ချန်ထားခဲ့လိုက်ပါတယ် ။
ဆွေးနွေးမယ်ဆိုရင်လည်း အတော် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရမှာ ဖြစ်ပြီး အချိန် နဲ့ အမျှလည်း ပြောင်းလဲ နေနိုင်လို့ပါ ။ နောင်မှပဲ သီးသန့် ဆောင်းပါး များနဲ့ ထပ်မံ မျှဝေပေးပါ့မယ်ဗျာ ။ )



မြန်မာ့အိပ်မက် ( ပထမတွဲ ) ကို မဖတ်ရသေးသူများ အတွက်
Download ချဖို့ လင့်တွေ ပေးလိုက်ပါတယ် ။  :)
http://www.mediafire.com/download/xcrndpa7wg53kdl/  <<< Post အသစ်တင်တိုင်း မလွတ်တမ်း ဖတ်နိုင်မယ့်  Android Application
www.facebook.com/MyanmarDream / www.MyanmarDreamer.com  <<< Online ပေါ်မှ တိုက်ရိုက်ဖတ်ရှုရန်




♦ Active English စကားပြော သင်တန်း တည်ထောင်သူ ....
( www.ActiveEnglishMyanmar.com ) ( www.facebook.com/MmEnglishLearning )

♦ Myanmar Midas Touch အမည်ဖြင့် Social media marketing - ( Consulting and services ) လုပ်ငန်း
တည်ထောင် ဝန်ဆောင်မှုပေးနေသူ ...

♦ လူငယ်များ ကိုယ်ရည်ကိုယ်သွေး တိုးတက်စေရေးအတွက် အကြံဉာဏ် ၊ ဗဟုသုတများကို
( www.sharingkozinzae.wordpress.com ) / www.facebook.com/sharingkozin မှ
တဆင့် မျှဝေနေသူ ...

♦ ယခု စာဖတ်သူ ဖတ်ရှုနေသော မြန်မာ့ အိပ်မက် လူငယ် တိုးတက်ရေး အွန်လိုင်း မဂ္ဂဇင်းကို
စုစည်း စီစဉ် ၍ လူငယ်ထုကြား ပိုမိုပြန့်နှံ့စေရန် အခမဲ့ ဖြန့်ဝေပေးနေသူ

♦ တစ်နည်း အားဖြင့် " ကြယ်ငါး ကောက်နေသူ "

- ကိုဇင်ဇေ

3 comments:

  1. ကျေးဇူးတင်ပါတယ်ခင်ဗျာ။

    ReplyDelete
  2. ကျေးဇူးအထူးတင်ပါတယ် အစ်ကို....

    ReplyDelete
  3. ဗဟုသုတအများကြီးရပါတယ်​ ကိုယ့်​ကိုယ်​ကိုေ​တွေ့ေ​အောင်​ရှာေ​တော့မယ်​ဗျာ ​ကျေးဇူးအထူးပါ

    ReplyDelete