Friday, June 19, 2015

မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ရွေးချယ် တက်ရောက် လိုသူ လူငယ်များ ကြိုသိသင့်တာလေးတွေ



မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ရွေးချယ် တက်ရောက် လိုသူ
လူငယ်များ ကြိုသိသင့်တာလေးတွေ

၁၀ တန်းအောင်တဲ့ ညီငယ်/ညီမငယ် တွေကို အထောက်အကူတစ်ခု ပေးနိုင်ဖို့အတွက်  မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ( MMU ) နဲ့ပတ်သက်ပြီး ကြိုသိသင့်တယ်လို့ ထင်တာ / ကျွန်တော်ပြောချင်တာတွေကိုတော့ အကြမ်းဖျဉ်းရေးပေးထားပါတယ် ။


၁ ။ ရေကြောင်းမှာက သဘောင်္လိုက်တဲ့ မေဂျာတွေ ( Nautical Science , Marine Engineering ) ရှိသလို သဘောင်္လိုက်စရာမလိုတဲ့ မေဂျာတွေ Naval Architecture , Port and Harbour , Electrical Engineering , etc ..) လည်း ရှိပါတယ် ။ တစ်ချို့မေဂျာတွေကတော့ လိုက်ချင်လည်း လိုက် ... မလိုက်ချင်ရင်လည်း  နည်းနည်းလောက် လိုအပ်တာလေးတွေ ထပ်ပြင်ဆင်ပြီးရင် ကုန်းပေါ်မှာလုပ်လို့ရတဲ့ အဖြစ် ပြောင်းနိုင်တာတွေလည်း ရှိပါတယ် ။ ( Eg , Marine Engineering )
များသောအားဖြင့်တော့ သဘောင်္လိုက်တဲ့မေဂျာတွေကို လူကြိုက်များပြီး ပြုံတိုးကြတာတွေက များပါတယ် ။ လစာကောင်းတယ်လို့ မြင်ကြတာကိုး ။
၂။ ကျွန်တော်ကိုယ်တိုင်ကတော့ သဘောင်္လိုက်တဲ့ မေဂျာတစ်ခုဖြစ်တဲ့ Nautical Science ကို ယူခဲ့တာဖြစ်တဲ့အတွက် အဲ့ဒီ Major/Career အကြောင်းကိုပဲ ပြောပြနိုင်ပါတယ် ။
ကျန်တာတွေကိုတော့ မေဂျာမတူတဲ့ တခြား သူငယ်ချင်းတွေ / မိတ်ဆွေတွေ ဝင်ဆွေးနွေးပေးကြမယ်လို့ မျှော်လင့်ပါတယ် ။
၃။ ဒီ မေဂျာ ( Nautical Science ) က ၄ နှစ် တက်ရပါတယ် ။ ပြီးရင် သဘောင်္  တစ်နှစ် လိုက်ပေးရပါတယ် ။ ဒါပြီးမှ ဘွဲ့ပေးတာပါ ။ ကျောင်းကာလ ၅ နှစ်အတွင်း  သဘောင်္လိုက်တဲ့အခါ Apprentice/Training Officer လို့ အခေါ်အရ သုံးကြပေမယ့် တကယ်တမ်းတော့ အပြင်က Cadet တွေအတိုင်းပဲ ဆက်ဆံခံရတာ များပါတယ် ။ ( ကံကောင်းပြီး အရာရှိငယ်တစ်ယောက်လို ဆက်ဆံခံရတဲ့  သဘောင်္လိုင်းမျိုးကို ရောက်သွားတဲ့ သူငယ်ချင်းအချို့တော့ ရှိပါတယ် ။  )
ဒါဟာ ကျွန်တော်တို့ ဆင်း ကျောင်းသားအများစု ရင်ထဲ မကောင်းတဲ့ အချက်တစ်ခုပါပဲ ။ အပြင်ကနေ သဘောင်္စလိုက်တဲ့ လူတွေနဲ့ အတူတူ Cadet ပုံစံပဲ အလုပ်ဝင်ရတော့ကိုယ်တွေကကျောင်းမှာ ၄ နှစ်တောင် အချိန်ပေးခဲ့ရတာဆိုပြီး စိတ်မကောင်းဖြစ်တတ် ၊ ဒေါသထွက်တတ်ကြပါတယ် ။ နိုင်ငံတကာမှာလို Training Vessels တွေ နဲ့ သင်နိုင်တာမျိုး မရှိသေးတဲ့အတွက် ဒီ MMU ကျောင်းဆင်းတာနဲ့ နိုင်ငံတကာ လိုင်းတွေမှာ အရာရှိငယ်အဖြစ် တန်းပြီး တာဝန်ထမ်းဆောင်ခွင့်ရဖို့ကတော့ မဖြစ်နိုင်သလောက်နီးပါးပါပဲ ။ အောက်ခြေကနေပဲ အလုပ် စဝင်ရမှာပါပဲ ။
၎။ အဲ့ဒီလို တစ်နှစ်ပြည့်အောင် လိုက်ပြီးရင်လည်း အရာရှိ ဖြစ်ပြီလားမေးရင် မဖြစ်သေးပါဘူး ။
အများ ( အပြင်ကလိုက်တဲ့ သဘောင်္သားများ ) နည်းတူ အရာရှိစာမေးပွဲ ဝင်ဖြေရဦးမှာ ဖြစ်ပါတယ် ။
အဲဒီမှာ ရေးဖြေ/နှုတ်ဖြေ အောင်မှ အရာရှိလက်မှတ် ရမှာ ဖြစ်ပါတယ် ။ ( ဒီနေရာမှာတော့ ၄ နှစ်စာ သင်ခဲ့ရတဲ့ စာအချို့က ကိုယ့်အတွက် အသုံးဝင်လာပါပြီ ။ အခြား အပြင်လူတွေထက် ဒီစာတွေကို ထိတွေ့ချိန် ပိုများခဲ့တဲ့အတွက် အောင်ဖို့ အခွင့်အရေး ပိုများပါတယ် ။ )
၅။ အပြင်ကလူတွေလိုပဲ အောက်ခြေရာထူးကနေ စလိုက်ရတယ် ။ စာမေးပွဲထပ်ဖြေရပြီး အောင်မှလည်း အရာရှိလက်မှတ် ရမှာဆိုတော့ ဘာများထူးသေးလို့လဲလို့ မေးစရာရှိပါတယ် ။ ဟုတ်ကဲ့ အဓိကထူးခြားတာ တစ်ချက်ပဲရှိပါတယ် ။ အရာရှိစာမေးပွဲ ဖြေဖို့ လိုအပ်တဲ့ "လုပ်သက်" ပါ ။ အပြင်လူတွေက - ၃ နှစ်ခွဲ လိုပါတယ်။ ရေကြောင်းသိပ္ပံ ( ဆင်မလိုက် ) ဆင်းတွေက - ၂ နှစ်ပဲ လိုပါတယ် ။ ရေကြောင်း တက္ကသိုလ် MMU ( သီလဝါ ) ကျောင်းဆင်းတွေကတော့ - ၁ နှစ်ပဲ လိုပါတယ် ။
ဒီတော့ ရေကြောင်းတက္ကသိုလ် MMU ဆင်းရင် အချိန်တိုတိုနဲ့ အရာရှိ ဖြစ်နိုင်တယ်လို့ ယူဆလို့ရပါတယ် ။ < ယူဆလို့ပဲ ရတာပါ ။ လက်တွေ့မှာ ဟုတ်ချင်မှ ဟုတ်မှာပါ ။ ဘာလို့ဆိုရင် ရေကြောင်း သိပံ္ပကျောင်းဆင်းတွေက ကျောင်းတက်ချိန် ၂ နှစ်ပဲ လိုပြီး ၊ ရေကြောင်း တက္ကသိုလ် ဆင်းတွေက ကျောင်းတက်ချိန် - ၄ နှစ် လိုလို့ပါ ။
ကျွန်တော့်သူငယ်ချင်း  ရေကြောင်းသိပံ္ပကျောင်းဆင်း တစ်ယောက်ဆိုရင် ကျွန်တော်တို့ထက် အရာရှိစာမေးပွဲ ဖြေခွင့်ရတာ ပိုစောပါတယ် ။ ကြားထဲမှာ သဘောင်္လိုက်ဖို့ စောင့်ရတဲ့အချိန်လည်း ကွာသွားလို့ပါ ။ အဲလို  စောင့်ရတဲ့အချိန်  ကြာ/မကြာကလည်း ကိုယ် အလုပ်ရသွားတဲ့ သဘောင်္လိုင်းရယ် ကိုယ့်ကို အဲဒီ သဘောင်္လိုင်းက ဘယ်လောက် သဘောကျတယ် နဲ့ ဆိုင်ပါတယ် ။
၆။ ဝင်ငွေ ကိစ္စကို ပြောရရင်တော့ ကိုယ့်ရာထူးအပြင် ကိုယ် အလုပ်ရတဲ့ သဘောင်္လိုင်း ပေါ်မှာ မူတည်ပါတယ် ။ အဲဒီအပြင် ကိုယ် အလုပ် လုပ်ရတဲ့ သဘောင်္ပေါ်မှာ အပိုငွေ ရတတ်တာလည်း ရှိတော့ ပုံသေကြီးတော့ မှတ်လို့မရပါဘူး ။
- စလုပ်ကာစ ရာထူးမှာ အမေရိကန် ဒေါ်လာ ၂၀၀ ကနေ ၄၅၀ ကြား ဖြစ်နိုင်ပါတယ် ။
ပထမ စာမေးပွဲ ဖြေပြီးရင် တတိယအရာရှိ ( Third Officer/Mate ) အနေနဲ့ အလုပ်လုပ်တဲ့အခါ - ၁၆၀၀ ကနေ ၂၅၀၀ လောက်ကြား ရနိုင်ပါတယ် ။ ( တစ်ချို့ လိုင်းတွေမှာ 4th Officer  ရှိပါသေးတယ် ။ ဒေါ်လာ ၁၃၀၀ ကနေ ၁၈၀၀ ဝန်းကျင်လောက် ရတတ်ကြပါတယ် )
ဒုတိယ အရာရှိ ( Second Officer ) ဖြစ်ပြီဆိုရင်တော့ - ဒေါ်လာ ၂၅၀၀ ကနေ ၃၅၀၀ ကြား ရနိုင်ပါတယ် ။
ပြီးရင် နောက်ထပ် စာမေးပွဲဖြေရပါတယ် ။
ကုန်းချုပ် ( Chief Officer ) ဖြစ်ပြီဆိုရင်တော့ - ဒေါ်လာ ၄၅၀၀ ကနေ ၇၀၀၀ ကြားလောက် ရနိုင်ပါတယ် ။
ပြီးရင် နောက်ထပ် နှုတ်ဖြေစာမေးပွဲ ဖြေရပါတယ် ။
Captain ဖြစ်ပြီဆိုရင်တော့ - ဒေါ်လာ ၇၀၀၀ က နေ တစ်သောင်း ကြား ရနိုင်ပါတယ် ။
ရေကြောင်း လောကထဲမှာ မရှိတော့ဘဲ အရင့်အရင် သိထားတာတွေကို ပျမ်းမျှ ရေးပေးထားတာဖြစ်လို့ လစာ အနည်းအကျဉ်း အပြောင်းအလဲ ရှိနိုင်ပါတယ် ။
( မှားနေတာ ရှိရင်လည်း ဝင်ပြင်ပေးသွားပါ ရေကြောင်း သူငယ်ချင်း/ မိတ်ဆွေတို့ ခင်ဗျား )
၇။ ရာထူး ကိစ္စ ပြောပြပါမယ် ။
ပြောခဲ့တဲ့ အတိုင်း MMU ကျောင်းဆင်းပြီးရင် အောက်ခြေ ရာထူး Cadet ကနေ စ ပြီး သဘောင်္  လိုက်ရပါမယ် ။ ပြီးရင် လုပ်သက် ၁ နှစ် ပြည့်တဲ့အခါ စာမေးပွဲ ဖြေရပါမယ် ။ အောင်ရင် တတိယ အရာရှိ  ( 3rd officer ) ဖြစ်ပါမယ် ။ ( တစ်ချို့ လိုင်းတွေကတော့ 4th officer ပဲ ပေးတာမျိုး ရှိပါတယ် ။ )
အဲ့ဒီမှာ ကျွန်တော်တို့ ရေကြောင်း ကျောင်းသား တစ်ချို့ တိုင်ပတ်တတ်တာတစ်ခုက ကိုယ်က အရာရှိလက်မှတ် ကိုင်ထားတာတောင် ကိုယ့်ကို အရာရှိ အနေနဲ့  သဘောင်္ပေါ် တင်ပေးဖို့ အတော်လေး စောင့်ရတာဖြစ်ပါတယ် ။ သဘောင်္လိုင်းတွေက အရာရှိ ပူပူနွေးနွေးထက် လုပ်သက်ရင့် အရာရှိတွေကို ဦးစားပေးချင်လို့ရယ် / အရာရှိ နေရာ လစ်လပ်မှု နည်းလို့ရယ် ဖြစ်ပါတယ် ။
တတိယအရာရှိ အနေနဲ့ ၁ နှစ် ( တစ်ချို့ ၂ နှစ် / ၃ နှစ် ) လုပ်ပြီးရင် ကိုယ့် လုပ်ရည်ကိုင်ရည်ပေါ်မူတည်ပြီး ဒုတိယအရာရှိ ( 2nd officer ) ရာထူး ရပါမယ် ။ ( သဘောင်္ လိုင်းတွေမှာ လုပ်သက် ဘယ်လောက်မှာ ဘာဖြစ်မယ်ဆိုပြီး စာချုပ်မှာ ပါလာပေမယ့် အဲ့ဒီ စာရွက်ပေါ်က သဘောတူညီချက်တွေထက် သဘောင်္ပေါ်မှာ ကိုယ်တွေ့ရမယ့် ကိုယ့်ရဲ့ အထက်အရာရှိတွေရဲ့ အမြင် ၊ သဘောထားက ပိုအရေးကြီးနေတတ်ပါတယ် ။ )
ပြီးရင် ဒုတိယ အရာရှိအနေနဲ့ ၂ နှစ် / ၃ နှစ် ကနေ ၅ နှစ်လောက် အထိလိုက်ပြီး စာမေးပွဲ ထပ်ဖြေလို့ရပါတယ် ။ အောင်ရင် Chief Officer ဖြစ်ပါပြီ ။ ပြောခဲ့သလိုပဲ အောင်လက်မှတ်ရှိတိုင်းလည်း သက်ဆိုင်ရာ အရာရှိရာထူးနဲ့ အလုပ် လုပ်ခွင့် ရချင်မှတော့ ရမှာပါ ။ လုပ်သက်နဲ့ လုပ်ငန်းခွင် အရည်အချင်းကို ထည့်တွက်ရဦးမှာမို့ပါ ။
( အပြင်က ဈေးကွက်ရဲ့ လုပ်သားလိုအပ်ချက် နဲ့လည်း ဆိုင်ပါတယ် ။ )
Chief Officer အနေနဲ့ ၂ နှစ်ကနေ ၅ နှစ်လောက် လုပ်ပြီးရင်တော့ နှုတ်ဖြေ ဖြေပြီး Captain ကြီး ဖြစ်ပါပြီ ခင်ဗျာ ။ တစ်ချို့က Captain အနေနဲ့ နှစ်အတန်ငယ် လုပ်ပြီး ကုန်းဘက်ကို ပြန်ပြောင်းတာတွေရှိသလို တစ်ချို့က အလတ်တန်း  ( 3rd,2nd,Chief officer ) အရာရှိ ဖြစ်တာနဲ့ ကုန်းဘက်ကို ပြောင်းတာလည်း ရှိကြပါတယ် ။ ( Company Management ပိုင်း ၊ ဆိပ်ကမ်းပိုင်း ၊ သင်ကြားရေးပိုင်း စတာတွေကိုပေါ့ )
ဘာလို့ ပြောင်းကြလဲ ဆိုရင် ရေထဲမှာ နေရတာ မကြိုက်လို့ပါ ။
ကဲ အခု ရေကြောင်း  အရာရှိ တစ်ယောက် ဘဝရဲ့ ဆိုးတာလေးတွေ နည်းနည်း ပြောပါတော့မယ် ။
၁။ မိသားစုဘဝ ဆုံးရှုံးရပါတယ် ။ ဒါက ချဲ့တွေးရင် တွေးသလောက် ကြေကွဲလို့ရတဲ့ အချက်ပါ ။
၂။ ရေထဲမှာ အနေများတော့ ကုန်းပေါ်က ဖြစ်ပျက်ပြောင်းလဲမှုတွေကို လိုက်မမှီတော့တာမျိုး ဖြစ်တတ်ပြီး ကုန်းပေါ်မှာ နားပြီး စီးပွားရေးလေး ဘာလေး လုပ်ချင်ရင်တောင် အဆင်မပြေတော့တာမျိုး ဖြစ်တတ်ပါတယ် ။
၃။ ဝန်ထမ်း ဖြစ်တဲ့အတွက် လစာ ဝင်ငွေက အကန့်အသက် တစ်ခုမှာ ဂိတ်ဆုံးပါတယ် ။
( တခြား စီးပွါးရေး / ရင်းနှီးမြှုပ်နှံမှု တွဲလုပ်နိုင်ဖို့ ကြိုးစားကြရပါတယ် ။ စီးပွါးရေးလည်း သိပ်မသိကြတော့ အများစုကတော့ အိမ်ခြံမြေ ဝယ်စုကြတာ များပါတယ် )
၎။ တစ်ချို့တွေ ကိုယ့် ရည်းစား ၊ ချစ်သူ ရဲ့ စွန့်ပစ်ခြင်း ခံရပါတယ် ။ ( တခြား အလုပ် လုပ်လည်း ခံရကောင်း ခံရမှာ ဖြစ်ပေမယ့် ဒီ အလုပ်မှာ ရာခိုင်နှုန်းပိုများပါတယ် ။ လူငယ်တွေ အတွက်မို့လို့ ဒီအချက် ထည့်ရေးရတာပါ ။ ဒီအတိုင်း စွန့်ပစ်တာခံရရင်တောင် တော်သေးပေမယ့် တစ်ချို့ ကိုယ်ပို့တဲ့ ပိုက်ဆံကျတော့ ယူပြီး ကိုယ့် အပေါ်မှာ ဖောက်ပြန်တာမျိုး ခံရတာအထိ ရှိတတ်ပါတယ် ။ )
၅။ တစ်ချို့ စိတ်ပိုင်း ဆိုင်ရာ ထိခိုက်မှု များတတ်ပါတယ် ။
- ဒေါသ ကြီးတတ်တာ
- လူတွေနဲ့ သိပ် အံမဝင်တာ
- အလိုလိုနေရင်း ကြွားဝါတာ
- လူတွေကြားထဲနေရင်း အထီးကျန်နေတတ်တာ ( ကိုယ့် သဘောင်္သား အချင်းချင်း ပိုပေါင်း ဖြစ်ကြတယ် )
- စိတ် အလိုမကျတာ များနေတာ
စတာတွေ ဖြစ်တတ်ပါတယ် ။

ဒီ ဆိုးကျိုးတွေကို ရေကြောင်းလောကသားတွေ / ရေကြောင်းအရာရှိတွေက ထုတ်ပြောခဲပါတယ် ။ သူတို့အချင်းချင်း နဲ့ ရင်းနှီးသူတွေလောက်ကိုပဲ ရင်ဖွင့်လေ့ရှိကြတာပါ ။ ဒါကြောင့် အပြင်လူ အများစုက သဘောင်္လိုက်တာကို အကောင်းတွေပဲ ထင်ပြီး ဒီလောက က ထွက်လာသူတွေကို အားမလို အားမရ ဖြစ်တတ်ကြတာပါ ။
လစာ နဲ့ ခံစားခွင့် တစ်ချို့ကောင်းတာတွေရှိပေမယ့် ကိုယ့်ဘက်က ပြန်ပေးဆပ်ရမှာလည်း မနည်းဘူးဆိုတာ ကြိုစဉ်းစားထားပါ ။
ရွေးချယ် ဖြစ်ခဲ့ရင်လည်း အကောင်းဆုံး ပြင်ဆင်ပြီး လုပ်ပါ ။
ရေရှည် စီမံကိန်း ဆွဲထားပါ ။
- ဘယ် အချိန်မှာ ဘယ် အဆင့် အရာရှိ ဖြစ်အောင် လုပ်မယ် ။
- ဘယ် အချိန်မှာ ငွေ ဘယ်လောက် ရပြီး ဖြစ်ရမယ်
- ဘယ် အချိန် မှာ  အနားယူမယ်
- အနားယူတဲ့ အခါ ရပ်တည်နိုင်ဖို့ ဘာတွေ ဘယ်လို ပြင်ဆင်လေ့လာထားမယ် စတာတွေကို
ကြိုတွေးရမှာ ဖြစ်ပါတယ် ။
ကိုယ်တိုင် မပြင်ဆင်တတ်ရင် ရေကြောင်းက စီနီယာတွေကို မေးပါ ။
ကူညီချင်တဲ့ အကို တွေ က ညီတို့ ညီမတို့ကို စောင့်နေပါတယ်ဗျာ ။

လူငယ်များကို လေးစားမျှော်လင့်လျှက်
ကိုဇင်ဇေ

စာကြွင်း ။
ကျောင်းမှာ နောက်ပိုင်း MMU ( Nautical Science ) ကျောင်းဆင်းတွေကို စာသင်နှစ် ၄ နှစ်ပြီးတဲ့အခါ သဘောင်္ ၁ နှစ်ပဲ လိုက်ရုံနဲ့ အရာရှိစာမေးပွဲ အတွက်  အရင်လို ရေးဖြေ ဖြေစရာ မလိုတော့ဘဲ နှုတ်ဖြေသာ ဖြေရတော့တယ်လို့ ကြားရပါတယ် ။ နောက်လူတွေ အချိန်ကုန် သက်သာသွားတာမို့ မင်္ဂလာပါပဲဗျာ ။
ထပ်မံ ဖြည့်စွက် ဆွေးနွေးလိုတာများကို အားမနာတမ်း ဆွေးနွေးကြပါ ရေကြောင်း နောင်တော်ကြီးများ ခင်ဗျား :)


♦ Active English စကားပြော သင်တန်း တည်ထောင်သူ ....
(
www.ActiveEnglishMyanmar.com ) ( www.facebook.com/MmEnglishLearning )
♦ Myanmar Midas Touch အမည်ဖြင့် Social media marketing - ( Consulting and services ) လုပ်ငန်း
တည်ထောင် ဝန်ဆောင်မှုပေးနေသူ ...
♦ လူငယ်များ ကိုယ်ရည်ကိုယ်သွေး တိုးတက်စေရေးအတွက် အကြံဉာဏ် ၊ ဗဟုသုတများကို
(
www.sharingkozinzae.wordpress.com ) / www.facebook.com/sharingkozin မှ
တဆင့် မျှဝေနေသူ ...
♦ ယခု စာဖတ်သူ ဖတ်ရှုနေသော မြန်မာ့ အိပ်မက် လူငယ် တိုးတက်ရေး အွန်လိုင်း မဂ္ဂဇင်းကို စုစည်း စီစဉ် ၍ လူငယ်ထုကြား ပိုမိုပြန့်နှံ့စေရန် အခမဲ့ ဖြန့်ဝေပေးနေသူ ( www.MyanmarDreamer.com )

♦ တစ်နည်း အားဖြင့် " ကြယ်ငါး ကောက်နေသူ "

0 comments:

Post a Comment