Friday, June 19, 2015

ညီ တစ်ယောက် ထံမှ စာ



ညီ တစ်ယောက် ထံမှ စာ
ညီ တစ်ယောက်က ကျွန်တော့် ဆီကို စာအရှည်ကြီးရေးပြီး အကြံဉာဏ်တောင်းပါတယ် ။ ကျွန်တော် သိသလောက် ပြန်ပြောပြမိတာတွေက တခြားလူငယ်တွေ ( အထူးသဖြင့် ရှုံးနိမ့်မှု တစ်ခု အတွက် ထပ်တလဲလဲ အပြစ်တင်ခံနေသူ လူငယ်တွေ ၊ မိဘနဲ့ အတိုက်အခံ ဖြစ်နေသူတွေ ၊ နယ်က လူငယ်တွေ ) အတွက် အကျိုးရှိမယ်လို့ ထင်လို့ ပြန်တင်ပေးလိုက်ပါတယ် ။ စိတ်ရှည်လက်ရှည်နဲ့ သေချာဖတ်သွားမယ်ဆိုရင် အကျိုးတစ်စုံတစ်ရာရှိမယ်လို့မျှော်လင့်ပါတယ်ဗျာ ။ သူ့ရဲ့ ပေးစာကို မူရင်းအတိုင်း ထည့်ပေးလိုက်တာက ပိုပြီး သင့်တော်မယ်လို့ ယူဆလို့ / ဆက်စပ် ဖတ်ရှုရာမှာလည်း အရာသာ ရှိအောင် အပြည့်အစုံ ပြန်ထည့်ပေးလိုက်ပါတယ် ။


အစ်ကို မင်္ဂလာပါခင်ဗျာ..... ကျွန်တော့် အနေနဲ့ Chat boxကပဲ ဆက်သွယ်လိုက်တာ ရိုင်းသလို ဖြစ်သွားရင် ခွင့်လွှတ်စေချင်ပါတယ်ခင်ဗျာ...။ ကျွန်တော့် အခက်အခဲလေးကို အစ်ကို့ဆီမှာ နည်းနည်းလောက် ပြောပြခွင့်ပြုပါခင်ဗျာ။ ကျွန်တော်က လောလောဆယ်မှာ  ပန်းတိုင်ကိုရောက်ဖို့ထား ကိုယ့်ပန်းတိုင် ဘာလဲ ဆိုတာကို သေချာမသတ်မှတ်နိုင်တဲ့အနေအထားရောက်နေလို့ပါ။
ကျွန်တော်က ၂၀၁၃မှာ ဆယ်တန်းအောင်ခဲ့ပါတယ်။ တက္ကသိုလ်ရွေးတဲ့အချိန်ရောက်တော့ ကျွန်တော့် မိဘတွေနဲ့ အဒေါ်တွေရဲ့ဆန္ဒအရ တပ်မတော်နည်းပညာတက္ကသိုလ်ကိုတက်ခဲ့ရပါတယ်။ ကျွန်တော့်အိမ်က သိပ်မပြေလည်ပါဘူး၊အဲဒါကြောင့်ငွေကုန်ကြေးကျသက်သာမယ့်ကျောင်းကိုရွေးခဲ့ရတာပါ။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ လုံးဝမနေနိုင်ခဲ့တဲ့အတွက် တစ်နှစ်ပဲတက်ပြီး ရတဲ့နည်းနဲ့ပြန်ထွက်ခဲ့ပါတယ်။ အဲ့ဒီကျောင်းမှာ ပင်ပန်းဆင်းရဲလို့ ဆက်ပြီးမတက်ချင်တာမဟုတ်ပါဘူး။ အိပ်မက်တောင်လွတ်လပ်စွာမက်ခွင့်မရှိတဲ့ နေရာတစ်ခုလည်းဖြစ်နေတယ် ၊ပြီးတော့ ကျွန့်တော့်ဘ၀ကို ကောင်းကောင်း တည့်မတ်ပေးနိုင်မယ့်နေရာ မဟုတ်နိုင်လို့ထွက်ခဲ့တာပါ။ ကျွန်တော်က ပြစ်ဒဏ်ပေးနည်းလမ်းနဲ့ ထွက်ခဲ့ရတာဖြစ်တဲ့အတွက် တပ်အချုပ်မှာ တစ်လကျခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလကုန်ကစပြီး ကျွန်တော်လွတ်ခဲ့ပါတယ်။
အဲဒီအချိန်က စပြီးကျွန်တော်စဉ်းစားပါတယ်။ ကျွန်တော် ရှေ့ဆက်မယ့်လမ်းကို ဘယ်လို ဆက်လျှောက်ရမလဲ ဆိုတာကိုပါ။ ဒါပေမယ့် ကျွန်တော့်ပတ်ဝန်းကျင်က ဆွေမျိုးတွေက ကျွန်တော် ဗိုလ်သင်တန်းက ထွက်ခဲ့တာကို အပြစ်ကြီးတစ်ခုလိုလုပ်ပြီး ကျွန်တော့်ကို ဇွဲမရှိတဲ့ လူညံ့တစ်ယောက်လို သတ်မှတ် ဆက်ဆံနေကြပါတယ်။ အခုထိပါပဲ၊၊ အဲ့လို ဆက်ဆံခံရတိုင်း… ကျွန်တော့်မှာ မခံချင်စိတ်ဖြစ်လိုက်၊စိတ်ဓာတ်တွေ ချွတ်ခြုံကျလိုက်ဖြစ်ရပါတယ်။ ကျွန်တော်က လက်ရှိမှာ အလုပ်လဲမရှိအမြဲတမ်းအားနေတဲ့ လူပိုကြီးဖြစ်နေပါတယ်။ အဲ့ဒီအတွက်အမြဲတမ်းဆူပူနေပါတယ်။ကျွန်တော့် မိဘတွေကို အလုပ်လုပ်မယ်လို့ပြောကြည့်ပေမယ့် သူတို့က လက်မခံပါဘူး၊ အဝေးသင် ပထမနှစ်တက်ပြီးမှ အလုပ်လုပ်ဖို့ စဉ်းစားလို့ပြောပါတယ်။
ဒါပေမယ့် အလုပ်လုပ်ဖို့သာပြောရတာ ကျွန်တော်ကိုယ်ကျွန်တော် ဘာအလုပ်လုပ်ရမလဲကို မသိပါဘူး။
နောက်ပြီး ကျွန်တော့်ကိုယ်ကျွန်တော်အခုလိုမျိုးတနေကုန် ဘာအလုပ်မှ မရှိပဲ အားနေတဲ့ အချိန်မှာတော့ အင်တာနက်သုံးတယ်၊ စာအုပ်တွေဒေါင်းတယ်၊ဖတ်တယ်။ နေ့တိုင်းအဲ့ဒီလိုပဲ အချိန်ကုန်နေရပါတယ်။ စိတ်တွေ လေနေတယ်လို့လဲ ခံစားနေရပါတယ်။ ကျွန်တော် ခုနေတဲ့မြို့လေးက ခေါင်လဲခေါင်၊သိပ်လဲ မဖွံ့ဖြိုးသေးတဲ့ အညာ မြို့လေးတစ်မြို့ပါ၊မုံရွာနဲ့နီးပါတယ်၊ ဒီမြို့လေးမှာ လူငယ်တွေအတွက် အခွင့်အလမ်းတွေ ဘာမှကိုမရှိသလောက်နည်းပါတယ်။  ကျွန်တော့်အနေနဲ့ ရန်ကုန်လိုမြို့ကြီးတွေကိုလည်း လက်လှမ်း မမီနိုင်သေးပါဘူး။ အဲ့ဒါကြောင့် ကျွန်တော်နဲ့ကိုက်ညီမယ့် အလုပ်အကိုင် အခွင့်အလမ်း ဘာတွေရှိမလဲ ဆိုတာကိုလဲ မသိနိုင်ပါဘူး။
ကျွန်တော် စဉ်းစားထားတာက အလုပ်တစ်ခုခုလုပ်ရင်း ကျောင်းတက်မယ်၊ ကျောင်းပြီးမှ ဘွဲ့ရနဲ့ လျှောက်လို့ရမယ့် အလုပ်တစ်ခုလျှောက်ချင်ပါတယ်။ အဲ့ဒီနေရာမှာလဲ ကျွန်တော့်မိဘတွေနဲ့ ကျွန်တော် သဘောထားထပ်ပြီး ကွဲလွဲပြန်ပါတယ်။ ကျွန်တော့်မိဘတွေ သဘောက ကျောင်းပြီးရင် အစိုးရ ကျောင်းဆရာအလုပ်ကို လုပ်စေချင်ပါတယ်၊ ပြီးတော့မှ တဆင့်ပြီးတဆင့် ရာထူးတက်အောင်ကြိုးစားပြီး အေးအေးဆေးဆေးနေစေချင်ပါတယ်။ ကျွန်တော်ကတော့ ခုလက်ရှိမြန်မာပြည်ရဲ့ လူငယ်တွေအတွက် ပေါ်လာနေတဲ့ အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေထဲကမှ တစ်ခုခုကိုရွေးပြီး ကြိုးစားချင်ပါတယ်။
ဒီနှစ်ကစပြီး ကျွန်တော် အဝေးသင်ကိုအင်္ဂလိပ်စာမေဂျာနဲ့တက်ရမှာပါ။ ခုလက်ရှိမှာတော့ Graphic Designသင်တန်း တစ်ခုလည်း တက်နေပါတယ်။ပြီးရင်တနေကုန်အားပါတယ်။ အဲဒါနဲ့ပဲ Facebookမှာပဲ အချိန်တွေကုန်ပြီး အရေမရ အဖတ်မရတွေပဲ လျှောက်ပြောနေဖြစ်တယ်။ ကံကောင်းတာကတော့ အစ်ကိုတင်တဲ့  စာတွေဖတ်မိလိုက်တာပါပဲ။ ကျွန်တော်လဲ အစ်ကိုတို့လိုမျိုး အောင်မြင်တဲ့ အများကိုလဲအကျိုးပြုနိုင်တဲ့ မြန်မာလူငယ်တစ်ယောက်ဖြစ်ချင်ပါတယ်။
နောက်ပြီး ကျွန်တော်တကယ်ဝါသနာပါတာကတော့ စာရေးတာပါ၊ငယ်ငယ်တည်းက မတောက်တခေါက် စာတွေကဗျာတွေ လျှောက်ရေးဖူးပါတယ်။ဒါပေမယ့် ကျွန်တော့်အတွက် အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခု ခိုင်မာသွားမှပဲ ၀ါသနာအရ စာရေးတာကို ဒုတိယအလုပ်အဖြစ်လုပ်ဖို့ စဉ်းစားထားပါတယ်။ အစ်ကို့ပို့စ်တွေကို ဖတ်ရင်းနဲ့ အစ်ကို့ရဲ့ လူငယ်တွေအပေါ်ထားတဲ့ စေတနာကို လေးစားလာလို့ ကျွန်တော့်ရဲ့ မဖြစ်ညစ်ကျယ် အကြောင်းလေးကို အစ်ကို့ကိုပြောပြပြီး အစ်ကို့ဆီက စိတ်ဓာတ်ခွန်အားတွေ၊ အကြံဥာဏ်တွေ တောင်းခံကြည့်ချင်လို့ ကျွန်တော် အစ်ကို့ဆီကို ဆက်သွယ်လိုက်တာပါ။ ကျွန်တော် စကားတွေရှည်သွားတာကို ခွင့်လွှတ်ပေးစေလိုပါတယ် ။ ကျွန်တော်မေးချင်တာလေးတွေလဲရှိပါတယ်။ လူငယ်တွေအတွက် ခုလက်ရှိနဲ့နောက်ထပ်ပေါ်လာမယ့်  အခွင့်အလမ်းအလုပ်အကိုင်တွေက ဘယ်လိုမျိုးတွေရှိတာလဲ။ နောက်ပြီး အဲ့ဒီလိုနေရာတွေမှာ ကိုယ့်အတွက်နေရာတစ်နေရာရဖို့ရာဘာတွေပြင်ဆင်ထားဖို့ လိုအပ်သလဲခင်ဗျာ။ ပြီးတော့ ရန်ကုန်မှာ ဘာအဆက်အသွယ် ဘာဆွေမျိုးမှမရှိတဲ့ လူငယ်တစ်ယောက်အတွက် တစ်ယောက်ထဲ အလုပ်တစ်ဖက်နဲ့ ရပ်တည်ရင်းပြောင်းလာနေဖို့ တိုးတက်အောင်လုပ်ဖို့ အတွက်ဖြစ်နိုင်မလားခင်ဗျာ။
အစ်ကို့ကို စာအရှည်ကြီးရေးပြီး အစ်ကို့ရဲ့ အချိန်တွေကို ဖဲ့ယူသလိုဖြစ်နေတဲ့အတွက် အားနာမိပါတယ်။ ကျွန်တော့်မှာလဲ အခုလိုပြောပြတာကို အရေးတယူလုပ်ပေးမယ့်  လူကြီးသူမမရှိလို့ပါ။ အစ်ကို့ရဲ့ လုပ်ဆောင်ချက်တွေရော စေတနာတွေရောကို အရမ်းလေးစားအားကျမိပါတယ်။ ကျွန်တော်လဲ နိုင်ငံတစ်နိုင်ငံမဟုတ်တောင် ကိုယ်တတ်နိုင်တဲ့ အ၀န်းအ၀ိုင်းလေးတစ်ခုကို အကျိုးပြုနိုင်တဲ့သူတစ်ယောက်လဲ ဖြစ်ချင်ပါတယ်။ အစ်ကိုရဲ့ လက်ရှိလုပ်နေတဲ့ အကျိုးပြုလုပ်ငန်းတွေ အောင်မြင်ပြီး ရေရှည်တည်တံ့ပါစေ ခင်ဗျာ။
       လေးစားစွာဖြင့်



ဒါကတော့ ကျွန်တော့် ရဲ့ ပြန်စာပါ ။ 
ညီရေ ညီပို့လိုက်တဲ့ စာကို အကို သေချာ ဖတ်ဖြစ်ပါတယ် ။ နောင်မှ ထပ်ပြီး သေသေချာချာ အကြံ ပြန်ပေးပါမယ် ။ အကို အချိန်သိပ်မရသေးလို့ အတိုချုံးလေး အရင် ပြောလိုက်ပါမယ် ။
၁။ ညီ့ကို ဗိုလ်သင်တန်းက ထွက်ခဲ့တာကို အပြစ်ကြီးတစ်ခုလိုလုပ်ပြီး ဆက်ဆံနေတဲ့လူတွေကို  သေချာ မှတ်ထားပါ ။ ဖြစ်နိုင်ရင် သူတို့ကို အပေါင်းအသင်း မလုပ်ဘဲ ဝေးဝေးက ရှောင်ပါ ။ ဘာလို့လဲ ဆိုရင် ဒီလို စိတ်နေ စိတ်ထားရှိတဲ့လူတွေဟာ ဘယ်တော့မှ ညီ့အတွက်မိတ်ဆွေကောင်း ဖြစ်လာမှာ မဟုတ်လို့ပါပဲ ။ မတတ်သာလို့ သူတို့ကို ရှောင်မရရင်လည်း ကိုယ်ပေါင်း စိတ်ခွာ သာ နေပါ ။ သူတို့ ပြောသမျှ ကိုယ့်အတွက် မှတ်သားစရာ ၊ အားတက်စရာ မပါရင် ဟိုဘက်နားက ဝင်လာသမျှ ဒီဘက်နားက ပြန်ထုတ်ပစ်နိုင်အောင်သာ ကြိုးစားလိုက်ပါညီ ။
အခုလို စောစောစီးစီးသိရတာကို ကြံဖန်ပြီး ကျေးဇူးတင်လိုက်ပါညီ
ကိုယ် အချိန်ပေး မဆက်ဆံ ရမယ့်လူတွေ လျော့သွားတော့
ကိုယ် တကယ် အချိန်ပေး ဆက်ဆံသင့်တဲ့လူတွေ အတွက်
ကိုယ်က ပိုပြီး အချိန်ပေးနိုင်တာပေါ့ ။ ;)
၂ ။ သူတို့ထဲက တစ်ချို့ကိုတော့ ( အဆင်ပြေလောက်မယ် ထင်တဲ့လူ ၊ ကိုယ့်ကို အတန်အသင့် နားလည်ပေးနိုင်မယ့် လူတွေကိုတော့ ) ညီ ဘာကြောင့် အဲဒီကနေ ထွက်ခဲ့ကြောင်းကို နားလည်အောင် သေချာရှင်းပြပါ ။ သူတို့ကို ရှင်းမပြခင် ညီ့ဘာသာညီ ဒီအကြောင်းကို အစမ်းချရေးကြည့်ပါ ။ ညီက စာရေး ဝါသနာပါတာပဲ ။ ဒီလောက်တော့ အေးဆေးပါ ။ ;) ပြီးမှ သေချာ ကိုယ် ရှင်းပြနိုင်ပြီလို့ ထင်တဲ့အခါ သူတို့ကို ရှင်းပြလိုက်ပါ ။ ဒါကိုမှ နားလည် မပေးနိုင်ရင် ကိုယ့်ကို အားမပေးရင် အပေါ်ကလူတွေလို သူတို့ကိုလည်း ဘေးမဲ့ ပေးပြီး ဝေးဝေးသာ ရှောင်လိုက်ပါတော့ညီ ။
နားလည် ပေးပြီး ကိုယ့်ကို အားပေးသူတွေ ရလာရင်တော့ ညီ့ အတွက် ရှားရှားပါးပါး မိတ်ဆွေစစ် တစ်ချို့တောင် ရလာနိုင်ပါသေးတယ် ။ ကိုယ် အောင်မြင်နေချိန်မဟုတ်ဘဲ ရှုံးနိမ့်နေချိန်မှာ တောင် ကိုယ့်ကိုနားလည် အားပေးမှ ကိုယ့် အတွက် မိတ်ဆွေ စစ်တွေလေညီရေ ။ ဒါမျိုး သာ ရလာ ခဲ့ရင် ညီ အရှုံးထဲက အမြတ် ထွက်တာပေါ့ ။ ကိုယ်ကလည်း သူတို့အပေါ်မှာ အဲလို မိတ်ဆွေစစ် မိတ်ဆွေကောင်း ဖြစ်လာအောင် ကြိုးစားပေါ့ ။ :)

၃။ လူကြီးမိဘတွေက ကိုယ့်ကို နားမလည်တာ ၊ သဘောထားချင်း မတိုက်ဆိုင်တာကို  ဘယ်လိုမှ သဘောမထားပါနဲ့ ။ ဒါက အမြဲ ဖြစ်လေ့ရှိတာပါ ။ သူတို့ ကို နားလည် အောင် စနစ်တကျ ရှင်းပြတတ်အောင် ကြိုးစားပါ ။ ဒါမှ မဟုတ် သူတို့ ဖြစ်စေချင်တာကို ကိုယ့်ကို နားလည်အောင် သူတို့ကိုသေချာရှင်းပြခိုင်းပါ ။ အဲဒီ အပေါ်မှာ မူတည်ပြီးတော့မှ ညီက ဘာကြောင့် သူတို့ ဖြစ်စေချင်တာကို မဖြစ်ချင်ရတာလဲ ဆိုတာကိုသွေးအေးအေးနဲ့ အချက်ကျကျ ရှင်းပြပေးပါ
ဥပမာ သူတို့က အစိုးရကျောင်းဆရာအလုပ် ရဲ့ ကောင်းကြောင်းတွေပြောမယ်ဆိုရင် သေချာ နားထောင်ပါ ။ လက်ခံ ကြောင်းလည်း သူတို့ကို သေချာပြန်ပြောပါ ။ ပြီးရင် ညီ လေ့လာလို့ရသလောက် အစိုးရကျောင်းဆရာအလုပ် ရဲ့ ဆိုးကျိုးတွေ ၊ ဒါမှ မဟုတ် ညီ မနှစ်သက် တဲ့အချက် ၊ ဘာကြောင့် မလုပ်ချင်တာလဲ ဆိုတဲ့ အချက်တွေကို သူတို့ကို ပြန်ပြောပြပါ ။
ပြီးရင် ညီ ဖြစ်ချင် လုပ်ချင်တဲ့ " ခုလက်ရှိမြန်မာပြည်ရဲ့  လူငယ်တွေအတွက် ပေါ်လာနေတဲ့ အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေထဲကမှ တစ်ခုခု" ဆိုတာကို ညီ ဘာကြောင့် လုပ်ချင်နေတာလဲ ဆိုတာကို သူတို့ကိုရှင်းပြပါ ။ ဘာလဲ ဆိုတာ လောလောဆယ် တိတိကျကျမသိသေးပေမယ့် ညီ့ဘက်က ကြိုးစားပြီး ရအောင် လမ်းကြောင်း ရှာသွားမယ်ဆိုတာကို သူတို့ကို လေးလေးနက်နက် ကတိပေးပါညီ ။
တစ်ခါလောက် ပြောရုံနဲ့ ရမယ်လို့ မမျှော်လင့်လိုက်ပါနဲ့ ။ မရလို့လည်း စိတ်ဓာတ်မကျပါနဲ့ ။ ကိုယ် လုပ်နိုင်သလောက် ကြိုးစားလုပ်ကြည့်ပါ ။ အဓိက က သွေးအေးအေးနဲ့ သေချာ ရှင်းပြပါ ။ လုံးဝ ကိုယ့်ဘက်က မရိုင်းမိပါစေနဲ့ ညီ ။
ပြောလို့မနိုင်တော့ရင် သက်ပြင်း တစ်ချက်လောက် ပြင်းပြင်းချပြီး " ကျွန်တော် နောက်မှပဲ ဒီ အကြောင်း ဆက်ပြောပါရစေ " လို့သာ ပြောပြီး ထွက်လာလိုက်ပါ ။

၎။ အိမ်ကနေ ဆင်းဖို့ လိုအပ်လာရင် ဆင်းနိုင်အောင် ပြင်ဆင်ထားပါ ။ :)
ဒါက လိုရမယ်ရပြောတာပါ ။ အကို့တုန်းကလည်း အဲလို ဆင်တူဖြစ်ခဲ့ဖူးလို့ပါ ။ အကို ရေကြောင်းပြီးတော့ သင်္ဘောလိုက်တယ် ။ ပင်လယ်ပြင် လုပ်သက် ၁ နှစ်ကျော်ရတော့ ရပ်လိုက်ပြီး အရာရှိစာမေးပွဲဖြေလို့ရပေမယ့် ဝင်မဖြေတော့ဘဲရေကြောင်း အလုပ်ကို လုံးဝ ရပ်လိုက်ပြီလို့ အိမ်ကို ဖွင့်ပြောခဲ့တုန်းက ဒီလိုပဲ ပြင်ဆင်ခဲ့တာပါ။ ဒါပေမယ့် အကို့တုန်းက ကျတော့ မိဘနဲ့ ဒဲ့ အငြိမခံဘဲ ရှောင်ထွက်တဲ့ နည်းကိုသုံးတာပါ ။ အိမ်က သင်္ဘောပဲပြန်လိုက်ပါဆိုတာကို ဖိအားပေးလာတဲ့အခါ လက်ခံချင်ယောင်ဆောင်လိုက်ပြီး အရာရှိ စာမေးပွဲအတွက်ပြင်ဆင်ချင်ယောင် ဆောင်လိုက်ပါတယ် ။ ( အကိုတို့ ရေကြောင်း အရာရှိ စာမေးပွဲတွေက ၁ နှစ်ကျော်ကျော် ( တစ်ချို့ ၂ နှစ်နီးပါးလောက် ) အချိန်ပေးရပါတယ် ။ အဲ့ဒီ အချိန် ၁ နှစ်ကျော်ကျော် ကို အိမ်ကနေ လွယ်အိတ်ကလေးနဲ့ထွက် ရေကြောင်း ကျူရှင်သွားတက်ချင်ယောင်ဆောင်ပြီး ဘာလုပ်ရင် ကောင်းမလဲ လမ်းကြောင်းအရှာထွက်ခဲ့ရတာပါညီရေ ။
မြှောက်ပေးတာတော့ မဟုတ်ပါဘူး ။ အကို အဲ့ဒီ အချိန်တုန်းက ကိုယ့်ကိုကိုယ် အားဖြစ်အောင် ပြန်ပြောနေမိတဲ့စကားက " လောကမှာ လူတိုင်းသာ မိဘ စကားနားထောင်ခဲ့မယ်ဆိုရင် ငါတို့ ဖူးစရာ ဘုရားတောင် ပွင့်လာမှာ မဟုတ်ဘူး " လို့ပါ ။ ဘုရားလောင်းရဲ့ မိဘတွေက ဘုရားကို စကြာဝတေးမင်းသာ ဖြစ်စေချင်ခဲ့တာလေ ။
ကိုယ်တိုင်လည်း ဘာလုပ်ရမယ်မှန်းတော့ တိတိကျကျမသိသေးပါဘူး။ ဒါပေမယ့် လက်ရှိလုပ်နေတာကို လုံးဝမကြိုက်မှန်းတော့ သေသေချာချာသိနေခဲ့ပါတယ် ။ ဘာလုပ်ရမယ် တိတိကျကျ မသိခဲ့ပေမယ့် ကိုယ် ဘယ်လိုလူ ဖြစ်ချင်တယ် ဆိုတာလေးတော့ ခေါင်းထဲမှာ ရေးရေး ရှိနေခဲ့ပါတယ်။ ဒီလိုနဲ့ ပဲ လမ်းစရှာရင်း လေ့လာရင်းနဲ့ ကိုယ် လုပ်ချင်တာနဲ့ အနီးစပ်ဆုံးလို့ ထင်ရတဲ့အရာကိုတွေ့လာတဲ့အခါ အောင်မြင်အောင် ဖိပြီး ကြိုးစားလိုက်တော့ နေရာလေး တစ်ခုရောက်လာတာပါပဲ ။ အဲဒီအချိန်ကျတော့ အိမ်ကလည်း ကိုယ် လုပ်နေတာက ရလာဒ်လေးနည်းနည်းပြနိုင်ပြီဆိုတော့ အရမ်း အတိုက်အခံ မလုပ်တော့ဘူးလေ ။ ( အမေကတော့ ၂ လ လောက် နီးပါး စကားမပြော ဘဲ နေတာပေါ့ ။ တော်သေးတယ် ထမင်းတော့ ကျွေးထားသေးလို့ ... :P )
အဲဒီ အချိန်တုန်းက အကို့မှာ ကိုယ့်အပေါ် ကောင်းတယ်/ကောင်းမယ်လို့ ထင်ရတဲ့ သူငယ်ချင်း စာရင်းလေးတစ်ခု ရှိတယ် ။ အကို့ စိတ်ကူးက တကယ်လို့ အိမ်ပေါ်က နှင်ချခံခဲ့ရရင် အဲဒီ သူငယ်ချင်းတွေ အိမ်မှာ တစ်အိမ်ကို ၂ ရက်လောက် လိုက်ပတ်နေမယ်ပေါ့ ။ ၂ ရက်လောက် ဆိုတော့ သူတို့ မိဘတွေလည်း သိပ်တော့ မငြိုငြင်လောက်ဘူးလေ ။ :D သူငယ်ချင်း ၁၅ ယောက်လောက် ( တစ်အိမ် ၂ ရက်နေဖို့ ) စိတ်ထဲမှန်းထားလိုက်တော့ တစ်လ ပြည့်မှ ပထမဆုံး နေခဲ့ရတဲ့ သူငယ်ချင်းအိမ်ကို ပြန်ရောက်မှာဆိုတော့ သူတို့လည်း သိပ် အပန်းမကြီးလောက်ဘူးလေ ။ အဲဒီလို ကြံကြံဖန်ဖန်ကို ကြိုတွက်ထားခဲ့တာ ။ :D
တော်သေးတာက အိမ်က နှင်မချလိုက်ဘူး ။ ထမင်းလည်း အငတ်မထားလိုက်ဘူး ။ ဒီတော့ ကိုယ့်လမ်းကိုယ်ဖောက်ခဲ့ရတာက လွဲရင် ကျန်တာတွေ အလိုလိုအဆင်ပြေသွားတယ်ပဲ ပြောရမှာပေါ့ညီ ။ :)

၅။ ညီတက်နေတဲ့ အဝေးသင် E-Major ရော / Graphic Design ရောက တကယ် စိတ်ပါလက်ပါ လုပ်ရင် ထမင်းစားလက်မှတ်လောက်ကတော့ အသာလေးပဲ ။ မလုပ်မဖြစ် လုပ်နေရတာမျိုး ဆိုရင်တောင် " ငါ အချိန်တန်လို့ အပြောင်းအလဲ လုပ်တဲ့အခါ အရေးပေါ် ထမင်းစားလက်မှတ် ဖြစ်လာမှာ " လို့ သဘောထားပြီး နည်းနည်းလေး စိတ်ပို ထည့်ပြီး လုပ် ညီရေ ။
အကို ဆိုရင် အခု မတောက်တစ်ခေါက်  English စာ နဲ့ Online Marketing Studies လေး တွေ သုံးပြီး ထမင်းအိုး တည်ထားနိုင်တာပဲ ။ ( အကိုက English စကားပြော သင်တန်းလေး ထောင်ထားတယ် ။ ပြီးတော့ Online/Digital Marketing အကြံပေး လုပ်တယ်လေ ။ အရင် ရေကြောင်း အလုပ်နဲ့ ဘာမှကို မဆိုင်တာ ... :P )
တစ်လကို တကယ်ရှာမယ်ဆိုရင် English စာနဲ့တင် သိန်း ၁၀ ချီ ရနိုင်ပါတယ် ။ ( ရန်ကုန်မှာ ပေါ့ ... ညီတို့ နယ်ဘက်တော့ အကို သေချာမသိဘူး ညီ )
ဒီတော့ ညီ လက်ရှိလေ့လာနေရတာတွေကိုလည်း ကိုယ်က ရှောင်လို့မရဘူးဆိုရင် စိတ်ပါလက်ပါလေးတော့ လုပ်ထားလိုက်ပါညီ ။ နောင် သေချာပေါက် အသုံးချဖို့ လိုလာပါလိမ့်မယ် ။ :)

၆။ ရန်ကုန်ကို တကယ်လာချင်ရင် လာဖို့မကြောက်ပါနဲ့ညီ ။ ညီ ထိုက်သင့်တဲ့ လုပ်နိုင်အားလေးနဲ့သာ လာခဲ့ပါ ။ အခုခေတ်မှာ လူငယ်တွေအတွက် အခွင့်အလမ်းတွေက အလျှံအပယ်ပါ ။
အခု ပြသနာ တက်နေတာက အရင်ကလို အခွင့်အလမ်း ရှားလို့မဟုတ်ဘူးညီ ။ များလို့ " ယောင် " နေကြတာက ပြဿနာ ပါ 
ဒီကိစ္စတွေကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာကတော့ ပြောရမှာများလွန်းလို့ အကို နောင်မှ ထပ်ပြောပေးပါ့မယ်ညီရေ ။  ညီ့ ကို အဓိက လောလောဆယ် မှာချင်တာက ညီ လေ့လာလက်စ ဘာသာရပ် တွေ ( English & Graphic Design ) ကို ပဲ သေချာ ဖိပြီးလေ့လာထားပါဦး ။  ရန်ကုန်မြေဆိုတာ အထာသိရင် နင်းရတာ လွယ်ပါတယ် ။ ;)
ညီတို့လို နယ်ကတက်လာပြီး အောင်မြင်နေတဲ့ လူငယ်တွေမှ ဒီမှာ အများကြီးပါ ။ လာဖြစ်လို့ ရုတ်တရက် အခက်အခဲဖြစ်ရင် ၊ တိုင်ပင်ချင်တာရှိရင်လည်း အကို့ကို ပြန်ဆက်သွယ်လို့ရပါတယ် ။              ( ဒီ www.facebook.com/sharingkozin ကို အကို အမြဲ ဝင်ကြည့်မှာပဲလေ ။ message ပို့ထားပေါ့ ။ လာခါနီးရင်တော့ ညီ ဖုန်းနံပါတ်လိုချင်ရင် အကို ပေးပါ့မယ် ...)

၇။ စာရေးဆရာ ဖြစ်ချင်စိတ်ကို ခဏ နောက်ရွှေ့ထားပါ ။ ရသ စာရေးဆရာ ဖြစ်ချင်ရင်တော့ တစ်မျိုးပေါ့ ။ သုတ ပေးနိုင်တဲ့ စာရေးဆရာ ဖြစ်ဖို့ကတော့ ခဏနောက်ရွှေ့ထားပြီး ကိုယ်တိုင် အရင်သင်ယူလေ့လာပါဦး ။ ခရီးသွား ဟန်လွဲ အဆင်ပြေ သလိုရေးတာလေးတွေလောက်ပဲ လုပ်ပေါ့ ။             ( အကိုဆို စာရေးဆရာ ၊ ကဗျာဆရာ ၊ သီချင်းရေးဆရာ အကုန် ဖြစ်ချင်ခဲ့ဖူးတယ် ။ ဒါပေမယ့် ကိုယ့် ဘဝ အတွက် တကယ် အရေးကြီးတဲ့ ရုန်းကန်ရတဲ့ အချိန်ရောက်တော့ ဒါတွေ အကုန် ဖြတ်ထားခဲ့လိုက်တယ် ။ နည်းနည်းလောက် ပြန်တည်ငြိမ်မှ ဒါတွေကို ပြန်လုပ်မယ်လို့တော့ စဉ်းစားထားပါသေးတယ် ။ )
ဘာလို့ဆို ဒီ အလုပ်တွေက ကံသေကံမ ပြောလို့မရဘူး ။
တစ်ချို့ အရည်အချင်းရှိလျက်နဲ့ မအောင်မြင်သူတွေ ရှိသလို တစ်ချို့ တကယ့် သက်ဆိုင်ရာ အရည်အချင်း သိပ်မရှိပေမယ့် အောင်မြင် နေသူတွေလည်း ရှိတာပဲလေ ။
< ဒီနေရာမှာ အောင်မြင်တယ်ဆိုတာ ပိုက်ဆံရတာ ၊ လူသိများတာကို ပြောတာပါ ။ အနုပညာ မြောက်တာ ၊ အများ အကျိုးပြုနိုင်တာကို ဆိုလိုတာ မဟုတ်ဘူး ညီ >  ဒီတော့ ဒီ ဝါသနာကိုတော့ ဖြည်းဖြည်းမှပဲ အသက်သွင်းပါလို့ အကြံပေးလိုက်ချင်ပါတယ် ။

ကဲ ညီရေ တော်သင့်ပြီ ထင်တယ် ။ စာလည်း အတော်ရှည်သွားပြီ ။ အစက အချိန်မရလို့ အတိုချုံး ဆိုပြီး ရေးမယ်လုပ်လိုက်တာ ။ ခံစားချက်တွေ ပါလာတော့ ရှည်သွားတယ် ။ :D
ညီ ရော အဆုံးအထိမှ ဖတ်ဖြစ်ရဲ့လားမသိ ။ ဘာပဲပြောပြော ညီ့ ကိုလည်း အထူးကျေးဇူးတင်မိတယ် ညီရေ ။ ညီ့ စာကို ပြန်ဖြေရင်း အကို ဒီလို စာရှည်ရှည် တစ်ထိုင်တည်း ရေးမိသွားတာ ။ အကိုလည်း တကယ်တော့ ငပျင်း ။ နေ့ရွှေ့ ညရွှေ့ လုပ်ကျင့်လေးတွေရှိတယ် ။ " မြန်မာ့အိပ်မက် " မဂ္ဂဇင်း အတွက် စာမူ ကို ရေးနေတာ အခုထိမပြီးသေးဘူး ။ မထင်ဘဲ ညီ့ဆီကို ရေးတဲ့ ပြန်စာက ဒီလောက် အထိရှည်သွားတယ် ။
ဒီစာကို အများအကျိုးရှိနိုင်မယ်လို့ ထင်လို့ ညီ့ဆီကို တိုက်ရိုက် ပြန်လိုက်တဲ့အပြင် အများအတွက်ပါ တင်ထားပေးလိုက်ပါတယ် ။ ငါ့ ညီ တစ်ယောက် စိတ် မကွက်ဘူးလို့မျှော်လင့်ပါတယ်ဗျာ ။  
ဆရာ ချော ပြောခဲ့သလို နောင်ကျ " လမ်း တူရင် လူချင်း တွေ့ကြဦးမယ် " ညီ ရေ  ...

လေးစားလျှက်
ကိုဇင်ဇေ
" ပန်းတိုင် တွေ့၍ တွေ့သော ပန်းတိုင် အရောက်လှမ်းနိုင်ကြပါစေ "



♦ Active English စကားပြော သင်တန်း တည်ထောင်သူ ....
( www.ActiveEnglishMyanmar.com ) ( www.facebook.com/MmEnglishLearning )

♦ Myanmar Midas Touch အမည်ဖြင့် Social media marketing - ( Consulting and services ) လုပ်ငန်း
တည်ထောင် ဝန်ဆောင်မှုပေးနေသူ ...

♦ လူငယ်များ ကိုယ်ရည်ကိုယ်သွေး တိုးတက်စေရေးအတွက် အကြံဉာဏ် ၊ ဗဟုသုတများကို
( www.sharingkozinzae.wordpress.com ) / www.facebook.com/sharingkozin မှ
တဆင့် မျှဝေနေသူ ...

♦ ယခု စာဖတ်သူ ဖတ်ရှုနေသော မြန်မာ့ အိပ်မက် လူငယ် တိုးတက်ရေး အွန်လိုင်း မဂ္ဂဇင်းကို
စုစည်း စီစဉ် ၍ လူငယ်ထုကြား ပိုမိုပြန့်နှံ့စေရန် အခမဲ့ ဖြန့်ဝေပေးနေသူ

♦ တစ်နည်း အားဖြင့် " ကြယ်ငါး ကောက်နေသူ "

- ကိုဇင်ဇေ

0 comments:

Post a Comment