Friday, June 19, 2015

ပညာလူ့ အဖွဲ့ အစည်းဆီသို့ .....



ပညာလူ့ အဖွဲ့ အစည်းဆီသို့ .....

ပညာရေးကဘာဖြစ်နေလို့လဲ။ ခုလည်းပဲ ကောင်းနေသားပဲဆိုတာကို ဘိုကျောင်း ထားနိုင်သော မိဘများ၊ ကိုယ်ပိုင်ကျောင်းထားနိုင်သောမိဘများနှင့် နာမည်ကြီး အစိုးရကျောင်းများတွင် ထားနိုင်သောမိဘများမှ အဓိကပြန်လည် မေးခွန်း ထုတ်ကြပါလိမ့်မည်။ သူတို့ အတွက်တော့ ခုလည်း ကောင်းနေသားပဲ ဘာဖြစ်နေလို့လဲ ဆိုတာသာမေးစရာရှိပါလိမ့်မည်။
ထို့ ကြောင့်ထိုပညာရေးစနစ်ကြီးမည်မျှဆိုးရွားနိမ့်ကျအောက်တန်းကျနေကြောင်း ပြောရန်လိုလာသည်။ ဤနေရာမှာငြင်းချက်ထုတ်ရန်အကြောင်းတွေရှိလာပါလိမ့်မည်။ စကားမစပ်ဖြတ်ပြောရရင် ကျွန်တော်က ပညာကို အတော်ကလေးတန်ဖိုးထားတဲ့သူ။ ပညာတတ်တဲ့သူဟာ မတတ်တဲ့သူထက်တော့ တွေးခေါ်မျှော်မြင်နိုင်စွမ်း ၊ အကြားအမြင်ဗဟုသုတ အမြဲသာတယ်လို့ ယုံကြည်သည်။
ကျွန်တော်တို့တိုင်းပြည် ဤမျှလောက် ညံ့ဖျင်းဆိုးရွားစွာပျက်ဆီးသွားပြီး အရာရာ ဒီလောက် နိမ့်ကျသွားရသည့် တရားခံတွေထဲမှာ လွှဲချစရာအာဏှာရှင်ကြောင့် ဆိုတာရယ်၊ လွှဲချစရာကံတရားဆိုတာရယ် ၊ လွှဲချစရာ ခေတ်ကြီးရယ် ရှိနေကြသည်က ကံဆိုးကံကောင်း ဘယ်ဟာဖြစ်လိမ့်မည်မသိ။ ဦးကျော်ငြိမ်း ပြောသွားဖူးသည့် စကားတစ်ခွန်း ရှိသည်။ ။ နိုင်ငံကိုစီးပွားရေးအရ ဦးမော့လာအောင် ၂ နှစ်အတွင်း တည်ဆောက်လို့ ရတယ် ။ အခြေခံအဆောက်အဦးတွေနဲ့  ချက်ချင်း ခေတ်မီလာအောင်လည်း ၂ နှစ်အတွင်း ပြန်တည်ဆောက်လို့ ရတယ်။ ခုပျက်ဆီးနေတဲ့ စိတ်ဓာတ်တွေကိုတော့ နှစ်ပေါင်း၂၀၀ လောက်ကြာအောင် ပြန်တည်ဆောက်ကြရလိမ့်မယ် တဲ့။
ကျွန်တော်သိချင်သည်က သူပြောသွားသော နှစ် ၂၀၀ သည်ဘယ်တုန်းကစ ဆိုသည်ကိုပင်။ ပြောချင်သည်က ပညာရေးစနစ်မကောင်းဘူး။ မှန်လွန်းလှ၏။ ကျွန်ပညာရေးထက် ဆိုးသည် ။ ထိုသည်လည်းမှန်နေဆဲသာ။ စာတတ်လာလျှင် တော်လာလျှင် အာဏာရှင်အတွက် အန္တရာယ်ရှိသောကြောင့် အားလုံးကို ညံ့အောင်လုပ်ပစ်ခဲ့လေသည်။ ထို့ကြောင့် ကျွန်တော်တို့ ရနိုင်စွမ်းသမျှ မိမိကိုယ်မိမိအားကိုးပြီး ပြည့်နေအောင် ဖြည့်ကြရပါလိမ့်မည်။ ပြင်ရန် ကြိုးစားနေလျက်ကပင် ပြင်မရသေးခင်စပ်ကြား ဒီအတိုင်းကြီးတော့ ထိုင်ငြိမ်မနေပဲ ရနိုင်စွမ်း ဖြစ်တန်ရာစွမ်းရှိသမျှတော့ စာပညာတို့ကို ဖြည့်ရပေလိမ့်မည်။
ထိုသို့ ဖြည့်ရာတွင် စာပညာတို့သာမက အကြားအမြင်ဗဟုသုတ တို့သာမက နှလုံးသား သန်မာ ကြံ့ခိုင်ဖို့ သာမက များများမြင်တတ်စေရန်၊ မြင့်မြင့် မြင်တတ်စေရန် ကိုပါ ပူးတွဲလေ့လာကြရမည်ဖြစ်သည်။ ပညာရေးမူဝါဒ ၁၀နှစ်တစ်ခါပြောင်းသည်။ အီမိုးရှင်းနယ်အလိုက်ပြောင်းသည်။ စမ်းတဝါးဝါးပြောင်းသည်။ အစမ်းသပ်ခံ အသည်းနှလုံးတွေအဖြစ်ပြောင်းသည်။
ဒါပေသိ ဤနေရာတွင် ကျွန်တော်ပြောချင်သည်က ထိုမကောင်းလှသည့် စနစ်ကြီး ထဲမှာကိုပဲ ရနိုင်သမျှလေး ကြိုးကုတ်အားထုတ်သွားခဲ့ကြသည့် သူတွေ ခေတ်အဆက်ဆက် ရှိနေကြသည် ဆိုသောအကြောင်းပါ ။ လူငယ်တွေက သူတို့တွေ ကံမကောင်းခဲ့လို့ပါ ကြိုးစားခွင့် မရခဲ့ကြလို့ပါလို့ ပြောရင် ကျွန်တော် သိပ်ခါးသီးမိသည်။ ။ အခွင့်အရေးဆိုတာ ဘယ်သူမှထူးကဲပြီးမရတဲ့အထဲကနေ ရသလောက် အစွမ်းကုန်ဖြစ်ညှစ် အားထုတ်သွားကြတဲ့သူတွေ ခေတ်တိုင်းမှာ အပြည့်ပါ ။ မိဘချမ်းသာလို့ထက် တော်အောင်ကြိုးစားပြီး စကော်လာနဲ့  အပြင်ထွက်စာသင်နေကြတဲ့ လူငယ်တွေ ခေတ်တိုင်းမှာရှိနေတာပါ။
တစ်ခုတော့ပြောချင်သည်က ဖြစ်လာတာဖြစ်မလာတာကို တစ်ကဏ္ဍထားလိုက်ပါ ခင်ဗျားကြိုးစားအားထုတ်မှုက ခင်ဗျားကိုယ်တိုင် ကျေနပ်အားရလောက်ဖွယ်ဖြစ်ခဲ့ရဲ့ လားလို့  ဆိုသည်ကို ကျွန်တော်အမြဲမေးလေ့ရှိသည်။ လက်ဘက်ရည်ဆိုင်လေးထိုင် ဘောလုံးပွဲလေးကြည့် စာလေးဝတ်ကျေတန်းကျေ သင်ရုံနဲ့တော့ ခေတ်ကြီး ကို ပညာရေးကို အစိုးရကို ထိုင်ပြီးအပစ်တင်ရတာ လွယ်သည်။ မည်သို့မျှတော့ အရာထင်မည်မဟုတ်။ ပညာမပါပဲနှင့် ရှေ့ ဆက်သောခရီးများသည် လမ်းများပေါ် သို့  အဆင်ပြေချောမွေ့ စွာ ပေါက်ရောက်လိမ့်မည်မဟုတ်။
အဆင့်မမှီပါဘူးဆိုသည့် စာတွေကို အစွမ်းကုန်ကြိုးစားအားထုတ်ကြည့်ဖူးရင် ဆက်စရာလမ်းစတော့ ရောက်လိမ့်မည်သာ။ နောက်ဆုံး ကျွန်တော်ပြောလေ့ရှိသည် မုန့်ဟင်းခါးရောင်းတာချင်း ပဲပြုတ်ရောင်းတာချင်းတူရင်တောင် ပညာတကယ်တတ်ရင် အတွေးအခေါ်ကွာသွားလို့  ပိုတော်ပါလိမ့်မည်ဟု ။ သို့ ပေသိ ပညာဆိုတာ ဘွဲ့ လက်မှတ်ပဲ အချိန်တန်ရလာမှာလို့  ထင်နေသေးရင်တော့ လွှဲချစရာ ကံတရားရော ခေတ်ရော အာဏာရှင်ရော စနစ်ရော ရှိနေကြသေး၍ ပူရန်လိုမည်မထင်။ တစ်ခုသာပြောလိုသည်ကထိုအချိန်လေးအတွင်းမှာပဲ ကိုယ့်ဝမ်းစာကိုယ်သာဖြည့်ရင်း ရှေ့ ဆက်တိုးထွက်နေကြတဲ့သူတွေရှိသည်။ ကျားကုတ်ကျားခဲကြိုးကုတ်နေကြသည်။ ကိုယ့်ကြိုးစားအားထုတ်မှုကိုယ် ၁၀၀ % ကျေနပ်နိုင်သည့် အခါမှသာ ကျန်တာတွေအပြစ်တင်တော့လည်း နောက်မကျလောက်သေးပါဘူးလေဟုသာ ယူဆမိသည်။
ပြောချင်သည်က ယခုလက်ရှိ ဒီမိုကရေစီပညာရေး တောင်းဆိုမှုများကို ကျွန်တော်တို့ ထောက်ခံသည်။ အားပေးသည်။ သို့ သော် ထိုအရာတို့ သည် ပညာကိုပစ်ပယ်ရန်မဟုတ်။ ပညာဟူသည်က စာပညာတစ်ခုတည်းမဟုတ်။ ပညာဟုဆိုရာတွင် ဆရာသမားဆိုသည်က မပါမဖြစ်။ ထိုနတ်နေကိုင်းတို့ ကို ပညာရေးစနစ်မကောင်းဟုဆိုကာမျှဖြင့် အကုန်အစင်ချိုင်ပစ်ရန်မလို။ စသည်ဖြင့် ဘက်ပေါင်းစုံက များများမြင့်မြင့် မြင်တတ်သော ကျယ်ပြန့် သည့် အမြင်ပိုင်ရှင်လူငယ်တို့ ဖြစ်လို့ လာစေချင်သည်။ မျှော်လင့်မိသည်။
ပညာသည် မရက်စက်မယုတ်မာတတ်။ မဖောက်ပြန်တတ်။ ပညာဆိုသည်က မှန်ကန်သည့်အရာတို့ကို မှန်ကန်ကြောင်း သက်သေပြနိုင်စွမ်းရှိရမည်။ မတရားမှုတို့ကို ကြံ့ကြံ့ခံရင်ဆိုင် ဆင်နွှဲနိုင်စေရမည်။ လူသားသည်သာလျှင် ဖောက်ပြန်တတ်သော သတ္တဝါဖြစ်၏။ ပညာသည်ကားမည်သည့်အခါ၌မျှ မဖောက်ပြန်။ ။
-       မေဇော်
အထက်ပါ စာစုကို < 28.3.2015 >တွင် ရေးသားခဲ့ခြင်း ဖြစ်သည် ။

စာရေးသူသည် မန္တလေးမြို့တွင် နေထိုင်သူ တစ်ယောက်ဖြစ်ပြီး mawzay9@gmail.com  ကနေ တဆင့် သိချင်တာတွေ ဆက်သွယ်မေးမြန်းနိုင်ပါတယ် ။

1 comment:

  1. ပိုကောင်းတဲ့ ပညာရေးစနစ်တွေ ဖြစ်ထွန်းလာစေချင်သူ ကြိုးပမ်းနေသူ စိတ်ပျက်အားလျော့မိသူ တယောက်အနေနဲ့ ဒီစာကိုဖတ်ရတာ များစွာ ခွန်အားဖြစ်စေတယ်။ ရနိုင်သလောက် ကြိုးပမ်းမှာပါပဲ။

    ReplyDelete