Friday, June 19, 2015

ကျွန်တော်ကြိုက်သော စာအုပ်များ(၁)



ကျွန်တော်ကြိုက်သော စာအုပ်များ(၁)
စာဖတ်သမားတွေကြားထဲမှာ ချစ်စရာကောင်းတဲ့ အကျင့်လေးတစ်ခုရှိခဲ့မယ်ဆိုရင် အဲ့ဒါဟာ စာအုပ် ကောင်းကောင်းရခဲ့ရင် စာဖတ်သမားအချင်းချင်း ညွှန်းကြ၊ လဲဖတ်ကြတဲ့ အကျင့်လေးပဲ ဖြစ်မယ်လို့ ကျွန်တော် တော်ကတော့ပြောချင်တယ်။ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းတွေကတော့ နီးနီးကပ်ကပ်ရှိနေတဲ့ အချိန်ဆို စာအုပ် ကောင်းကောင်းလေးတွေရလာရင် လဲဖတ်ဖြစ်ကြတယ်။ အကယ်လို့ တစ်ခါတရံမှ တွေ့ဖြစ်တာမျိုး ဆိုရင်လည်း မတွေ့ဖြစ်ကြတဲ့ အချိန်တွေအတွင်း ဘာတွေဖတ်ဖြစ်တယ် ၊ ဘယ်စာအုပ်ကတော့ ဘယ်လိုကောင်းတယ် လို့ ညွှန်းလေ့ ရှိကြတယ်။ နှစ်ယောက်လုံး ဖတ်ပြီးသားဖြစ်နေရင် တော့ အဲ့စာအုပ်အကြောင်းကို အာပေါင် အာရင်း သန်သန်နဲ့ လေမုန်တိုင်းတွေ တိုက်ကြတော့တာပဲ။ ဒါက စာဖတ်သမားတွေသာ နားလည် ခံစားနိုင်တဲ့ ရှားရှားပါးပါးစည်းစိမ်တစ်မျိုးပါ။
အဲ့လိုနဲ့ပဲ သဘောတူရင် ရယ်လိုက်ကြ၊ သဘောမတူရင် ကောင်းတယ် မကောင်းဘူးငြင်းခုန်လိုက်ကြနဲ့ ကြာလာတော့ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းအားလုံး လိုလိုကြိုက်ကြ တဲ့ စာအုပ်ကောင်းလေးတွေကို ခုမှ စာစဖတ်မယ့် လူတွေအတွက်ရည်ရွယ်ပြီး စာအုပ်အညွှန်းအဖြစ် လုပ်ရရင်ကောင်းမယ်လို့တွေးမိတယ်။ တကယ်တမ်းကြတော့လည်းရေးမယ်၊ ရေးမယ်နဲ့ သာစဉ်းစားပြီး လက်တွေ့မှာမလုပ်ဖြစ်ဘူး။ ရေးမယ်ကြံတိုင်း မလိခ၊ မောင်ထင်၊ အောင်သင်း၊မောင်ခင်မင်(ဓနုဖြူ)၊ ကျော်ဝင်း၊ဖေမြင့် စတဲ့ ရှေ့ကဆရာတွေ၊ဆရာကြီးတွေရဲ့ ဖတ်စာ အညွှန်းစာအုပ်တွေကို မျက်စိထဲမြင်ပြီး လက်တွန့်တွန့်နေမိတယ်။ ဒါပေမဲ့ အခုတော့ ရှေ့ကဆရာတွေရဲ့ စာအုပ်တွေက စာဖတ်သက် အထိုက်အလျောက်ရှိပြီးသား ပုဂ္ဂိုလ်တွေအတွက် ရည်ရွယ်ပြီး ရေးတာပဲ၊ ကိုယ်ရေးတာက အခုမှ စာစဖတ်မဲ့ လူတွေ အတွက်ရေးမှာပဲလို့ အားတင်းပြီးရေးလိုက်ပါတယ်။ ရေးဖြစ်အောင် တိုက်တွန်းပေးခဲ့တဲ့ ကိုမျိုးဇင် (ဇင်ဇေ) ကိုလည်းကျေးဇူးတင်ရပါတယ်။
မစခင်ပြောချင်တာလေးတစ်ခုကတော့ ကျွန်တော် ညွန်းမယ့်စာအုပ်တွေဟာ ပေါ့ပေါ့ပါးပါးနဲ့ လူကြီး၊ လူငယ်မ ရွေးဖတ်လို့ရပြီး စာဖတ်သမားတွေကြားထဲမှာ လည်း အသိအမှတ်ပြုခံထားရတဲ့ စာအုပ်တွေကို ပဲ အဓိကထား ညွှန်းသွားမှာပါ။ နောက်ပြီး အခုမှ စာစဖတ်မယ့်လူတွေကို စာအုပ်ကောင်းကောင်းလေးတွေနဲ့ တက်နိုင် သလောက် မိတ်ဆက်ပေးချင်တာဖြစ်တဲ့ အတွက်ကြောင့် သိပြီး၊ တက်ပြီးသား စာဖတ်သမားတွေ အတွက်  စိတ်အနှောင့်အယှက်ဖြစ်သွားရင်လည်း သည်းခံကြပါလို့ပြောချင်ပါတယ်။
ဒီတစ်ပတ်အတွက် ကျွန်တော့်အနေနဲ့ ညွှန်းချင်တဲ့ စာအုပ်ကတော့ Mark Tawin ရဲ့ The Adventures of Tom Sawyer ကို ဆရာ ဂုဏ်ဝင်းဘာသာပြန်ထားတဲ့ ‘တွမ်ဆောယား ၏ စွန့်စားခန်းများ’ပါ။ စာအုပ်အကြောင်း မပြောခင် Mark Tawin အကြောင်းနည်းနည်းပြောပြချင်ပါတယ်။ နောက်တစ်ချိန်မှာ William Faulkner လိုမျိုး နိုဗယ်ဆု၊ပူလစ်ဇာဆုတွေရခဲ့တဲ့ စာရေးဆရာတွေကတောင် အမေရိကန်စာပေရဲ့ ဖခင်လို့ တင်စားခေါ်ဝေါ်ရတဲ့ အထိ သြဇာသက်ရောက်ခဲ့တဲ့ Mark Tawin ရဲ့ ငယ်စဉ်ဘဝဟာ ကြမ်းတမ်းပါတယ်။ သူ့အသက်ဆယ့်တစ်နှစ် အရွယ်မှာ ဖခင်သေဆုံးသွားခဲ့တဲ့ အတွက်နောက်တစ်နှစ်အကြာမှာ သူဟာကျောင်းထွက်ခဲ့ရပြီး ပုံနှိပ်တိုက်မှာ အကူအဖြစ်နဲ့ ဝင်လုပ်ခဲ့ရပါတယ်။ စာစီသမား၊ လှေသမား၊ သတင်းထောက် စသည်ဖြင့် သူ့ရဲ့ ဘဝ အစောပိုင်း ဟာ ခက်ခက်ခဲခဲနဲ့ ရုန်းကန်ခဲ့ရပေမဲ့ နောက်တစ်ချိန်မှာတော့ သူ့ရဲ့ အတွေ့အကြုံ တွေကို အခြေခံပြီး ရေးသားထားတဲ့ စာအုပ်တွေဟာသူ့ကို တစ်ခဏစာမဟုတ်ဘဲ ရာစုနှစ်တွေကို ကျော်ဖြတ်ပြီး နာမည်ကြီးတဲ့ အမေရိကရဲ့ စာပေကြယ်ပွင့်တစ်ပွင့်ဖြစ်လာစေခဲ့ပါတယ်။
ကြုံတုန်း တွိန်းနဲ့ ပတ်သတ်လို့ လူပြောများတဲ့ အလွဲတွေထဲ တစ်ခုလောက် ဖောက်သည် ချလိုက်ချင်သေးတယ်။ သိပ္ပံဆိုင်ရာတီထွင်မှုတွေကို စိတ်ဝင်စားတဲ့ တွိန်းတစ်ယောက်ဟာ စာရေးဆရာ တစ်ယောက်အဖြစ်အောင်မြင် လာပြီးနောက်ပိုင်း သူ့ရဲ့ ငွေတွေကို တီထွင်ဖန်တီးတဲ့ လုပ်ငန်းတွေမှာမြုပ်နှံပါသတဲ့။ ဒါပေမဲ့ သူရင်းနှီးသမျှ အလုပ်တွေဟာ တစ်ခုမှ မအောင်မြင်ခဲ့ဘဲ ဝက်ဝက်ကွဲရှုံးပါသတဲ့။အဲ့လိုနဲ့ တစ်နေ့မှာတော့ လူငယ်လေး တစ်ယောက်က တယ်လီဖုန်းလို့ ခေါ်တဲ့ ပစ္စည်းတစ်ခုတီထွင်ဖို့ အတွက် ငွေလိုတာနဲ့ တွိန်းကို ရင်းနှီးမြှုပ်နှံဖို့ မဲဆွယ်ပါတယ်။ ဒါပေမဲ့ ခံရပေါင်းများနေပြီဖြစ်တဲ့ တွိန်းဟာ သူ့ရဲ့ စိတ်ဆန္ဒတွေကို ချိုးနှိမ်ပြီး လူငယ်လေးကို ငြင်းလွတ်လိုက်ပါတယ်။ နောင်တစ်ချိန်မှာတော့ အဲ့လူငယ်လေးဟာ တယ်လီဖုန်းတီထွင်သူ ဂရေဟမ်ဘဲ(လ်) ရယ်လို့ နာမည်ကြီးလာပြီး တွိန်းအတွက်လည်း ရင်းနှီးမြှုပ်နှံမှုနဲ့ ပါတ်သတ်လို့ ဘဝမှာ အမှားယွင်းဆုံး ဆုံးဖြတ်ချက် တစ်ခုဖြစ်သွားပါသတဲ့။
ကျွန်တော်အခုညွှန်းသည့် စာအုပ်မှာ သူ့၏ အကျော်ကြားဆုံး စာအုပ်များထဲမှတစ်အုပ် ဖြစ်ပြီး သူ့အား မာ့(က်)တွိန်းဟု ဖြစ်လာစေခဲ့သည် စာအုပ်ဆိုလျှင်လည်းမမှားပါ။ သူသည်ဤစာအုပ်ထဲတွင်တွမ်ဆောယား ဆိုသော ဆယ်နှစ်ခန့်အရွယ်ကလေးငယ်လေးတစ်ယောက်ကို အဓိကဇာတ်ဆောင်အဖြစ်ထားပြီး သူတို့ ခေတ် အမေရိကန် ကျေးလက်ကလေးများ၏ စရိုက်ကို ပီပီပြင်ပြင်ဖော်ပြသွားသည်ကိုတွေ့ရသည်။ သူ့၏ အဓိကဇာတ်ဆောင်ဖြစ်သည့် တွမ်ဆောယားသည် ရေချိုးခိုင်းလျှင် ရေခွက်ထဲဆပ်ပြာထည့်ဖျော်၍ ဆပ်ပြာရည် ကို မြေကြီးပေါ်လောင်းချခဲ့ပြီး မျက်နှာကို အဝတ်ဖြင့်သုတ်ကာ ရေချိုးချင်ယောင်ဆောင်တက်သည့်၊ တနင်္လာနေ့ ရောက်လျှင် ကျောင်းသွားရမှာ စိုးသဖြင့် တနင်္ဂနွေနေ့ ညရောက်လျှင် သူ့ကိုယ်ပေါ်တွင် ရောဂါတစ်ခုခု တွေ့လိုတွေ့ငြား ရှာတတ်သည့် ကလေးဆိုးလေးတစ်ယောက်ဖြစ်သည်။ သို့သော် တစ်နေ့တွင် ထိုကလေးဆိုးလေးနှင့် သူ၏သူငယ်ချင်း ကလေကချေလေး ဟပ်ကယ်ဘယ်ရီဖင်း တို့ သည် မထင်မှတ်ဘဲ လူသတ်မှု တစ်ခုကို တွေ့လိုက်ရသည်။ တွိန်းသည် သူ၏ ဝတ္တုကိုထိုပုံစံဖြင့်အစမှအဆုံးအထိ ဆွဲယူသွားသည်။
ကလေးတစ်ယောက် နှင့်လူသတ်မှုတစ်ခုပေါ်တွင် အခြေခံ၍ဇာတ်လမ်းကိုဆွဲယူသွားသော်လည်း သာမန် ကလေးစွန့်စားခန်းဇာတ်လမ်းမျိုးမဟုတ်ဘဲ သဘာဝကျကျ နှင့် ခပ်သောသောရေးဖွဲ့သွားခြင်းက ဤစာအုပ်ကို တစ်မူထူးစေသည်။
ကျွန်တော်သည် တွမ်ဆောယားအကြောင်းကို ပြောရမည်ဆိုလျှင် တစ်နာရီခန့် မရပ်မနား ပြောပြနိုင်ပါသည်။ သို့သော်လည်း တကယ်တမ်းဖတ်သည့်အချိန်တွင် အရသာ မရှိတော့မည်ကို စိုးသောကြောင့် ဇာတ်လမ်း နှင့် တွမ်ဆောယား၏ ဇာတ်ကောင်စရိုက်အကြောင်းကို အသေးစိတ်မပြောတော့ပါ။      ထိုခေတ်၏ အတော်ဆုံး ဟာသစာရေးဆရာဟုအတင်စားခံရသော Mark Tawin ၏ သဘာဝကျကျ၊ ခပ်သောသောရေးဟန်များက စာဖတ်သမား တိုင်းလိုလိုကို ဆွဲယူသွားနိုင်သည့်အပြင် ဘာသာပြန်သူ ဆရာဂုဏ်ဝင်းကလည်း သူ၏ ဟန်ကို မိအောင် ပီပီပြင်ပြင်ပြန်ထားသောကြောင့် စာဖတ်ဝါသနာပါသူများ သာမက စာဖတ်ဝါသနာမပါသူများပင် လက်မလွတ်တမ်း ဖတ်ရှုသင့်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်ဟု ညွှန်းလိုက်ရပါသည်။
နာယက

0 comments:

Post a Comment