Friday, June 19, 2015

" ပေတရာနှင်းဆီ "



" ပေတရာနှင်းဆီ "

ဟေ့ … ကျောင်းသား
အသိတရားလေး နည်းနည်းဝင်
ခံစားချက်လေး နည်းနည်းတင်
နည်းနည်းလေး မရှက်ချင်ဘူးလား။

ဗမာပြည်သမိုင်း
မြန်မာပြည်သမိုင်းမှာ
ကျောင်းသားတွေ ရာဇ၀င်မရိုင်းခဲ့ကြဘူး
ခေါင်းငုံ့နောက်ဆုတ်
ကြောက်ကြောက်နဲ့ ဒူးတုတ်တာ
ကျောင်းသားအလုပ်မဟုတ်ဘူး။
လွတ်လပ်ရေးမျိုးစေ့
ဒီမိုကရေစီမျိုးစေ့
ဟေ့……..ကျောင်းသားတွေချခဲ့တာဟေ့
ဒီခေတ်မှ မင်းတို.ညံ့ကြတော့မှာလား
စကားနဲ့ မမေးချင်လို.
မောင်ဖုန်းမော်သွေးကို
မင်းတို့လက်ပေါ်..တင်……လိုက်..တယ်။

+++++++

ကျောင်းသားဆိုတာ
ဘာတွေကွဲကွဲ
စိတ်အားဖြင့် မကွဲခဲ့ကြဘူး
ကွန်မြူနစ်ဆိုရှယ်လစ် မကွဲခဲ့ကြဘူး
ဆေးကျောင်းအာအိုင်တီ မကွဲခဲ့ကြဘူး
အရေးတော်ပုံ အာရှလူငယ် မကွဲခဲ့ကြဘူး
ပင်မလှိုင်နယ်မြေ မကွဲခဲ့ကြဘူး
သူတို့ဟာ အဓိကသာမည ခွဲသိခဲ့ကြတယ်
ပြည်သူကို မျက်ကွယ်ပြုဖို့
ပြည်သူကို စတေးဖို့
ပြည်သူကို အမြတ်ထုတ်ဖို့
သူတို. ဘယ်တုန်းကကြံစည်ခဲ့ကြဘူးလို.လဲ။

မြင်းခွာတစ်ချက်ပေါက်ရင်
မီးဟုန်းဟုန်းတောက်ခဲ့ကြတယ်
သေနပ်တစ်ချက်ဖောက်ရင်
မီးဟုန်းဟုန်းတောက်ခဲ့ကြတယ်
အညွှန့်ချိုးတိုင်းကျိုးခဲ့သူတွေထဲမှာ
ကျောင်းသားတွေမပါခဲ့ဘူး။

ကျောင်းသားရေ
မင်းတို့ဟာ
တက္ကသိုလ်မရှိရင် တက္ကသိုလ်ဆောက်ခဲ့ကြတယ်
ကလောင်ကိုင်တဲ့လက်နဲ့ ဂျင်ကလိကိုင်ခဲ့ရတယ်
အမေ့ရင်ခွင်ကနေ ပေတရာမှာသွေးဖျန်းခဲ့ရတယ်
ဒီကြားထဲက
ကိုယ့်အရိုးကိုယ် တိုင်အဖြစ်ထူမ
အမြစ်ဘ၀ကနေ ပြန်ထခဲ့ကြတယ်
လမ်းမတွေအထက်
မင်းတို.သွေးတွေ နီလွင်စိုလက်
အပေါ်က သကာရည်ပက်ရုံနဲ့တော့ မပျက်ဘူး။

မောင်ဖုန်းမော်က စကျတဲ့သွေးအစက်စက်
မင်းတို.ရဲ့ နှလုံးသားအထက်မှာရှိနေဆဲ
တံတားဖြူ မြေနီကုန်း
ရှစ်လေးလုံး စက်တင်ဘာ
ဒင်းတို.ကလည်း မညှာဘူး
ငါတို့သွေးကလည်း မပြာဘူး
အနီ……..အနီ………
လတ်ဆတ်တဲ့ ပေတရာနှင်းဆီ။

+++++++
ကျောင်းသားဟာ
အာဏာကို မက်မောလို.မဟုတ်ဘူး
ငွေကြေးကို တပ်မက်လို.မဟုတ်ဘူး
ပြည်သူအတွက်လိုအပ်ရင်
အရိုးတွေ အတွင်းကဗီဇ
သင်းချိုင်းကုန်းက ပြန်ထကြမယ်။

ကျောင်းသားဟာ
ပါတီသစ္စာခံမဟုတ်ဘူး
အာဏာသစ္စာခံမဟုတ်ဘူး
ငွေကြေးကြောင့် မဖောက်ပြန်ဘူး
ကျောင်းသားဟာ
ပြည်သူ.သစ္စာခံ
ဒီအဆို အမြဲမှန်တယ်။

ကျောင်းသားရေ
ပါတီအတွေး
နိုင်ငံရေးအတွေးတွေ မ၀င်ခင်
ပြည်သူကိုအရင်မြင်ပါ
နိုင်ငံကိုအရင်မြင်ပါ
မင်းလမ်းစဉ်ဟာ
မင်းကိုယ်တိုင်ပြင်ဆင်ရမှာ
မင်းတို.ဟာ ပညာရှင်
ပြည်သူကို မင်းတို.ခေါ်ငင်ရမှာ။

ပညာခေတ်မှာ
မင်းတို.အညွန့်ချိုးခံခဲ့ရတာနဲ့
မင်းတို.ဟာ အညွန့်မပါတော့ဘူးလား
ကျောင်းသားဟာ ဒီလိုညံ့စတမ်းလား
ဟောဟိုမှာ
မင်းတို.ရဲ့ သားကြောဖြတ်ခံအမေ
တက္ကသိုလ်မြေဟာခြောက်သွေ့
စင်းစင်းကြီး မေ့နေတယ်
တွေ.ရဲ့လားကျောင်းသားရေ။

++++++

ဒီခေတ်မှ ညံ့ကြတော့မှာလား
မင်းတို.ဟာ သားဆိုးသားညံ့တွေလား
အဝေးမှာ ဒေါင်းတွန်သံကြားပါစ
ခွပ်ဒေါင်းဟာ
ပါတီသင်္ကေတမဟုတ်ဘူး
နိုင်ငံရေး သင်္ကေတမဟုတ်ဘူး
မင်းတို.ရဲ့ သင်္ကေတ
ကျောင်းသားသင်္ကေတ
ရဲရဲကြီးခွပ်ပြစမ်းပါ။

ဒီနေ့ မင်းတို.အရေးဟာ
ဘော်ရှီဘစ်အကြောင်း တွေးဖို.မဟုတ်
ရန်ငါစည်းပြတ်ဖို.မဟုတ်
မော်လိုနီနေဖို့ မဟုတ်
ပညာလိုနေတဲ့ ပြည်သူတွေ အတွင်း
ပညာတွေ လင်းပေးဖို.ဖြစ်တယ်။

ကျောင်းသားရေ
မင်းတို.အစ်ကိုတော်တွေဟာ
အမှားအမှန်ကိုသိတယ်
လုပ်သင့်တာ မလုပ်သင့်တာကိုသိတယ်
လက်ဝဲလက်ယာတွေပူးပေါင်းခဲ့ကြတယ်
ခံစားချက်တွေကို မြိုသိပ်ခဲ့ကြတယ်
တဇောင်းစေးတွေကို မျက်လုံးထဲ ထည့်ခဲ့ကြတယ်
လွတ်လပ်ရေးအတွက်လုပ်ခဲ့ကြတယ်
ဒီမိုကရေစီအရေးအတွက် လုပ်ခဲ့ကြတယ်
ခုတော့ မင်းတို.အလှည့်
ပညာအရေးအတွက် မင်းတို. လုပ်ရတော့မယ်။

နိုင်ငံအတွက်လိုအပ်နေတာ
ပါတီတွေမဟုတ်ဘူး
စကားလုံးတွေမဟုတ်ဘူး
အရေးအခင်းတွေ မဟုတ်ဘူး
ဆန္ဒပြတာတွေ မဟုတ်ဘူး
အငြင်းအခုံတွေ မဟုတ်ဘူး
ပညာ..ပညာ..ပညာ……..
ပညာတွေလိုနေတာ။

နိုင်ငံတိုးတက်ဖို့
ပညာမှလွဲ၍ မြေကြောရှုံ့သော အတတ်သည်မရှိ
မင်းတို.သိကြရင် ကျောင်းသားရေ
တက္ကသိုလ်မြေ
တို့ချစ်တဲ့ ကံ့ကော်မြေ
နေမ၀င်ပါစေနဲ့လေ။

++++++++

ကျောင်းသားကျောင်းမတက်ချင်တာ
ကျောင်းသားအရေးလား
ကျောင်းသားစာမကျက်ချင်တာ
ကျောင်းသားအရေးလား
ပြည်သူအတွက်လိုနေတာ
နိုင်ငံရေး သြဇာခံလား
ကိုယ့်လိုဘကိုယ် ဆန္ဒပြမှာလား
ရှက်စရာကျောင်းသားတွေကြား
မင်းတို့ ပါနေကြပြီလား
ကျောင်းသားရေ
တို့တတွေ ပြန်တွေးဖို့တော့ လိုနေပြီ။

ကျောင်းသားဟာ ဦးဆောင်သူဖြစ်တယ်
ဓားဆွဲချိန်ကိုသိရမယ်
ပန်းပွင့်ချိန်ကို သိရမယ်
သူများကြိုးဆွဲရာမကဘူး
ကိုယ့်အသိနဲ့ကိုယ် လမ်းသစ်ထွင်
လိုအပ်ရင် အသက်ပင်စွန့်ဝံ့သူဖြစ်တယ်။

ကျောင်းသားရေ …
မင်းကို တို့တတွေမျှော်နေတယ်
တို.ဘ၀ကို
ဖားတွေကြားထဲ မထည့်ဘူး
ကြက်တူရွေးတွေကြား မထည့်ဘူး
သာလိကာတွေကြား မထည့်ဘူး
မြေခွေးတွေကြား မထည့်ဘူး
မင်းလက်ထဲကိုထည့်မှာ
မင်းလက်ထဲကိုပါကျောင်းသားရေ။
++++++

တစ်နေ့နေ့
ပေတရာလမ်းပေါ်က ကတ္တရာစေးတွေကြားမှာ
ပန်းတွေပွင့်လာရင်
အဲဒါမင်းပဲကျောင်းသား
မြေထဲက ခပ်အုပ်အုပ်ရီသံတွေ
တို့လက်ထဲမှာ နှင်းဆီတွေ မသေဘူး။
< သက္က မိုးညို >

0 comments:

Post a Comment