Friday, June 19, 2015

လူငယ် နှင့် နိုင်ငံရေး



လူငယ် နှင့် နိုင်ငံရေး

လူငယ်နှင့် နိုင်ငံရေးအကြောင်း ပြောမည်ကြံသောအခါ လူငယ်များ နိုင်ငံရေး မလုပ်သင့်ဟူသော အကောက်အယူကို သတိရမိကြမည်ထင်သည်။ တဆက်တည်း တွဲပါလာတတ်သော စကားမှာ မိဘများကို ကိုယ်ချင်းစာပါ။ မိဘများကို ကလန်ကဆန် မလုပ်သင့်ပါဟူသော စကားများပင်ဖြစ်သည်။ တကယ်တော့ ထိုအကောက်အယူများသည် နိုင်ငံရေးဟူသည် အန္တရာယ်ရှိသည်၊ အဖမ်းအဆီးခံရနိုင်သည်၊ အစိုးရကို အတိုက်အခံပြုသည်ဟူသော အမှတ်အစွဲများမှ လာခြင်းဖြစ်သည်။ လွဲနေသော အကောက်အယူများဟု ပြောရပါလိမ့်မည်။

နိုင်ငံရေးဟူသော စကားလုံးသည် သည်နိုင်ငံတွင် ပုံပျက်နေခြင်းသာဖြစ်သည်။ အမှန်စင်စစ် နိုင်ငံရေးဟူသည် လူထုကို သက်ရောက်မှု ဖြစ်စေသော မူဝါဒ၊ ထိုမူဝါဒကို အကောင်အထည်ဖေါ်ရန် ကျင့်သုံးခွင့်ပေးထားသော အာဏာ၊ မူဝါဒ အသက်ရောက်ခံ လူထု တို့၏ အပြန်အလှန် ဆက်နွယ်မှုသာ ဖြစ်သည်။ ပြောရလျှင် ကလေးသူငယ်များကို ပိုလီယို ကာကွယ်ဆေး တိုက်ကျွေးခြင်းသည်လည်း နိုင်ငံရေးပင် ဖြစ်သည်။ အစိုးရလုပ်သမျှကို လိုက်၍ ကဏ္ဍကောစလုပ်နေခြင်းသာ နိုင်ငံရေးမဟုတ်သကဲ့သို့ လူငယ်များလုပ်သမျှကိုလည်း အစိုးရကို ကဏ္ဍကောစလုပ်ကာ နိုင်ငံရေးလုပ်နေခြင်းဟု မမြင်မိရန်လိုသည်။

လူငယ်ဟူသည် နိုင်ငံ၏ အနာဂတ်ပင် ဖြစ်သည်။ ထိုအနာဂတ်လူငယ်သည် မိမိကိုယ်ကိုသာ တိုးတက်စေရေး အာရုံစိုက်၍ ဘယ်သူသေသေ ငတေမာပြီးရော စိတ်ရှိသူများအဖြစ် မည်သူမှ မမြင်လိုပါ။ မိမိကိုယ်ကို တိုးတက်စေရေးသည် အရေးကြီးသကဲ့သို့ ထိုတိုးတက်ရေးသည်လည်း မိမိမိသားစု၊ ဆွေမျိုးအသိုင်းအ၀ိုင်းကိုသာ အထောက်အပံ့ဖြစ်စေသော တိုးတက်ရေးမျိုးဖြစ်နေလျှင် တိုင်းပြည် နာပါသည်။ ပြောရလျှင် အတ္တနှင့် ပရ မျှတရမည်။ ထို ပရဟိတ တရားသည်ပင်လျှင် ထားရမည်ဖြစ်သော နိုင်ငံရေးပင် ဖြစ်လေသည်။

လူငယ်ဟူသည် မိမိပတ်ဝန်းကျင် တိုးတက်စေရေးသည်လည်း ကြိုးပမ်းအပ်သော ကိစ္စအဖြစ် အာရုံမှတ်စွဲထားရမည့်သူများဖြစ်သည်။ ငါတို့အိမ် မီးစက်ထွန်းနိုင်လို့ ရက်ကွက်ထဲ မီးမလာတာ ဂရုမစိုက်ဘူးကွာ ဟူသည့် လူငယ်များသည် မိမိရပ်ကွက်ကို တိုးတက်စေမည့် လူငယ်များ မဖြစ်နိုင်ပါ။ ဆက်၍ ဆိုရလျှင် မိမိမြို့ကို တိုးတက်စေမည့် သူများ မဟုတ်ပါ။ ပြောရလျှင် နိုင်ငံတိုးတက်စေမည့် လူငယ်များမဟုတ်ပါ။

လူငယ်များအတွက် နိုင်ငံရေးဟူသည် ပါတီများအတွင်း ၀င်ရောက်ကာ မိမိပါတီအာဏာရစေရေး အားထုတ်နေရမည်ဟု မဆိုလိုပါ။ သို့သော် နိုင်ငံသားတစ်ယောက်အတွက် သိသင့်သိအပ်သော အကောက်အယူ၊ ရသင့်ရအပ်သော အခွင့်အရေး၊ ယူသင့်ယူအပ်သော တာဝန်ဝတ္တရားများကိုတော့ သိရပေမည်။  ထိုသို့ သိလာခြင်းသည်ပင်လျှင် တရားမှု မတရားမှုကို သိခြင်းပင်ဖြစ်သည်။

လူငယ်များ နိုင်ငံရေး လုပ်ရပေမည်။ အစိုးရကို ဆန့်ကျင်သော နိုင်ငံရေးမှ နိုင်ငံရေး မဟုတ်ပါ။ ရပ်ကွက်အတွင်း ပရဟိတအသင်းထူထောင်ခြင်းသည်လည်း နိုင်ငံရေးပင် ဖြစ်သည်။ ရေပြတ်လပ်နေသော နေရာများသို့ စက်ရေတွင်း တူးပေးနိုင်ရေး အလှူခံပေးခြင်းသည်လည်း နိုင်ငံရေးပင် ဖြစ်သည်။ ကျောင်းမတက်နိုင်သော ကလေးငယ်များကို ထောက်ပံ့ပေးခြင်းသည်လည်း နိုင်ငံရေးပင်ဖြစ်သည်။
လူငယ်များ နိုင်ငံရေး လုပ်သည်ကို ကြိုဆိုရပေမည်။ သို့သော် တစုတဖွဲ့၏ လက်ကိုင်တုတ်ဖြစ်သော နိုင်ငံရေးကိုတော့ သတိကြီးစွာထားရပေမည်။ အထူးသဖြင့် ထိုတစုတဖွဲ့သည် အဓမ္မတရားကို လက်ကိုင်ထားသော တစုတဖွဲ့၊ အာဏာငတ်သော တစုတဖွဲ့ ဖြစ်နေလျှင် ပိုဆိုးပါသည်။ တရားမျှတသော လမ်းပေါ်မှ တစုတဖွဲ့ဆိုသည့်တိုင် သတိကြီးကြီးနှင့် လျောက်လှမ်းရပါမည်။
ပြန်၍ ချုပ်ပြောရလျှင်
လူငယ်များ နိုင်ငံရေး လုပ်သည်ကို ကြိုဆိုရမည်။ သို့သော် ပညာပါစေချင်သည်။
-       သက္ကမိုးညို

0 comments:

Post a Comment