လူနဲ့တူသော
ဆရာဝန်
ကိုဇင်ဇေက သူ့အွန်လိုင်း မဂ္ဂဇင်းမှာ
လူငယ်တွေအတွက် တစ်ခုခုပြောပေးပါဆိုတော့ ဘာပြောသင့်သလဲ မေးကြည့်မိပါတယ်။ ဆေးကျောင်းတက်မယ့်
လူငယ်လေးတွေအတွက် ပြောပေးပါ ..တဲ့။
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ကိုယ်ဘွဲ့လွန်အတွက်
ပြုစုခဲ့တဲ့ ကျမ်းက ဆေးကျောင်းသားတွေ ကျောင်းကနေထွက်ခွာရတာနဲ့ ပတ်သက်လို့ ဖြစ်နေတယ်။
တချိန်ကဆိုရင် နိုင်ငံမှာ အမှတ်အမြင့်ဆုံးကျောင်းသားတွေပဲ
တက်ခွင့်ရှိခဲ့တာ။ ဆေးကျောင်းသားဆိုရင် လူတော်တွေလို့ သတ်မှတ်ထားကြတာ။ ဒါပေမယ့် အဲဒီဆေးကျောင်းတွေကနေ
မနည်းလှသော ကျောင်းသားတွေ ထွက်ခွာနေရတယ်။
တွေ့ရှိချက်ကိန်းကဏန်းတွေကိုတော့ မပြောတော့ပါဘူး။
ဒါပေမယ့် တချို့သော ကိစ္စလေးတွေက သိသင့်တယ်ထင်ပါရဲ့။ (ဆေးကျောင်းသားတွေတင် မကပါဘူး။
တက္ကသိုလ်ကျောင်းသားတိုင်းလည်း ဆိုင်ပါတယ်)
တကယ်တော့ ဆေးကျောင်းတက်ခဲ့ရတဲ့သူအများစုဟာ
(ဒီနေ့ခေတ်အခြေအနေအရ) တက္ကသိုလ်ဝင်တန်းကို ဘော်ဒါဆောင်ကနေ
တက်ခဲ့ကြသူတွေပါ။ ဘော်ဒါဆိုတာကလည်း သိတဲ့အတိုင်း စည်းကမ်းစည်းစနစ် တင်းတင်းကြပ်ကြပ်နဲ့
စာမကျက်ကျက်အောင် ဖိထားကြခဲ့တာမျိုး။
တက္ကသိုလ်ကတော့ ကိုယ့်တာဝန် ကိုယ်ယူရတဲ့
အပိုင်းက ပိုများလာခဲ့ပြီ။ မိဘတွေကိုယ်တိုင်ကလည်း ဆေးကျောင်းရောက်လာပြီ၊ တက္ကသိုလ်ရောက်လာပြီဆိုပြီး
ချုပ်ကိုင်မှု လျော့ပေါ့တာတွေ ပေးလာပြီ။ အဲဒီမှာ စပြီး အပျော်အပါးဘက် လိုက်တော့တာပါပဲ။
အပျော်အပါးဆိုတော့ ဆေးချ၊ အရက်သောက်ဆိုတာမှ
အပျော်အပါးမဟုတ်ပါဘူး။ တချို့တွေ့ခဲ့တဲ့ ကျောင်းထွက်ရတဲ့ ကျောင်းသားလေးတွေ ဆို အေးအေးလေးတွေပါ။
ဒါပေမယ့် သူတို့ဟာ တစ်ခုသော အပျော်အပါးမှာ ပျော်ဝင်ရစ်မူးနေကြတယ်။
“ ဂိမ်းလေ ”
ဂိမ်းစွဲလို့ ဆေးကျောင်းထွက်ရတဲ့ ကျောင်းသားတွေ
မနည်းလှပါဘူး။
ဒါဆိုရင် ကျွန်တော်က ဂိမ်းကို အပြစ်တင်နေတယ်
ထင်ကြလိမ့်မယ်။ မဟုတ်ပါဘူး။ ဆွဲဆောင်မှုဆိုတာ နေရာတကာ ရှိနေမှာပဲလေ။ ဂိမ်းမဟုတ်လည်း
တခြားသော ဆွဲဆောင်မှုတွေ ရှိနေမှာပါပဲ။
ပြောချင်တာက
စိတ်ပါ။ ကျောင်းသားတွေရဲ့စိတ်ပါ။
ဘယ်လိုပင် အားကောင်းလှတဲ့ ဆွဲဆောင်မှုနဲ့
ကြုံပါစေ။ ကိုယ်ရည်မှန်းတဲ့ ပန်းတိုင်ကို မယိမ်းယိုင်အောင် စွဲကိုင်လျောက်လှမ်းနိုင်တဲ့
မဆုတ်မနစ်တဲ့စိတ်ပါ။
အဲဒီစိတ်ဆိုတာ လွယ်လွယ်နဲ့ မရပါဘူး။
ပြုစုပျိုးထောင်ယူရပါတယ်။
သိသိသာသာ လွဲသွားတဲ့ လမ်းကြောင်းက သူများတွေ
သိလွယ်ပါတယ်။ ပြုပြင်ပေးလွယ်ပါတယ်။ ဥပမာ အခုနကပြောတဲ့ ဆေးချတာမျိုး။ ဒါမျိုးက မိဘတွေ၊
အပေါင်းအသင်းတွေ၊ ဆရာတွေသိလွယ်တယ်။ ပြုပြင်ထိန်းကျောင်းပေးဖို့လွယ်တယ်။
အပြင်မထွက်ပဲ စာကြည့်စားပွဲမှာ ဖုန်းလေးတစ်လုံးနဲ့
ဂိမ်းဆော့နေတဲ့သူက မမြင်လွယ်ဘူး။ ကိုယ်ကိုယ်တိုင်လည်း ပြင်ဖို့လိုနေမှန်း မသိဘူး။ ဒါကြောင့်
စိတ်ကို သေသေချာချာ ပန်းတိုင်မှာ ချထားဖို့ လိုပါလိမ့်မယ်။
ခက်တာက
ပန်းတိုင်က ဆရာဝန်ဖြစ်ဖို့ မဟုတ်ဘူးဆိုရင်လည်း ခက်လှတယ်။ တချို့က ၀ါသနာမပါပဲ မိဘက တိုက်တွန်းလို့ ရောက်လာတာရှိသေးတယ်။
အဲဒါ ကျတော့ ဒုတိယပိုင်းအနေနဲ့ ပြောပါ့မယ်။
+++++
ဆေးကျောင်းရောက်လာပြီး ဆရာဝန်ဖြစ်မယ်ဆိုရင်
ဒီနိုင်ငံမှာ မြင်နေတာ နားကြပ်လေး ပုခုံးပေါ်ချိတ်၊ ဆေးကုနေကြတဲ့ ဆေးရုံက ဆရာဝန်တွေကိုပါပဲ။
တချို့လည်း ခွဲတာ စိတ်တာတွေကိုမြင်နေကြလိမ့်မယ်။
အများစုက
ဆေးကုနေကြတာမှန်ပေမယ့် ဆရာဝန်ဆိုတာ အဲဒီလို တနေရာထဲ ဂိတ်ဆုံးသွားတဲ့ တစ်ဖက်ပိတ်လမ်းမဟုတ်ပါဘူး။
ဆေးကုတဲ့ဆရာဝန်အပြင်
အုပ်ချုပ်ရေးပိုင်းမှာလည်း ဆရာဝန်တွေလိုနေပါတယ်။
ရောဂါကာကွယ်နှိမ်နင်းရေးမှာ ပြည်သူတွေနဲ့
ထိတွေဆက်ဆံရတဲ့ ဆရာဝန်တွေ၊ စာရေးတာ ၀ါသနာပါတဲ့သူတွေအတွက် အသိပညာပေးရတဲ့ဆရာဝန်တွေ၊ သုတေသနဆရာဝန်တွေ၊
စတဲ့စတဲ့ နယ်စုံပယ်စုံတွေ ရှိနေပါသေးတယ်။
ဆိုလိုတာက
ကိုယ်ဝါသနာမပါဘူးဆိုပြီး (၀ါသနာပါတာကတော့ အကောင်းဆုံးပေါ့လေ) ။
ကိုယ့်လမ်းကိုယ်
ပိတ်လိုက်မှာ စိုးတာပါ။
ဆရာဝန်ဘ၀မှာကို
လျောက်စရာလမ်းတွေက အများကြီးပါ။
+++++
နောက်ဆုံး ပြောချင်တာကတော့ …
ဆရာဝန်ဘ၀မှာဖြစ်စေ၊
ဆေးကျောင်းသားဘ၀မှာဖြစ်စေ
အလိုအပ်ဆုံးကတော့ ...
ကျင့်ဝတ် ပါပဲ …

ညံ့တဲ့ဆရာဝန်က ရောဂါကို ကုတယ်။
တော်တဲ့ဆရာဝန်က လူကိုကုတယ်။
ပိုတော်တဲ့ဆရာဝန်ကတော့ နိုင်ငံကို ကုတယ်
… တဲ့။
အနည်းဆုံးတော့ လူကို လူလိုမြင်တတ်တဲ့
ဆရာဝန်လေး ဖြစ်ဖို့လိုပါတယ်။ ဆရာဝန်မှာ ချမ်းသာဆင်းရဲ မရွေးရပါဘူး။ တရုတ်ကုလား မရွေးရပါဘူး။
ချစ်သူမုန်းသူ မရွေးရပါဘူး။ ဆရာဝန်ရဲ့ မျက်လုံးအောက်မှာ
အားလုံးဟာ လူပဲဖြစ်နေပါတယ်။ ကျွန်တော်ကတော့ လူကို လူလိုမြင်တတ်တဲ့ လူသားဆန်တဲ့ ဆရာဝန်လေးတွေ
ကို ကျွန်တော်တို့ တိုင်းပြည်မှာ မြင်ချင်ပါတယ်။
သိပ်ကြီးကျယ်သော
ဆန္ဒကြီး မဟုတ်ပါဘူးလေ …
0 comments:
Post a Comment