Friday, June 19, 2015

ပန်းတိုင်ကို စိတ်ညွှတ်ထားဖို့



ပန်းတိုင်ကို စိတ်ညွှတ်ထားဖို့

ကျွန်တော်တို့လူငယ်တွေမှာ အောင်မြင်ချင်တဲ့ စိတ်အခြေခံရှိကြပါတယ်။ အောင်မြင်ဖို့အတွက် အားသွန်ခွန်စိုက်ကြိုးစားကြတဲ့လူငယ်တွေလည်း အများကြီးပါပဲ။ ဒီလိုကြိုးစားတဲ့အခါ ဂရုပြုစရာတွေရှိပါတယ်။ အများသိပြီးသားအချက်တွေကို အရင်ပြောချင်ပါတယ်။


အောင်မြင်ရေး ပညာရှင်တွေရဲ့အဆိုအရ အောင်မြင်ဖို့ တိကျတဲ့ပန်းတိုင် ရှိရပါမယ်။ ကိုယ်ဘာကိုလိုချင်သလဲ၊ ဘယ်လိုလူမျိုးဖြစ်ချင်သလဲဆိုတာ ရှင်းရှင်းလင်းလင်းသိရပါမယ်။ ဥပမာ- ငါချမ်းသာချင်တယ်ဆိုတဲ့ ပန်းတိုင်ကမတိကျပါဘူး။ တစ်နှစ်အတွင်းမှာ ပိုက်ဆံသိန်းငါးဆယ်ရရမယ်။ ဆယ်နှစ်အတွင်းမှာ ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်ရမယ်စသဖြင့် တိတိကျကျသတ်မှတ်ရပါမယ်။ ကိုယ့်ရဲ့ပန်းတိုင်ဟာ ယုတ္တိရှိဖို့တော့ လိုပါတယ်။ အတန်းပညာဆယ်တန်းတောင်မအောင်ဘဲ ပညာရေးဝန်ကြီးဖြစ်ချင်တယ်ဆိုတာမျိုးတော့ လုပ်လို့မရပါဘူး။
တိကျတဲ့ပန်းတိုင်ရှိပြီဆိုရင် ဒီပန်းတိုင်ကို ရောက်နိုင်မယ့်နည်းစနစ်တွေကို ရှာဖွေရပါမယ်။ တတ်ကျွမ်းနားလည်တဲ့သူတွေနဲ့ ဆွေးနွေးတိုင်ပင်ရပါမယ်။ လိုအပ်တဲ့အရည်အချင်းတွေကို ရှာဖွေဖြည့်ဆည်းရပါတယ်။ ဇွဲ၊ လုံ့လ၊ ဝီရိယရှိရပါတယ်။ ဒီအချက်တွေကို အောင်မြင်ချင်စိတ်ရှိတဲ့လူငယ်တိုင်း သိပြီးဖြစ်ပါတယ်။
ကိုယ်လိုရာပန်းတိုင်ကို အရောက်လှမ်းနေတဲ့အချိန်မှာ မမေ့သင့်တဲ့ အချက်တစ်ချက်က ကိုယ့်ရဲ့ပန်းတိုင်ကို စိတ်ညွှတ်ထားဖို့ပဲဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ ကျွန်တော်တို့ဟာ ကိုယ်ရည်မှန်းထားတဲ့ ပန်းတိုင်ကိုရောက်ဖို့ လုံ့လဝီရိယတွေ အများကြီးစိုက်ထုတ်ပြီးတဲ့အခါ စိတ်အားကိုလျှော့ချလို့ သက်သက်သာသာပဲ နေတတ်ပါတယ်။
          တကယ်တော့ အခြေအနေတွေဟာ တသမတ်တည်းအမြဲတည်မနေပါဘူး။ ပြောင်းလဲတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ပန်းတိုင်ကို မရောက်မချင်း စိတ်အေးလက်အေးနေလို့ မဖြစ်ပါဘူး။ ပန်းမဝင်ခင် တက်ထောင်ချင်စိတ် ရှိနေမယ်ဆိုရင် ကိုယ်ရည်မှန်းထားတာတွေ လွဲချော်တတ်ပါတယ်။ "ပန်းတိုင်ကို စိတ်ညွှတ်ထားဖို့" ဆိုတာနဲ့ပတ်သက်လို့ ဖတ်ထားဖူးတာလေးတစ်ခု သာဓက ဆောင်ချင်ပါတယ်။
ပညာတော်တဲ့မိန်းကလေးတစ်ယောက်ဟာ နိုင်ငံခြားပညာတော်သင်တစ်ခုကို လျှောက်ထားပါတယ်။ သူက စာမေးပွဲဖြေဆိုရမယ့်ရက်၊ လူတွေ့ဖြေဆိုရမယ့်ရက်တွေကိုမှတ်သားပြီး ရေးဖြေစာမေးပွဲဝင်ဖြေတဲ့အခါ စာမေးပွဲအောင်ပါတယ်။ ဒါပေမယ့် ဒီမိန်းကလေးဟာ ပညာတော်သင်ရွေးချယ်မခံလိုက်ရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတွေ့မေးမြန်းတဲ့ရက်ကို အကြောင်းကြောင်းကြောင့် ရှေ့တိုးလိုက်တယ်ဆိုတာကို သူမသိလိုက်ဘဲ နောက်ကျသွားလို့ဖြစ်ပါတယ်။ မိန်းကလေးက ဝမ်းနည်း၊ ဒေါသထွက်စွာနဲ့ အကြီးအကဲကိုသွားတွေ့တဲ့အခါ အကြီးအကဲက ဒီလိုမေးပါတယ်။

"သမီး…ဒီပညာသင်ဆုကိုရဖို့ သမီးတကယ်စိတ်ထက်သန်ရဲ့လား"
"စိတ်ထက်သန်တာပေါ့။ ဒီအတွက် သမီးအများကြီးကြိုးစားခဲ့ရတာပါ"
ဒီတော့မှ အကြီးအကဲက…
"သမီး တကယ်စိတ်ထက်သန်တယ်ဆို ဒီကိစ္စနဲ့ပတ်သက်လို့ သမီးအမြဲနားစွင့်နေရမှာပေါ့။ စုံစမ်းနေရမယ်လေ။ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို မရောက်မချင်း စိတ်အေးလက်အေးနဲ့ နေလို့မရဘူး" လို့ရှင်းပြပါတယ်။
ဒီအချက်ဟာ အောင်မြင်ဖို့အတွက် မမေ့အပ်တဲ့ အချက်ဖြစ်ပါတယ်။ ကျွန်တော်တို့လူငယ်တွေမှာ တိကျတဲ့ပန်းတိုင်၊ ပန်းတိုင်ကို အရောက်သွားနိုင်မယ့်အရည်အချင်း၊ လုံ့လဝီရိယတွေ ရှိရင်ရှိပါလိမ့်မယ်။ ဒါပေမဲ့ ပြောင်းလဲတတ်တဲ့ အခြေအနေတွေကို မှန်မှန်ကန်ကန်တုံ့ပြန်ရင်ဆိုင်နိုင်ဖို့ ကိုယ့်ရဲ့ပန်းတိုင်ကို စိတ်ညွှတ်ထားဖို့လိုတယ်ဆိုတာကိုလည်း မမေ့သင့်ပါဘူး။
-       စည်သူထက်


စာရေးသူကို ပန်းတနော်မြို့နယ်၊ ကဿဝင်ကျေးရွာတွင် မွေးဖွားခဲ့ပါသည်။ မအူပင်တက္ကသိုလ်တွင် အင်္ဂလိပ်စာအထူးပြုဖြင့် ပညာဆည်းပူးခဲ့ပြီး၊ ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ထပ်မံ၍ ပညာဆည်းပူးခဲ့သည်။ စာပေဝါသနာအလျောက် တက္ကသိုလ်နှစ်လည် မဂ္ဂဇင်းများ၊ နက္ခတ်ရောင်ခြည်မဂ္ဂဇင်း၊ မင်္ဂလာမောင်မယ်စာစောင်၊ မြတ်မင်္ဂလာစာစောင်၊ The Best English magazine, English for All magazine, Global English magazine, Top English magazine တို့တွင် အင်္ဂလိပ်ဘာသာဖြင့်လည်းကောင်း၊ မြန်မာဘာသာဖြင့်လည်းကောင်း ဆောင်းပါး၊ ဘာသာပြန်ရသ၊ အင်္ဂလိပ်စာပညာပေးများ ရေးသားခဲ့ ရေးသားဆဲဖြစ်သည်။
ယခုအခါ နည်းပညာတက္ကသိုလ် (မအူပင်)၊ အင်္ဂလိပ်စာဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည်။

0 comments:

Post a Comment