Friday, June 19, 2015

ကော်ဖီကောင်းကောင်းလေးကို အိမ်မှာနေရင်း သောက်ချင်သူများ အတွက်



ကော်ဖီကောင်းကောင်းလေးကို အိမ်မှာနေရင်း သောက်ချင်သူများ အတွက်
ကော်ဖီဆိုင်သွားရမှာအခက်အခဲရှိနေသူတွေ ၊ ရုံးမှာပဲ ကော်ဖီကောင်းကောင်းလေးကို သောက်ချင်နေသူတွေအတွက် အိမ်မှာပဲဖြစ်ဖြစ် ရုံးမှာပဲဖြစ်ဖြစ် အဆင်ပြေပြေ လွယ်လွယ်ကူကူ သောက်လို့ ရစေမယ့်  brew coffee အမျိုးအစားလေးအကြောင်းကိုတင်ဆက်ချင်ပါတယ်။ coffee machine အကြီးကြီးတွေမလို ပါဘူး။ သာမန်အိမ်သုံး coffee maker လေး တစ်ခုရှိရုံနဲ့  အနံ့ အရသာပြည့်ဝတဲ့ ကော်ဖီတစ်ခွက်ကို ရဖို့ လုံလောက်ပါပြီ။ coffeemaker ကတော့နေရာတော်တော်များများမှာ အလွယ်တစ်ကူ ၀ယ်လို့ ရပါတယ်။ ဈေးနုန်းကလဲ သောင်းကျော်ကနေ အစားစားပါပဲ။ ကိုယ်နဲ့  သင့်တော်မယ့် brand လေးကို စိတ်ကြိုက်ဝယ်ယူပြီး သုံးလို့ရပါတယ်။ ဒီစက်ကလေး ရပြီဆိုရင်တော့ ကော်ဖီစေ့ကောင်းကောင်းကိုလဲ ရွေးချယ်တတ်ဖို့နဲ့  ရွေးချယ်ထားတဲ့ ကော်ဖီစေ့ကိုလဲ ကောင်းကောင်းထိန်းသိမ်းတတ်ဖို့ လိုပါတယ်။
အိမ်မှာ ကော်ဖီကြိတ်စက် အလွယ်တကူ မရှိတတ်တာမို့  ကော်ဖီစေ့ကတော့ ကြိတ်ပြီးသားကိုပဲ ၀ယ်ယူရမှာပါ။ ကော်ဖီမှုန့်က အရမ်းသေးတဲ့ အရွယ်အစား၊ ရေမှာပျော်ဝင်လုနီးပါး  မှုန့်နေတာမျိုးဆိုလဲ အဆင်မပြေတတ်ပါဘူး။ အမှုန့်အရွယ်အစား နည်းနည်းကြီးကြီးလေးကို ရွေးဝယ်ယူရပါမယ်။ နှမ်းစေ့ နဲ့  မတိမ်းမယိမ်းလောက် အရွယ်အစားလေးပါပဲ။ ဒါလည်းမခက်ပါဘူး။ ကော်ဖီမှုန့်ကို ကြိတ်ပြီးရောင်းတဲ့  ဆိုင်တွေမှာပြောပြပြီး ၀ယ်လို့ရပါတယ်။ သူတို့ဆီမှာ အဲဒီအတွက် အသင့်ကြိတ်ပြီးသားတွေ၇ှိပါတယ်။ ပြီးတော့ အဲဒီဆိုင်တွေမှာ ကော်ဖီကို လတ်လတ်ဆတ်ဆတ်ရပါတယ်။ brew coffee အတွက်ဆိုရင်တော့ အဲ ဒီကော်ဖီ အရွယ်အစားကတော့ အနေတော်ပါပဲ။
ကော်ဖီဖျော်စက်လဲရပြီ ။  ကော်ဖီမှုန့်လဲ ရပြီဆိုတော့ စပြီးဖျော်လို့ရပါပြီ။ ဖျော်တဲ့နေရာမှာ ကော်ဖီမှုန့် ဘယ်နှဇွန်း ရေဘယ်လောက်ထည့်ရမယ်ဆိုတာ တိကျတဲ့ပြဌာန်းချက်တွေ မရှိပေမယ့် ယေဘူယျအားဖြင့် ကော်ဖီတစ်ခွက်အတွက် ကော်ဖီမှုန့်  ၁၀ ဂရမ်( 1 tblspoon) နဲ့ ရေကတော့ ကော်ဖီခွက်တစ်ခွက်စာ ( 6 ounces ) နဲံ့ ပဲ ဖျော်လေ့ရှိပါတယ်။
ဒါပေမယ့် အခု coffeemaker လေးတွေမှာ ရေထည့်ရမယ့် အမှတ်လေးတွေရှိပါတယ်။ တစ်ခွက်နှစ်ခွက်ကနေ ၁၀ ခွက်ထိ အမှတ်လေးတွေရှိလို့ ကိုယ်လိုချင်တဲ့  ခွက်အရေအတွက်အတိုင်း ချိန်ပြီးထည့်ရုံပါပဲ။ ကော်ဖီမှုန့်ကိုလဲ ကိုယ်လိုချင်တဲ့ ကော်ဖီအရသာ အပျင်းအပျော့အပေါ်မူတည်ပြီး ထည့်လို့ ရပါတယ်။ ပိုပျင်းတဲ့ အရသာကို နှစ်သက်တဲ့ သူတွေအနေနဲ့ ကော်ဖီမှုန့် ကို ပိုထည့်ပြီး ပျော့ပျော့လေးနှစ်သက်တဲ့  သူတွေ အနေနဲ့ကတော့ ပုံမှန်ထက်လျော့ထည့်ပြီး သောက်ရုံပါပဲ။
ဖျော်တဲ့နေရာမှာ ရေကလည်းအရေးကြီးပါတယ်။ ရေသန့်ရနိုင်ရင်တော့ အကောင်းဆုံးပေါ့။ မရနိုင်ရင်လဲ ရိုးရိုးရေကို စစ်ပြီးသုံးလို့ရပါတယ်။ အဓိကကတော့ ရေမှာ အနံ့အသက်ကင်းနေဖို့ကတော့ အရေးကြီးဆုံးပါပဲ။ ပြီးတော့ ရေအေးကိုပဲသုံးရပါမယ်။ ရေနွေးမသုံးရပါဘူး။ ရေခဲရေလဲသုံးဖို့ မလိုပါဘူး။ ပုံမှန်အခန်းအပူချိန်က သာမန်ရေဆိုရင်ရပါပြီ။ ဒါမှ အနံ့ အရသာပြည့်ဝတဲ့  ကော်ဖီတစ်ခွက်ကို ရမှာပါ။ ဖျော်နေတဲ့  အတောအတွင်းမှာ ရေအပူအချိန်က 195-205 ဒီဂရီဖာရင်ဟိုက် ရှိတတ်ပါတယ်။
ကော်ဖီမှုန့် ကိုယ်နှစ်သက်သလောက်လေးထည့် မှန်ကန်တဲ့ ရေကို သုံးပြီးဖျော်ထားတဲ့ ကော်ဖီဟာ အနံ့အရသာနဲ့  ပြည့်ဝနေမှာ ပါ။ ဒီလို အနံ့အရသာနဲ့ပြည့်ဝတဲ့  ကော်ဖီကို အရသာမပျက်အောင် သောက်သုံးဖို့ ပြင်ဆင်တတ်ဖို့ လဲ လိုပါတယ်။ ကော်ဖီထည့်သောက်မဲ့  ကော်ဖီခွက်ကလေးကပူနေမှ ရပါမယ်။ ခွက်အေးနေရင် ကော်ဖီထည့်လိုက်တဲ့ အခါ ကော်ဖီရဲ့အပူချိန် လျော့ကျသွားတတ်ပါတယ်။ သတ်မှတ်အပူချိန်ထက်လျော့နည်းတဲ့  ကော်ဖီဟာလည်း သောက်ရတာ အဆင်မပြေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မသောက်ခင်ကိုယ်သောက်မဲ့ ကော်ဖီခွက်လေးထဲကို ရေနွေးအရင်ထည့်ထားပါ။ ပြီးမှရေနွေးကိုသွန်ပြီး ကော်ဖီထည့်သောက်မယ်ဆိုရင် အပူချိန်လည်းလျော့မသွားလို့ ကော်ဖီအရသာကို ပိုပြီးပြည့်ပြည့်၀၀ ခံစားလို့ ရပါတယ်။
သင်ဟာကော်ဖီကို နို့ နဲ့ သောက်တတ်တဲ့ သူဖြစ်ရင်တော့ သကြားအရင်ထည့်ပြီး သကြားပျော်သွားမှ နို့ကိုထည့်သောက်ပါ။ နို့အရင်ထည့်လိုက်ရင် ကော်ဖီအပူချိန်က လျော့သွားပြီး သကြားပျော်ဝင်မှုကိုလျော့ပါးစေလို့  သကြားအနည်ထိုင်တာတွေဖြစ်ပြီး အရသာမမှန်ဖြစ်တတ်ပါတယ်။ နို့ က အပူဆိုရင်တော့ ပြဿနာမရှိပါဘူး ။ နို့ မှုန့်ထုတ်နဲ့  သောက်မယ်ဆိုရင်တော့ သကြားနောက်မှထည့်လဲ အဆင်ပြေပါတယ်။ ရလာတဲ့ ကော်ဖီကို အချိန်အကြာကြီးမထားပဲသောက်ဖို့လဲ  မမေ့ နဲ့ ဦးနော်။
အခုဆိုရင် ကော်ဖီကောင်းကောင်းလေးတစ်ခွက်ကို ဘယ်လိုဖျော်ရမလဲ ဆိုတာလဲ သိပြီဖြစ်လို့ ပိုတဲ့ကော်ဖီမှုန့် လေးတွေကို နောက်တပတ်လောက်အထိ အနံ့အရသာမပျက်အောင် သိမ်းဆည်းဖို့လဲ လိုပါပြီ။
ကော်ဖီမှုန့်လေးတွေကို လေလုံတဲ့ ဗူးနဲ့ ပဲ သိမ်း၇ပါတယ်။  ဗူးက ခြောက်သွေ့ပြီး သန့်ရှင်းဖို့လဲ လိုပါတယ်။ ကော်ဖီမှုန့်ကော်တဲ့ဇွန်းကိုလဲ ခြောက်သွေ့ဖို့  သတိပြုရပါဦးမယ်။ ပြီးရင် ဇွန်းကို ကော်ဖီဗူးထဲမထားခဲ့ပါနဲ့  ဇွန်းနဲ့မလွတ်ရင် အဖုံးဖုံးတဲ့အခါထောက်မိပြီး လေမလုံဖြစ်တတ်လို့ ပါ။ ကော်ဖီထည့်ထားတဲ့ဗူးကို  နေရောင်တိုက်ရိုက်မကျတဲ့နေရာ၊ အရိပ်ရတဲ့နေရာမှာ သိမ်းပါ။ coffeemaker ကိုလဲ ရေနွေးနဲ့သန့်စင်အောင် ဆေးကြောဖို့  လိုပါမယ်။ ပြီးရင် ရေခြောက်အောင် အ၀တ်သန့်သန့်နဲ့  သုံးပြီး သိမ်းပါ။
ဒီလိုနည်းလေးအတိုင်း ဖျော်သောက်မယ်ဆိုရင်တော့ coffee professional တစ်ယောက် အိမ်မှာလာဖျော်ပေးသလိုပဲ ကောင်းမွန်တဲ့ကော်ဖီတစ်ခွက်ကို အိမ်မှာပဲဖြစ်ဖြစ် ၊ ရုံးမှာပဲဖြစ်ဖြစ် အဆင်ပြေပြေ လွယ်လွယ်ကူကူ သောက်လို့ရပါပြီ။
-       မောင်မောင်မင်းဇင်

စာရေးသူဟာ ၂၀၀၀ ခုနှစ်လောက်က စပြီး ကော်ဖီ နဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ ( ကော်ဖီဆိုင် ပေါင်း ၂၀ ခန့် ) မှာ ဝန်ထမ်းအနေနဲ့သော်လည်းကောင်း ၊ သင်တန်းပေးခြင်း ၊ ဆိုင် စတင်တည်ထောင်ရာတွင် အကြံပေးခြင်း တို့ကို လည်းကောင်း ဝင်ရောက် လုပ်ကိုင်ခဲ့ပါတယ် ။
၂၀၀၉ ခုနှစ်လောက်က စတင်ပြီး  ကော်ဖီဆိုင် ၊ စားသောက်ဆိုင် နဲ့ ဟော်တယ်တွေမှာ ကော်ဖီသင်တန်း ၊ ဘားသင်တန်း ၊ ဧည်သည်ဝန်ဆောင်မှု သင်တန်းတွေ စတင် ပေးခဲ့ပါတယ် ။ လက်ရှိမှာတော့ ဆိုင်အသစ်ဖွင့်ချင်သူများ မိမိဆိုင်ဝန်ထမ်းများအရည်အသွေးမြင့်လိုသူများကို အတိုင်ပင်ခံသော် လည်းကောင်း ၊ သင်တန်းဆရာတစ်ဦးနေနဲ့ သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါတယ် ။
ကော်ဖီနဲ့ ပက်သတ်ပြီးမေးချင်တယ်ဆိုရင်တော့ ၄၃၀ ၉၃၃၁၃ ကိုဆက်ပြီးသိချင်တာတွေမေးလို့ ရပါတယ် ။

0 comments:

Post a Comment