Friday, June 19, 2015

Street Smart လား ???? Book Smart လား ???



Street Smart လား ???? Book Smart လား ???
           
အရင် Issue မှာတုန်းကတော့ စာဖတ်သူတွေကို Google ရဲ့ အခြားစိတ်ဝင်စားစရာ အသုံးချမှုတွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ စာဖတ်သူတွေကို ကျွန်တော်အခုတလော ခံတွင်းတွေ့နေတဲ့ စကားလုံးလေးနှစ်လုံးဖြစ်တဲ့ Booksmart နဲ့ Streetsmart ဆိုတဲ့ အကြောင်းလေး ဝေမျှပါရစေ။ ကျွန်တော်တို့ဟာ ပထမဆုံး SMART ဆိုတဲ့ စာလုံးကိုမြင်တာနဲ့ ကျောင်းတုန်းက အတန်းထဲမှာ စာတော်ပြီး ဥာဏ်ကောင်းတဲ့ကျောင်းသား၊ လတိုင်းစာမေးပွဲတွေမှာ အဆင့်၁ချိတ်ပြီး ဆုတွေအများကြီးရတဲ့ ကျောင်းသားတွေကိုဘဲ မြင်မိနေပါတယ်။ အဲဒါဟာ မှန်သင့်သလောက်တော့ မှန်ပေမယ့် အလုံးစုံတော့ မမှန်သေးပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ပတ်ဝန်းကျင်မှာတင် ကျောင်းတုန်းကတော့စာညံ့ပြီး အပြင်လက်တွေ့ဘ၀မှာတော့ ကျောင်းတုန်းက စာတော်တဲ့ကျောင်းသားတွေထက် အောင်မြင်ကြီးပွားတိုးတက်နေတဲ့ သူတွေကို တွေ့နေရလို့ပါဘဲ။


ကျွန်တော်ကိုယ်တိုင်လည်း တွေ့ဖူးပါတယ်။ အဲဒါကြောင့် သူတို့ဘာလို့အောင်မြင်နေရတာလဲ။  Streetsmart နဲ့ Booksmart ဘာတွေများကွာခြားမှုရှိလည်းဆိုတာ ဒီဆောင်းပါးမှာ ကျွန်တော်သိသလောက် တင်ပြမှာဖြစ်ပါတယ်။




Street Smart
             

Streetsmart ဆိုတဲ့စကားလုံးကို Google ထဲမှာအခုလိုအဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။
“…the experience and knowledge necessary to deal with the potential difficulties or dangers of life in an urban environment….”
ဆိုလိုတာကတော့ ကျွန်တော့်တို့လက်ရှိဘ၀အတွက် လက်တွေ့ကျတဲ့ အတွေ့အကြုံ၊ဗဟုသုတရှိတဲ့ အရည်အချင်းကို ဆိုလိုတာဖြစ်ပါတယ်။ နောက်ပြီး သူတို့တွေဟာ အဲဒီ အရည်အချင်းတွေကို စာအုပ်တွေဖတ်၊ စာမေးပွဲတွေဖြေပြီး ရတာမဟုတ်ပါဘူး၊ အမှားတွေ၊ ဘ၀ပေးသင်ခန်းစာတွေ၊ ကြိုးစားရုန်းကန်မှုတွေ ကနေတစ်ဆင့် ရတာဖြစ်ပါတယ်။
သူတို့ဟာ လူတွေနဲ့စကားပြောရတာကို နှစ်သက်ပြီး၊ သူတို့ရဲ့အချိန်တော်တော်များများကို အိမ်မှာနေပြီးစာဖတ်၊ရုပ်ရှင်ကြည့်တာထက် အပြင်မှာအခြားသူတွေနဲ့ စကားပြောဆွေးနွေးတာ၊ အမြင်ချင်းဖလှယ်ရတာကို နှစ်သက်သူတွေ ဖြစ်ပါတယ်။ လမ်းမှာတွေ့လို့နှုတ်ဆက်ရင် “ ဟေ့လူ ထမင်းစားပြီးပြီလား “ လို့မေးမှာထက် “ ရန်ကုန်မှာဘယ်ထမင်းဆိုင်အကောင်းဆုံးလဲလို့” မေးမယ့်သူတွေဖြစ်ပါတယ်။ ကိစ္စ္စတစ်ခုကို စာအုပ်ထဲမှာပါတာထက် ၊ကိုယ်တိုင်လုပ်ကြည့်ပြီးမှ လက်ခံသူတွေဖြစ်တယ်။ Booksmart နဲ့ယှဉ်ရင် Communication လည်းပိုကောင်းသူတွေ ဖြစ်ကြပါတယ်။ အရှုံးတွေကို ကျေကျေနပ်နပ်လက်ခံလေ့ရှိပြီး အရှုံးတွေကတဆင့် သင်ယူလေ့လာကြပါတယ်။
ကျောင်းစာမှလွဲပြီး သူတို့စိတ်ဝင်စားတဲ့ကိစ္စ္စတွေမှာဘဲ အာရုံစိုက်လေ့ရှိပါတယ်။ အဲဒါကြောင့် Streetsmart တော်တော်များများဟာ ကျောင်းစာမှာအားနည်းလေ့ ရှိကြပါတယ်။ Steve Jobsတို့ Michael Dell တို့ဟာ ဘွဲ့မရခဲ့ကြပါဘူး။ ဒါပေမယ့် သူတို့ဘ၀မှာ ဘွဲ့ပညာထက်ပိုတဲ့ Achievement တွေရရှိခဲ့ကြပါတယ်။ နောက်ပြီး Streetsmart တွေရဲ့ ကျောင်းစာနဲ့ပတ်သက်ပြီး စာရေးသူကြိုက်တဲ့ Quote လေးတစ်ခုရှိပါတယ်။ Bill Gates ပြောခဲ့တဲ့စကားလေးဖြစ်ပါတယ်။
“…….I failed in some subjects in exam but my friend passed in all. Now he is an engineer in Microsoft and I am the owner of Microsoft….”
                                                                          -Bill Gates-
တစ်ကယ်လည်းမှန်ပါတယ်။ Bill Gates ဟာသူ့ရဲ့ Microsoft company စတင် ကောင်းကောင်းလည်ပတ်နိုင်တဲ့အချိန်မှာ သူ့ရဲ့ကျောင်းတုန်းက သူငယ်ချင်းတော်တော်များများကို ၀န်ထမ်းအဖြစ် ခန့်အပ်ခဲ့ပါတယ်။
 Booksmart တွေစာအုပ်တွေဖတ်ပြီး လေ့လာနေတဲ့အချိန်မှာ Streetsmart တွေဟာ သူတို့ကိုသူတို့ စာအုပ်တစ်အုပ်လို့ သဘောထားပြီး သင်ယူကြပါတယ်။ လူအများနှင့် ဆက်ဆံရေးကောင်းမွန်ပေမယ့် ပတ်ဝန်းကျင်မှာ အများသူများနှင့်မတူ၊ တစ်ယောက်တည်းသီးသန့် ကွဲထွက်နေတတ်ပါတယ်။ ဆိုလိုတာကတော့ သူများတွေလျှောက်တဲ့လမ်းအတိုင်း လိုက်မလျှောက်တာ Streetsmart များရဲ့ သဘာဝပါ။ အသစ်ဖောက်ထွက်လိုက်ရမှ ဒါမှမဟုတ် သူများနဲ့မတူအောင်လုပ်ရတာကို နှစ်သက်ခုံမင်သူများ ဖြစ်ပါတယ်။ ဘယ်အချိန်ကြည့်ကြည့် Streetsmart များဟာ အခြားသူများနှင့်မတူ ကွဲပြားပေါ်ထွက်နေပါတယ်။ ရှေးရိုးအယူအဆများကို လက်ခံသင့်သလောက်လက်ခံသော်လည်း ကိုယ်ပိုင်အတွေးအခေါ်ဖြင့် နေထိုင်သူများဖြစ်ကြပါတယ်။ တစ်ခြားသူတွေရဲ့အာရုံစိုက်၊ အရေးတယူလုပ်မှုတွေကို လုံးဝမလိုလားပဲ ကိုယ့်ပုံစံနဲ့ကိုယ် နေထိုင်သူများ ဖြစ်ပါတယ်။
ဒါတွေကတော့ Streetsmart တွေရဲ့အပြုအမူ၊ စိတ်နေသဘောထားတွေ ဖြစ်ပါတယ်။ လေ့လာစမ်းစစ်ချက်အရ Entrepreneurs အများစုဟာ Streetsmart ကလာကြတာဖြစ်ပါတယ်။ ဒါပေမယ့် Booksmart Entrepreneurs များလည်းရှိကြပါတယ်။ ဥပမာ- Google ရဲ့ founders နှစ်ယောက်ဖြစ်တဲ့ Larry Page နဲ့ Sergey Brin တို့ဟာ Booksmart သမားများ ဖြစ်ကြပါတယ်။ ကဲဒါဆို Booksmart တွေ ဘယ်လိုရှိလည်းဆိုတာ လေ့လာကြည့်ရအောင်။

Book Smart
                  
 Booksmart တွေဟာ ပညာတတ်( well educated ) တွေဖြစ်ကြပါတယ် ။သူတို့ဟာ စာပေအတော်များများကို လေ့လာဖတ်ရှုပြီး၊ လေ့လာဆဲ လူများဖြစ်ပါတယ်။ ကိစ္စ္စတစ်ခုခုကို စဉ်းစားဆုံးဖြတ်တဲ့အခါမှာ စာတွေထဲက Theoryတွေ၊ formula တွေ၊ principle တွေကနေတစ်ဆင့် စဉ်းစားဆုံးဖြတ်ကြပါတယ်။ အများစုဟာ ကျောင်းစာကျောင်းစာမှာ ထူးချွန်ထက်မြက်ကြသူများ ဖြစ်ကြပါတယ်။ IQ မှာလည်း အခြားသူများထက် မြင့်မားကြတာကို တွေ့ရပါတယ်။ လူနည်းစုဟာ သူတို့ရဲ့ထူးခြားလှတဲ့ ဥာဏ်ရည်မြင့်မားမှုကြောင့် အခြားသူများနဲ့ ရောထွေးဆက်ဆံတဲ့အခါမှာ အံဝင်ခွင်ကျ မရှိကြပါဘူး။
Booksmart အများစုဟာ အသက်ကြီးလာတဲ့အခါမှာ နိုင်ငံရေး၊ ရှေ့နေ၊ တရားသူကြီး၊ ဆရာဝန်၊ သိပ္ပံပညာရှင်၊ ပါမောက္ခ စတဲ့ Professional နယ်ပယ်တွေထဲ ၀င်တာများပါတယ်။ သူတို့ဟာ Streetsmart များလို ကိုယ်ပိုင်အတွေ့အကြုံ၊ အမှားတွေကနေတစ်ဆင့် သင်ခန်းစာမယူလိုကြပါဘူး။ ကိုယ်တိုင်ထက် တစ်ခြားသူတွေရဲ့အမှား၊ အတွေ့အကြုံကနေတစ်ဆင့် ပြန်လည်သင်ယူသူများ ဖြစ်ကြပါတယ်။ ကိစ္စ္စတစ်ခုကိုမလုပ်ခင် အကြိမ်ကြိမ် စဉ်းစားလျှက်ရှိပြီး အဲဒီကိစ္စ္စကို သူ့အရင်ရှေ့မှာ ဘယ်သူတွေက ဘယ်လိုလုပ်ခဲ့လဲဆိုတာကို အရင်စူးစမ်းလေ့လာပြီးမှ လုပ်လေ့ရှိပါတယ်။ သူတို့ခေါင်းထဲမှာ အကြောင်းအရာအချက်အလက်တွေ၊ တွေးခေါ်မှုတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ ဘ၀ရဲ့ဥပဒေသ(rules)တွေ၊ ရှေးရိုးအယူအဆများကို တသွေမတိမ်း လိုက်နာကြိုးစားကြသူများဖြစ်ပါတယ်။ ပတ်ဝန်းကျင်နှင့် အံဝင်ခွင်ကျဖြစ်မှုကို နှစ်သက်ပြီး အများသူများလက်ခံအောင် နေထိုင်တတ်ကြပါတယ်။
အဲဒါကြောင့် Booksmart ကလေး အတော်များများဟာ စာကြိုးစားပြီး၊ မိဘစကား နားထောင်သူများအဖြစ် သတ်မှတ်ခြင်းခံရပါတယ်။ ဒါပေမယ့် အဲဒါဟာ သူတို့ကြီးပြင်းလာလို့ လုပ်ငန်းခွင်ထဲရောက်တဲ့အခါ အခက်တွေ့တော့တာပါဘဲ။ သမတ်ရိုးကျတွေးတောသူများ ဖြစ်တဲ့အတွက် သူတို့မှာ ဆန်းသစ်တီထွင်နိုင်မှုစွမ်းရည် နည်းပါးကြပါတယ်။ ပြဿနာတစ်စုံတစ်ခု တက်လာရင်လည်း နည်းလမ်းအသစ်တစ်မျိုးနဲ့မဟုတ်ဘဲ နည်းလမ်းဟောင်းဖြင့်သာ ဖြေရှင်းနိုင်ကြပါတယ်။ မူလနေရာကနေ ဖောက်ထွက်ပြီး မစဉ်းစားနိုင်ဘဲ ရှိရင်းစွဲအယူဖြင့်သာ စဉ်းစားလုပ်ကိုင်တတ်ခြင်းဟာ Booksmart အများစုရဲ့ အားနည်းချက်ဖြစ်ပါတယ်။
Harvard Business Review ရဲ့ research တစ်ခုအရ ကျောင်းမှာတုန်းက စာတော်ထူးချွန်တဲ့ကျောင်းသား 78% လောက်ဟာ တစ်ကယ့်အလုပ်ခွင်မှာ ထင်သလောက် စွမ်းရည်မပြနိုင်ဘူးလို့ ဆိုပါတယ်။  ဒါပေမယ့် သူတို့ဟာ Streetsmart များရဲ့ အားနည်းချက်တွေဟာ သူတို့ရဲ့ အားသာချက်များအဖြစ် ရှိနေပါတယ်။ အရာရာကို တစ်ခုနှင့်တစ်ခု နှိုင်းယှဉ်တွေးခေါ်မှု၊ လေ့လာသင်ယူနိုင်စွမ်း နှင့် မှတ်ဥာဏ်စွမ်းရည်သာလွန်မှု၊ ဗဟုသုတကြွယ်ဝမှုတွေဟာ Booksmart များရဲ့ သူမတူတဲ့အရည်အချင်းများ ဖြစ်ပါတယ်။

 Booksmart နဲ့ Streetsmart ဘယ်သူပိုကောင်းလဲ ???????

ဒါဆိုရင် စာဖတ်သူက မေးလိမ့်မယ်။ Booksmart နဲ့ Streetsmart ဘယ်သူပိုကောင်းလဲလို့ ?
အဲဒီမေးခွန်းကိုဖြေရဖို့က ကြက်ဥနဲ့ကြက်မ ဘယ်ဟာကအရင်စဖြစ်သလဲလို့ စဉ်းစားရတာလောက် ခက်ပါတယ်။ ကမ္ဘာပေါ်မှာလည်း Booksmart ၊ Streetsmart နဲ့ ဘယ်သူကပိုတော်သလဲဆိုတာ အပြန်အလှန် ငြင်းခုန်ခဲ့ကြဖူးပါတယ်။ အခုထိလည်း ငြင်းခုန်နေကြတုန်းပါဘဲ။ ကျွန်တော့်အနေနဲ့ကတော့ နှစ်ခုလုံးကောင်းပါတယ်။ ကျွန်တော်တို့ လူသားကမ္ဘာကြီး တိုးတက်ဖွံ့ဖြိုးဖို့Streetsmart ရော Booksmart ရောလိုအပ်ပါတယ်။ Streetsmart တွေချည်းဘဲ ကမ္ဘာကြီးကိုတည်ဆောက်လို့မရပါဘူး။ Booksmart တွေလည်းလိုအပ်ပါတယ်။ Booksmart တွေကိုယ်တိုင်လည်း တည်ဆောက်လို့မရပါဘူး။ နှစ်မျိုးလုံးလိုအပ်ပါတယ်။ ကမ္ဘာပေါ်မှာထင်ရှားတဲ့ Streetsmart တွေမှာတော့ Bill Gates, Steve Jobs, Richard Branson တို့ဟာ လူသိများကျော်ကြားတဲ့ Streetsmart ပုဂ္ဂိုလ်များဖြစ်ကြပါတယ်။ Richard Branson ဆိုရင် ကလေးဘ၀တည်းက ကျောင်းကောင်းကောင်း မနေခဲ့ရရှာပါဘူး။အသက် ၁၆နှစ်အရွယ်မှာတင် dyslexia ရောဂါကြောင့် ကျောင်းကနေအပြီး ထွက်ခွာခဲ့ရပါတယ်။ သူ့ဆရာက သူ့ကို သူဌေးတစ်ယောက်ဖြစ်ရင်ဖြစ် ၊မဖြစ်ရင်ထောင်ထဲမှာဘဲ ဘ၀ဆုံးရလိမ့်မယ်လို့ မှတ်ချက်ပေးဖူးခဲ့ပါတယ်။ ယခုအချိန်မှာတော့ သူဟာ ဗြိတိန်စီးပွားရေးသမိုင်းမှာ ထင်ရှားတဲ့ Entrepreneur တစ်ယောက်ဖြစ်နေပါပြီ။
                                      
Booksmart ဘက်က ကြည့်မယ်ဆိုရင်လည်း အမေရိကန်နိုင်ငံရေးလောကမှာ ထင်ရှားတဲ့ Hillary Clinton ၊ Google ရဲ့ founders နှစ်ဦးဖြစ်တဲ့ Larry Page နဲ့ Sergey Brin တို့ဟာ Booksmart သမားများဖြစ်ကြပါတယ်။ Google boys နှစ်ယောက် ( Larry Page, Sergey Brin ) ဟာဆိုရင်လည်း Google search engine ကို Stanford University မှာ Final Year Ph.D project အဖြစ် စတင်လုပ်ကိုင်ရင်းကနေ စခဲ့တာဖြစ်ပါတယ်။ နှစ်ယောက်စလုံးဟာ သိပ္ပံနှင့် Computer ပညာမှာ ကျွမ်းကျင်နှံ့စပ်ပြီး၊ Mathematics မှာလည်း တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ကြတယ်လို့ သူတို့ရဲ့ဆရာတွေကပြောခဲ့ပါတယ်။

         

ကျွန်တော်တို့ မြန်မာတွေထဲကဆိုရင်လည်း ကျွန်တော်တို့လေးစားရတဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ Booksmart လူစားမျိုးထဲမှာပါပါတယ်။
သခင်အောင်ဆန်းဟာ ငယ်ငယ်ကတည်းက ကျောင်းစာမှာထူးချွန် (အထူးသဖြင့် သင်္ချာနဲ့မြန်မာစာ) ပြီး Scholarship တွေလည်း ရခဲ့ပါတယ်။ စာတွေလည်း အင်မတန်ဖတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ အတန်းထဲမှာလည်း အားလပ်ချိန်ရောက်တိုင်း စာချည်းဘဲဖတ်တတ်ပါတယ်။ သူ တက္ကသိုလ်ကျောင်းသား ဘ၀တုန်းကဆိုရင်လည်း ညတိုင်း ည၁နာရီလောက်အထိ စာဖတ်နေတတ်တယ် ဆိုပြီး သူ့ရဲ့ပဲခူးဆောင်မှာရှိတဲ့ အခန်းဖော်တွေက ပြောပြဖူးပါတယ်။ နောက်ပြီး Booksmart တွေရဲ့  အမူအကျင့်အတိုင်း လွတ်လပ်ရေးတိုက်ပွဲမစခင် ဗိုလ်ချုပ်အောင်ဆန်းဟာ ကမ္ဘာပေါ်မှာရှိတဲ့ ကိုလိုနီနိုင်ငံတွေရဲ့ အခြေအနေတွေကို အရင်လေ့လာပါတယ်။ ပြီးနောက် အာရှတိုက်တစ်ဝန်းမှာရှိတဲ့ ကိုလိုနီနိုင်ငံတွေရဲ့ နိုင်ငံရေးအခြေအနေ၊ စီးပွားရေးအခြေအနေတို့ကို လေ့လာသုံးသပ်ပါတယ်။ ကိုလိုနီလက်အောက်ကနေ လွတ်မြောက်လာတဲ့ နိုင်ငံတွေမှာ သူတို့တွေ ဗြိတိသျှကို ဘယ်ပုံဘယ်နည်းနဲ့ တော်လှန်ပုန်ကန်ခဲ့လဲ ဆိုတာကို ဗိုလ်ချုပ်ဟာ ကောင်းကောင်းကြီး လေ့လာသုံးသပ်ခဲ့ပါတယ်။ အဲဒီနောက် လွတ်လပ်ရေးတိုက်ပွဲအတွက် လိုအပ်တဲ့ Strategy တွေ၊ Plan တွေကိုအကွက်ကျကျ ချမှတ်နိုင်ခဲ့ပါတယ်။ အဲဒါကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သာလွန်တဲ့ ဥာဏ်ရည်ထက်မြက်မှုဘဲ ဖြစ်ပါတယ်။
နောက်ထပ် မြန်မာတွေထဲမှာ ထင်ရှားတဲ့ Streetsmart ပုဂ္ဂိုလ်မျိုးတွေ ရှိပါသေးတယ်။ ဥပမာပေးရမယ်ဆိုရင် စာရေးသူလေးစားသဘောကျတဲ့ Myanmar Entrepreneur တစ်ယောက်ဖြစ်သူ Hissho Sushi လုပ်ငန်းပိုင်ရှင် ဦး Philip Maung ကိုဘဲ ညွှန်းရမှာဖြစ်ပါတယ်။
 Philip Maung ဟာ ဘ၀ကိုအောက်ခြေကနေစပြီး အတွေ့အကြုံတွေ၊ ဘ၀သင်ခန်းစာတွေ၊ အရှုံးတွေကနေ တစ်ဆင့် လေ့လာသင်ယူပြီး ထိပ်ဆုံးထိရောက်အောင် ကြိုးစားခဲ့တဲ့ Streetsmart တစ်ဦးဖြစ်ပါတယ်။ သူဟာ အမေရိကန်နိုင်ငံကို ဘာဆွေမျိုးသားချင်းမှ မရှိဘဲ ၁၃ဒေါ်လာနဲ့ ထွက်ခွာသွားပြီး ဆီဆိုင်မှာ ၀န်ထမ်းအဖြစ် အလုပ် လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီနောက် Real Estate ဈေးကွက်ဘက်မှာ Broker အဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့ပြီး အမေရိကန်မြေဈေးကွက် ထိုးကျတော့မယ့်အချိန်ကို အကဲခတ်မိတာနဲ့ Real Estate Market ကနေထွက်ပြီး ဆူရှီစီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့ပါတယ်။ ယခုအချိန်မှာသူ့ရဲ့ Hissho Sushi လုပ်ငန်းဟာ ဒေါ်လာသန်း ၅၀တန်ဖိုး ရှိနေပါပြီ။ အမေရိကန်နိုင်ငံမှာ သူ့လို အခြားဆူရှီဆိုင်တွေ ရှိပါလျှက်နဲ့ သူ့ရဲ့ ဆူရှီလုပ်ငန်း အရမ်းအောင်မြင်တာဟာ Philip Maung ရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ ဥာဏ်အမြော်အမြင်ရှိစွာ လုပ်ကိုင်နိုင်လို့ဘဲဖြစ်ပါတယ်။

                           

Booksmart နှင့် Streetsmart တို့ ကွာခြားပုံ
အဲဒါကြောင့် Booksmart နဲ့ Streetsmart ယှဉ်လိုက်တဲ့အခါဘယ်သူကောင်းလဲ? ဘယ်ဟာကပိုသာလည်းဆိုတာမရှိပါဘူး။ အခုဆိုရင် စာဖတ်သူလည်း Booksmart နဲ့ Streetsmart တွေအကြောင်းကို အထိုက်အလျောက်သိသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ စာဖတ်သူကိုယ်တိုင်ဟာလည်း Streetsmart ဒါမှမဟုတ် Booksmart တစ်မျိုးမျိုးထဲမှာ ပါနိုင်ပါတယ်။
“ ငါကတော့ ဘယ်နေရာမှ smart မဖြစ်ပါဘူး “ လို့တော့မပြောပါနဲ့။ လူတိုင်းလူတိုင်းဟာ တစ်ခုခုမှာတော့ smart ဖြစ်တာချည်းပါပဲ။ သင်ဟာ Booksmart ဖြစ်ရင်ဖြစ် ဒါမှမဟုတ် Streetsmart ပါပဲ။ နှစ်ခုလုံးမှာ smart ဖြစ်တယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ဗျာ။ အရေးကြီးတာက ကိုယ် smart  ဖြစ်တဲ့ပုံစံနဲ့ ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်က ကိုက်ညီဖို့ လိုအပ်ပါတယ်။ ကိုက်ညီရင်တော့ သင်ဟာ အလုပ်မှာ အခြားသူတွေထက် သာလွန်ထူးချွန်နေမှာဖြစ်ပြီး၊ အောင်မြင်မှုကို အချိန်တိုတိုနဲ့ ရယူနိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ဘယ်နေရာမှာ smart ဖြစ်တယ်ဆိုတာ သိရင်လည်း ကျွန်တော့်ကို ပြောပါဦးနော် ……. ။


                                 

သင်ရော
                         Booksmart လား………..? Streetsmart လား………..?
                                                                                           -ဟိန်းနိုင်ဇော် -


[ စာရေးသူ၏အမည်ရင်းမှာ ဟိန်းနိုင်ဇော်ဖြစ်သည်။ မွေးရပ်မှာ ရန်ကုန်ဖြစ်သည်။
ယခုအခါ Singapore နိုင်ငံတွင် Marine and Offshore Engineering ဘာသာရပ်ကိုသင်ကြားလျှက်ရှိသည်။ Startup, Entrepreneurship, Technology, Science and Engineering, Marketing နယ်ပယ်တို့တွင် စိတ်ပါဝင်စား လေ့လာလိုက်စားလျှက်ရှိသည်။
Entrepreneurship Group ၏ Admin တစ်ဦးဖြစ်ပြီး Myanmar Community အတွက် အသိပညာတိုးပွားစေမည့် entrepreneurship, startup, technology နှင့် စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များအား မျှဝေရေးသားလျှက်ရှိသည်။ ထို့အပြင် Education for Myanmar ၏ co-founders အဖြစ်လည်း မြန်မာ့ပညာရေးလောက တိုးတက်ပြောင်းလဲလာစေရန် တစ်ထောင့်တစ်နေရာမှ အားဖြည့်ကူညီပေးလျှက် ရှိသည်။  ယခုအချိန်တွင် Myanmar Dream - Online Magazine တွင် Contributor တစ်ယောက် အဖြစ်ဆောင်းပါးများ ၀င်ရောက်ရေးသားလျှက်ရှိသည်။
မြန်မာနိုင်ငံမှကျောင်းသူကျောင်းသားများ ပညာရေးဗဟုသုတ တိုးပွားစေရန်နှင့် ကမ္ဘာနှင့်အညီ ရင်ပေါင်းတန်း တွေးခေါ်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် www.facebook.com/educationformyanmar မှတစ်ဆင့် မျှဝေလျှက်ရှိသည်။ ]


0 comments:

Post a Comment