Friday, June 19, 2015

TSINGTAO BEER SUCCESS STORY



TSINGTAO BEER SUCCESS STORY
၁၉၉၅ ခုနှစ်တုန်းက ကျွန်တော်က Tsingtao ဘီယာကုမ္ပဏီမှာ ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာအနေနဲ့ တာဝန် ထမ်းဆောင်နေခဲ့ပြီး အောင်မြင်မှုတွေရရှိခဲ့ပါတယ်။ တစ်ရက်မှာ ကျွန်တော်တို့ရဲ့အောင်ပွဲခံတဲ့ အထိမ်းအမှတ် အနေနဲ့ ၀န်ထမ်းတွေကိုခေါ်ပြီးစက်ရုံရဲ့အနီးမှာ ရှိပြီးအင်မတန်လှပတဲ့   Laoshan တောင်ကို တစ်ရက်အပျော်ခရီး ထွက်ခဲ့ကြပါတယ်။ တောင်ပေါ်ကိုစပြီးတက်နေတုန်းမှာပဲ  ကျွန်တော့်ရဲ့ Pager ကို Message တစ်စောင် ၀င်လာပါ တယ်။ စာကတော့ ကျွန်တော့်ကုမ္ပဏီရဲ့အကြီးအကဲဆီကပါ။  Message ထဲမှာ အခုပဲ အလုပ်ကိုပြန်လာခဲ့ဖို့ရေး ထားပါတယ်။ အဲဒါနဲ့ကျွန်တော်လဲ စက်ရုံကို ချက်ခြင်း ပြန်ချသွားပါတယ်။ ရုံးကိုရောက်တော့ ကျွန်တော်သိလိုက်ရ တာက ကုမ္ပဏီရဲ့အုပ်ချုပ်ရေးအဖွဲ့က ကျွန်တော့်ကို တာဝန်အသစ်ပေးဖို့ စီစဉ်ထားတယ်တဲ့။ သူတို့ကကျွန်တော့် ကို လက်ရှိနေရာကနေ မိုင်၈၀၀လောက်ဝေးတဲ့  Xian မှာရှိတဲ့ Hans Brewery ကိုသွားပြီး အုပ်ချုပ်ဖို့တာဝန် ပေး ပါတယ်။ အဲဒီကိုသုံးရက်အတွင်းအရောက်သွားဖို့ အမိန့်ချပါတယ်။


ကျွန်တော်တို့ကုမ္ပဏီက Hans Brewery ကိုဝယ်လိုက်ပြီးပြနာက အဲဒီစက်ရုံက အလုပ်မဖြစ်တာပါပဲ။ စက်ရုံကိုပထမဆုံးရောက်တဲ့နေ့က ကျွန်တော့်စားပွဲပေါ်မှာတွေ့လိုက်တဲ့ ဘဏ္ဍာရေး ရှင်းတမ်းကို ယူ ကြည့်လိုက်တော့ နေ့စဉ်ထုတ်လုပ်မှုက ၁၀၀၀ တဲ့၊ ပထမတော့ ကျွန်တော် စဉ်းစားလိုက်တယ်။ ဘီယာ ပါကင် ၁၀၀၀ ဆိုတော့ ထုတ်လုပ်မှုကမဆိုးပါဘူးလို့။ ဒါပေမယ့် ၀န်ထမ်းတွေနဲ့ တွေ့ပြီးမေးလိုက်တော့အဲဒီ ၁၀၀၀ ဆိုတာ ပါကင် ၁၀၀၀ မဟုတ်ဘဲ ပုလင်း ၁၀၀၀ လို့သိလိုက်ရပါတယ်။ ဒါပေမယ့်အဲဒီစက်ရုံမှာ ရှိတဲ့ဝန်ထမ်းအရေအတွက်က  ၁၀၀၀ ကျော်ရှိတယ်။ ဆိုတော့ စက်ရုံရဲ့ ထုတ်လုပ်မှုက တစ်နေ့ကိုဝန်ထမ်းတစ်ဦး ကို ဘီယာတစ်ပုလင်းနှုန်းတောင်မရှိဘူးပေါ့။ ဒီစက်ရုံကလူတွေ ဘယ်လိုများအလုပ်လုပ်နေကြပါလိမ့်လို့ စဉ်းစား လိုက်မိတယ်။
အဲဒီအချိန်ကာလတုန်းက ဒီလိုကုန်ထုတ်လုပ်မှုမျိုးဟာ ကျွန်တော်တို့နိုင်ငံမှာ တွေ့နေကြပဲဖြစ်ပါတယ်။ တရုပ်ပြည်ရဲ့ စီးပွားရေးပြန်လည်တည်ဆောက်မှုမစတင်မီ ၁၉၇၈ လောက်ကဆိုရင် စက်ရုံ တော်တော် များများဟာ နိုင်ငံပိုင်တွေဖြစ်ကြပါတယ်။ ကုန်ပစ္စည်း ဘယ်လောက်ထုတ်လုပ်မယ်ဆိုတာ အစိုးရကပဲ အဆုံးအဖြတ်ပေးပြီး စား သုံးသူ၊ သောက်သုံးသူ (  Customer ) တွေရဲ့ လိုအင်ဆန္ဒတွေ၊ ဈေးကွက်ထိုးဖောက်ခြင်းဆိုတဲ့အယူအဆတွေကို ဘယ်သူကမှ အာရုံမစူးစိုက်ကြပါဘူး။ ကုန်ကျစရိတ်၊ ထုတ်လုပ်မှုစွမ်းအား၊ လုပ်ငန်းစွမ်းဆောင်ရည်စတာ တွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဂရုစိုက်စရာလိုတယ်လို့ ဘယ်သူကမှ မယူဆခဲ့ကြပါဘူး။ 
စားသုံးသူတွေရဲ့ တုံ့ပြန်မှု ( Feedback ) ကိုရယူဖို့နည်းလမ်းတွေမရှိသလို ဘယ်မန်နေဂျာကမှလဲ စား သုံးသူတွေရဲ့လိုအင်ဆန္ဒကဘာတွေလဲ၊ သူတို့ဘာတွေလိုချင်ကြတာလဲဆိုတာကို မသိကြသလို ဂရုလဲမစိုက်ကြပါ ဘူး။ ၀န်ထမ်းတွေရဲ့ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားဖို့စတဲ့ အနောက်နိုင်ငံတွေကကျင့်သုံးတဲ့စနစ်မျိုးကိုလဲ အသုံးမပြုကြပါဘူး။ ၁၉၉၀ အစောပိုင်းကတည်းက နိုင်ငံပိုင်လုပ်ငန်းတော်တော်များများဟာ သူတို့လုပ်ငန်းတွေရဲ့ ထုတ်လုပ်မှုစွမ်းအားကို လူကြိုက်များတဲ့အနောက်နိုင်ငံတွေက ကုန်စည်တွေဝင်လာတဲ့အချိန်ကစပြီးအပြိုင်အဆိုင် တွေများလာလို့လိုက်ပြီးတိုးထုတ်ဖို့ကြိုးစားခဲ့ကြပေမယ့် Hans Brewery ကတော့မပါဝင်ခဲ့ပါဘူး။
ပုဂ္ဂလိကပိုင်လုပ်ငန်းတွေနဲ့ ပြိုင်ဆိုင်နိုင်ဖို့အတွက် နောက် ၅ နှစ်အတွင်းမှာ အဲဒီရှိပြီးသား Culture ကို ပြောင်းပြန်လှန်ပစ်လိုက်ဖို့ ရည်မှန်းချက်ချလိုက်ပါတယ်။၂၀၀၁ ခုနှစ်မှာ ကျွန်တော် Tsingtao ကုမ္ပဏီ တစ်ခုလုံးရဲ့  ဥက္ကဌဖြစ်လာတဲ့အချိန်မှာ အဲဒီအလေ့အထကို အုပ်စုတစ်ခုလုံးမှာ ကျင့်သုံးနိုင်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။
Customers are My Boss
ကျွန်တော့်ကို ၁၉၅၆ ခုနှစ်မှာ စုတ်ပြတ်နေတဲ့ ငှားနေရတဲ့အိမ်ခန်းငယ်တစ်ခုထဲမှာ ကျွန်တော့်ရဲ့မိဘတွေ က မွေးဖွားခဲ့တာဖြစ်ပါတယ်။ ကျွန်တော်ရဲ့မိဘတွေကိုယ်တိုင်က မိဘမဲ့တွေဆိုတော့ချို့ငဲ့ကြပါတယ်။ ဒီလို မိသား စုထဲမှာ ကြီးပြင်းလာခဲ့တဲ့ကလေးငယ်တစ်ဦးအနေနဲ့ ကျွန်တော့်မှာ အခက်အခဲတွေ ပြသနာတွေ အများကြီး ရှိခဲ့ ပါတယ်။ ပိုဆိုးတာက ကျွန်တော်က မွေးချင်းတွေထဲမှာအကြီးဆုံးဆိုတော့ ကျွန်တော်ကြီးပြင်းလာတဲ့အခါမှာ မိဘ တွေက သူတို့ကို အထောက်အပံ့ပေးဖို့အတွက် မျှော်လင့်ကြပါတယ်။ ဒါကြောင့်မို့လဲ ကျွန်တော်ဟာ ငယ်ငယ် လေး ကတည်းက အလုပ်ကိုကြိုးကြိုးစားစားလုပ်ဖို့ ဦးစားပေးခဲ့တာပါ။
ကျွန်တော် မှတ်မိပါသေးတယ်။ တစ်မနက်ကပေါ့။ ကျွန်တော့်အမေက အလုပ်ကပြန်လာပြီး ကျွန်တော်တို့ စားဖို့အတွက် ပေါက်စီလုပ်ဖို့ဂျုံနယ်နေတုန်း ကျွန်တော်ထိုင်ကြည့်နေခဲ့မိတယ်။ နောက်ပြီး အမေအံ့သြသွား အောင် လုပ်မယ်ဆိုပြီး ကျောင်းဆင်းဆင်းခြင်း အိမ်ကိုတန်းပြန်လာပြီး ပေါက်စီတွေ ပေါင်းထားလိုက်တယ်။ သာမန် အားဖြင့်တော့ ကျွန်တော့်အဲဒီအချိန်ကအသက်အရွယ်နဲ့ ကလေးတစ်ယောက်မလုပ်နိုင်တဲ့ အလုပ်မျိုးပါ။ အမေပြန် လာတော့ ပေါက်စီတွေ အကုန်လုံးပေါင်းပြီးသား ဖြစ်နေတာကို သူတွေ့လိုက်ပါတယ်။အဲဒါကိုလဲတွေ့လိုက်ရော အမေ က အဲဒီပေါက်စီတွေအကုန်လုံးကို သူလက်နှစ်ဖက်နဲ့ကိုင်ပြီး စက်ရုံကိုပြန်ပြေးပါတော့တယ်။ စက်ရုံရောက်တော့ သူ့သူငယ်ချင်းတွေကို ဒီပေါက်စီတွေကို ကျွန်တော်လုပ်ပေးထားတာဖြစ်တဲ့အကြောင်း၊ သူ့မှာ အရမ်းတော်တဲ့ သားတစ်ယောက် ရထားတာဖြစ်တဲ့အကြောင်းကြွားလုံးထုတ်တော့တာပါပဲ။
အဲဒီအချိန်တုန်းကအမေ့မျက်နှာမှာမြင်ရတဲ့ ပျော်ရွှင်မှုမျိုးကိုကျွန်တော်တစ်သက်မမေ့တော့ပါဘူး။ ကျွန် တော် ဘာတွေပဲလုပ်လုပ် ကျွန်တော့်ဘေးမှာရှိတဲ့သူတွေကိုအဲဒီလိုမျိုးအံ့သြသွားအောင်လုပ်နိုင်ဖို့ အမြဲကြိုးစားခဲ့ ပါတယ်။ ကျွန်တော့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေ၊ ၀န်ထမ်းတွေကိုလဲ ကျွန်တော့်ရဲ့မိသားစုလိုပဲ သဘောထားပြီး  ဂရု စိုက်ဖို့ကြိုးစားခဲ့ပါတယ်။
ကျွန်တော် Hans  ကိုရောက်တော့ သူတို့ဘာလို့  အဲဒီလောက်အထိ  စိတ်ဆင်းရဲစရာ ကောင်းလောက်အောင်ဖြစ် ပျက်နေရတာလဲလို့စဉ်းစားလို့မရဘူး။  နိုင်ငံပိုင်လုပ်ငန်း တစ်ခုအနေနဲ့ အရင်းအနှီးဆိုတာထည့်တွက်စ ရာ မလိုသလိုပဲ နည်းပညာလဲလိုချင်ရင်ရနိုင်နေတာကို။ အဲဒီ အရာတွေကို စနစ်တကျအသုံးပြုပြီး ကိုယ်ပိုင်လုပ်ငန်း ဖြစ်တဲ့ Yellow River Beer တို့၊ မြို့နယ်ကပိုင်တဲ့ Baoji Beer တို့ကို ၊ပြိုင်ဆိုင်နိုင်သင့်တာပေါ့။ ဘာတွေများမှား နေလို့လဲ။
အကြီးမားဆုံးအမှားကတော့ စက်ရုံရဲ့ ခေါင်းဆောင်မှု မှားယွင်းနေတာပါ။ နိုင်ငံပိုင်လုပ်ငန်း တစ်ခုအနေနဲ့ မန်နေဂျာတွေအားလုံးဟာ ကွန်မြူနစ်ပါတီနဲ့နီးစပ်တဲ့သူတွေကိုသာ အစိုးရက ခန့်အပ်ထားတာဖြစ်ပြီး အလုပ်ကြိုး ကြိုးစားစားလုပ်ဖို့မလိုအပ်သလိုပဲ ရာထူးတိုးဖို့အတွက် အလုပ်တွေလုပ်ပြဖို့လဲ မလိုအပ်ပါဘူး။ ဒီလိုအခြေအနေမျိုး မှာ လူတစ်ယောက်ရဲ့အောင်မြင်မှုဟာ သူ့ရဲ့အထက်ကလူတွေကျေနပ်အောင် လုပ်ပြနိုင်ဖို့အပေါ်မှာပဲမူတည်ပြီး သူရဲ့ Customer တွေကို စိတ်ကျေနပ်မှုရအောင်ဘယ်လောက်လုပ်ပေးနိုင်မလဲဆိုတာပေါ်မူမတည်ပါဘူး။  Hans ရဲ့ မန်နေဂျာတွေအားလုံးဟာ သူတို့ရဲ့အလုပ်ချိန်တော်တော်များများကို သူတို့ရဲ့လူကြီးတွေအိမ်ကို တံခါးသွားခေါက် သံတော်ဦးတင်ပြီး လူကြီးတွေရဲ့ မျက်နှာသာပေးမှုကိုရအောင်လုပ်ဖို့ပဲအသုံးချနေကြပြီး  တကယ့်ဘီယာဈေး ကွက်မှာ ဘာတွေဖြစ်နေသလဲဆိုတာလေ့လာဖို့ အချိန်မပေးနို်င်ကြပါဘူး။
ကျွန်တော်ကတော့ Customer  တွေကသာ ကျွန်တော့်ရဲ့အလုပ်ရှင်လို့ လေးလေးနက်နက် ခံယူထားတဲ့ သူဖြစ်ပါတယ်။ ဘီယာလုပ်ငန်းလုပ်နေတဲ့သူတစ်ယောက်အနေနဲ့ တကယ်တမ်းတော့ ဈေးကွက်ထဲကိုဆင်းလေ့ လာပြီး သောက်သုံးသူတွေရဲ့ အသံကိုနားထောင်သင့်ပါတယ်။ ကျွန်တော်ကတော့အလုပ်ဆင်းတာနဲ့ စားသောက် ဆိုင်တွေကိုသွားထိုင်ပြီး အဲဒီကလူတွေနဲ့ ဘီယာအကြောင်းတွေပြောဖြစ်ပါတယ်။ သူတို့ပြန်သွားတဲ့အခါကျရင်  စားပွဲပေါ်မှာ ဘီယာပုလင်းအလွတ် ဘယ်လောက်ကျန်ခဲ့သလဲ၊ အဲဒီပုလင်းအလွတ်တွေကဘာတံဆိပ်တွေလဲ သေချာကြည့်ပါတယ်။ နောက်ပြီး စားသောက်ဆိုင်ပိုင်ရှင်တွေနဲ့ စကားပြောတာလုပ်ဖြစ်သလို၊ ဘာလို့ ကျွန်တော်တို့ဘီယာကို မသောက်ကြတာလဲ၊ မီနူးထဲမှာဘာလို့ကျွန်တော်တို့ဘီယာနာမည်မပါရတာလဲ စတာတွေပြောဖြစ်ကြပါတယ်။ ကျွန်တော့်ရဲ့အရောင်းဝန်ထမ်းတွေကိုလဲ တနေ့ကိုဘီယာဖိုး ( ၃  ) ယွမ်ပေးပြီး ဘီယာဆိုင်တွေကိုလွှတ်ပြီး အဲဒီအချက်အလက်တွေရယူဖို့စီစဉ်ခဲ့ပါတယ်။
မြို့ခံတွေနဲ့အတူတူညစာစားရင်း၊ ဘီယာသောက်ရင်းနဲ့သူတို့တွေကျွန်တော်တို့ဘီယာကိုဘယ်လိုမြင် သလဲဆိုတာကိုသိလာရပါတယ်။ မြို့ခံဘီယာသမားတွေရဲ့ပြောကြားချက်အရ  Hans ဘီယာကခါးတယ်၊  Yellow River  က ပေါ့တယ်၊    Baoji ကအနည်တွေပါတယ်လို့ဆိုတဲ့သူတို့ရဲ့အမြင်ကိုသိလာရပါတယ်။ ဘယ်ဘီယာက မှ သူတို့ရဲ့လိုအပ်ချက်ကိုမပြည့်စုံစေဘူးဆိုတာလဲတွေ့လာရပါတယ်။ အဲဒီအချက်တွေကို သိလာရတဲ့အချိန်မှာ ကျွန်တော်က ဆုံးဖြတ်ချက်တခုချလိုက်ပါတယ်။ အဲဒါကတော့ လက်ရှိ Hans ဘီယာလောက်လဲမခါးဘူး၊  Yellow River လောက်လဲမပေါ့ဘူး၊    Baoji လိုလဲအနည်မပါတဲ့ ဘီယာမျိုး ထုတ်လုပ်ဖို့ပါ။ အဲဒီညကသတိထားလိုက်မိ တာက မြို့ခံတွေဟာ အလွန်ကိုအပူအစပ်ကြိုက်ကြသလို အသားကင်တွေကိုလဲနှစ်သက်ကြတယ်ဆိုတာပါ။ အယ်လ်ကိုဟောနည်းတဲ့ဘီယာမျိုးဟာ အဲဒီလို အစားအစာနဲ့ပိုပြီးလိုက်ဖက်တဲ့အတွက် ကျွန်တော်တို့ဘီယာရဲ့ အယ်လ်ကိုဟောပါဝင်နှုန်းကိုလဲ ၁၂ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိလျှော့ချဖို့ဆုံးဖြတ်လိုက်ပါတယ်။ နောက် ဆုံးမှာတော့ သူတို့ရဲ့ ပူစပ်တဲ့အစားအသောက်တွေကြောင့်သူတို့ဟာ ရေခဲစိမ်ထားတဲ့ဘီယာကို ပိုပြီုးနှစ်သက် ကြတာကို တွေ့လိုက်ရပါတယ်။ ဒါပေမယ့် ဒီမြို့က ဘီယာဖြန့်ဖြူးရေးသမားတွေဟာ ဘီယာတွေကို ဒီအတိုင်း ဖြန့်ဖြူးပြီး ရေခဲစိမ်ဖို့ကဘီယာဆိုင်တွေရဲ့တာဝန်ဆိုပြီးပစ်ထားကြတာကိုတွေ့ရပါတယ်။ အဲဒါနဲ့ကျွန်တော်လဲ စက် ရုံက လွတ်နေတဲ့အခန်းတစ်ခန်းကို ရေခဲသေတ္တာကြီးတစ်ခုဖြစ်အောင် ပြုပြင်လိုက်ပြီး  စက်ရုံမှာပဲအေးအောင် ပြုလုပ်ဖို့ စီစဉ်လိုက်ပါတယ်။ အဲဒီအချိန်တုန်းက တရုပ်ပြည်မှာ အအေးခန်းပါတဲ့ ကုန်ကားတွေ မရှိသေးတဲ့အတွက် ကျွန်တော်တို့ကဘီယာတွေပို့ဖို့အတွက် ဘီးသုံးဘီးပါတဲ့လှည်းတွေကို ဂွမ်းစောင်တွေကာရံပြီး ဆိုင်တွေကို လိုက်ပို့ဖို့စီစဉ်လိုက်ပါတယ်။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ရဲ့လှည်းတွေကို တစ်မြို့လုံးသိလာကြပါတယ်။
          အဲဒီလိုလုပ်လိုက်တာဟာ တော်တော်လေးအလုပ်ဖြစ်ပါတယ်။ Xi'an ကိုရောက်ခါစက Hans က တစ်နှစ်ကို ယွမ် ၂၅သန်းလောက်ရှုံးနေခဲ့ရာကနေကျွန်တော်ရောက်ပြီးတစ်နှစ်ကြာတော့ ယွမ် ၁၀ သန်းမြတ်လာပါပြီ။ နောက် နှစ်တွေမှာ ကျွန်တော်တို့ရဲ့ဈေးကွက်ကပိုပြီးကြီးမားလာပြီး ၁၉၉၉ ခုနှစ်မှာ ကျွန်တော်တို့ရဲ့ Target ဖြစ်တဲ့ တစ် နှစ်ကို အမြတ်ငွေယွမ် သန်း၅၀ ရှာဖို့ဆိုတာကို ရအောင်ဆောင်ရွက်လာနိုင်ခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့  Hans ဟာ Tsingtao ရဲ့ အမြတ်ငွေအရှာပေးနိုင်ဆုံး လုပ်ငန်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့အမြတ်ဟာ Tsingtao ရဲ့ အောက်မှာရှိတဲ့ အခြားဒေသဆိုင်ရာစက်ရုံတွေရဲ့ အရှုံးကိုပါ ကျခံလာနိုင်ခဲ့ပါတယ်။ထုတ်လုပ်မှုကလဲ တစ်နေ့ကို ပုလင်း ၁၀၀၀ ကနေ တစ်နေ့ကို ပုလင်း ၇၉၀၀၀၀ အထိတိုးတက်လာခဲ့ပါတယ်။
၂၀၀၁ မှာ Tsingtao ရဲ့ ဥက္ကဌက ရေကူးနေတုန်းမှာ နှလုံးရောဂါခံစားရပြီး ဆုံးသွားခဲ့ပါတယ်။ ကျွန်တော့် ကိုယ်ကျွန်တော်တော့ အဲဒီနေရာကိုဆက်ခံဖို့အသင့်တော်ဆုံးလို့ ယူဆထားခဲ့ပေမယ့် လက်ရှိကျွန်တော့်ထက် ရာထူးမြင့်တဲ့သူ ကျွန်တော့်ရှေ့မှာ ၁၁ ယောက်တောင် ရှိနေခဲ့ပါတယ်။ ရွေူးချယ်ရေးအဖွဲ့က ကုမ္ပဏီတစ်ခုလုံး မှာရှိတဲ့ဝန်ထမ်းတွေကို လျှို့ဝှက် စာရင်းကောက်ခံခဲ့ပါတယ်။ CEO ဖြစ်ဖို့ ဘယ်သူအသင့်တော်ဆုံးလဲ ဆိုပြီး တော့ပေါ့။ အဲဒီအချိန်မှာမဲအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို ကျွန်တော် ရရှိခဲ့ပါတယ်။ အဲဒီအဖြေကိုသိလိုက်ရတဲ့ အချိန်မှာကျွန်တော် အရမ်းပျော်သွားပြီး ဂုဏ်လဲယူလိုက်မိပါတယ်။ တဆက်တည်းမှာပဲ တွဲပြီးပါလာမယ့်တာဝန် တွေကိုသွားပြီးစဉ်းစားလိုက်မိပါတယ်။ ကျွန်တော့်မိန်းမကတော့ အလုပ်တွေသိပ်များလာရင် ကျွန်တော့်ရဲ့ကျန်းမာ ရေးထိခိုက်မှာစိုးလို့ အဲဒီရာထူးကို လက်မခံဖို့ ပြောခဲ့ပါတယ်။ ဒါပေမယ့်ဒီကုမ္ပဏီမှာအလုပ်လုပ်ခဲ့တာ ၂၅ နှစ် တောင်ရှိခဲ့ပြီး  ကျွန်တော့်ရဲ့ အစွမ်းအစအကုန်လုံးကို ပေးဆပ်ခဲ့ပြီးပါပြီ။ ဒီအချိန်ဟာအဖြူအမည်းဆုံးဖြတ်ရမယ့် အချိန်ဖြစ်တဲ့အတွက် ကျွန်တော် ရှေ့ဆက်တိုးဖို့ဆုံးဖြတ်ခဲ့ပါတယ်။
၁၉၉၀ နှောင်းပိုင်းမှာ ကုမ္ပဏီဟာအလျင်အမြန်တိုးချဲ့လာခဲ့ပါတယ်။ ၁၉၉၃ မှာ Tsingtao ဟာ  ဟောင် ကောင် စတော့အိပ်ချိန်းမှာ  IPO ရအောင်လုပ်ခဲ့ပါတယ်။ တရုပ်ပြည်ရဲ့ ပထမဦးဆုံး IPO စာရင်းဝင် ကုမ္ပဏီဖြစ်ခဲ့ ပါတယ်။ အဲဒီအချိန်အထိ ကုမ္ပဏီရဲ့ အကြီးမားဆုံးရှယ်ယာရှင်ဟာ အစိုးရဖြစ်နေတုန်းပါပဲ။ ဒါပေမယ့် ပုဂ္ဂလိက ရှယ်ယာရှင်တွေလဲရှိနေပါပြီ။ အဲဒီရှယ်ယာရှင်တွေကတော့ အကျိုးအမြတ် များများရဖို့ မျှော်လင့်နေပါတယ်။ ကျွန်တော့်ရှေ့က ဦးဆောင်ခဲ့တဲ့သူက တိုးမြှင့်ရရှိလိုက်တဲ့ငွေကြေးတွေအတွက် ထူးထူးခြားခြားလုပ်ပြနိုင်ဖို့ လို တယ်လို့ခံစားခဲ့ရပါတယ်။ နောက်ပြီး အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးလာတာကလဲ ဖိအားတစ်ခုဖြစ်စေပါတယ်။ နှစ် အနည်းငယ်အတွင်းမှာ Tsingtao ဟာ ဘီယာလုပ်ငန်းခွဲ ၄၇ ခုအထိ ရှိလာခဲ့ပါတယ်။ အရှိန်အမြင့်ဆုံးအချိန်မှာ ဆိုရင် တစ်ပါတ်အတွင်းမှာကိုပဲ လုပ်ငန်းခွဲနှစ်ခု ၀ယ်ယူခဲ့တဲ့အနေအထားမျိုးအထိရှိခဲ့ပါတယ်။ ကျွန်တော့် ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်ချတဲ့အချိန်တိုင်းမှာ လုပ်ငန်းခွဲတွေဝယ်ယူဖို့ကိုပဲ အာရုံစူးစိုက်ခဲ့ပြီး ဈေးကွက်လိုအပ်ချက် နဲ့အခြေအနေကို အာရုံမစိုက်ခဲ့ပါဘူး။ စဉ်းစားတဲ့နည်းလမ်းကတော့ စက်ရုံခွဲတွေဝယ်လိုက်တာနဲ့ ဈေးကွက်ပါ တခါတည်း ရလိုက်ပြီလို့ တွက်ထားကြပါတယ်။ တကယ်တော့ အဲဒါမမှန်ပါဘူး။ ကျွန်တော် Xian ကိုရောက် တော့ ကျွန်တော့်မန်နေဂျာတွေကို ဈေးကွက်ကိုအာရုံစိုက်လုပ်ဆောင်ဖို့ ကြိုးစားခဲ့ရပါတယ်။ Tsingtao အနေနဲ့ ဘယ်လောက်ထုတ်နိုင်သလဲဆိုတာ တခုတည်းမစဉ်းစားတော့ပဲ ထုတ်လုပ်နိုင်စွမ်းအားအပြင် သောက်သုံးသူ တွေရဲ့လိုအင်ကိုလည်းကြည့်ဖို့ ဆုံးဖြတ်ဖို့လိုအပ်လာပါပြီ။ ၂၀၀၂ ခုနှစ်မှာဆိုရင် ကျွန်တော်တို့ဟာ စက်ရုံခွဲနှစ်ခုပဲ ၀ယ်ယူနိုင်ခဲ့ပါတယ်။ မလိုအပ်တဲ့စက်ရုံတွေကိုကျွန်တော်ပိတ်ပစ်လိုက်ပါတယ်။ အကျိုးအမြတ်မရှာပေးနိုင်တဲ့ စက်ရုံတွေကို လည်ပတ်နေရတာ အဓိပ္ပါယ်မရှိပါဘူး။
ကျွန်တော်ဟာဝန်ထမ်းတွေကို M&A နဲ့ပတ်သက်ပြီး ဘယ်လိုချဉ်းကပ်ဆောင်ရွက်ရမလဲဆိုတာ လမ်းပေါ်ကအရောင်းသမားတွေနဲ့ ဥပမာ ဥပမေယျတွေကိုအသုံးပြုပြီး ၀န်ထမ်းတွေကို ရှင်းပြခဲ့ပါတယ်။ကျွန်တော်တို့ရဲ့ စက်ရုံနားမှာ အမျိုးသမီးတစ်ဦးက တူညီတဲ့ဂျုံနဲ့ပြုလုပ်တဲ့မုန့် ၂ မျိုး လုပ်ရောင်းပါတယ်။ Pancake နဲ့ Steamed Buns တွေပါ။ သူမဟာ ပန်ကိတ်ပြုလုပ်ဖို့အတွက် ဂျုံကို ပါးပါးလေးဖြစ်သွားအောင်ဆွဲဆန့်ပြီး ကြီးနိုင် သမျှကြီးအောင်ပြုလုပ်ပါတယ်။ Steamed Bun လုပ်ဖို့အတွက်ကိုတော့ အထူကြီးပြုလုပ်ရပါတယ်။ ကျွန်တော် ဥက္ကဌမဖြစ်ခင် Tsingtaos က Pancake လုပ်သလိုပဲ နေရာချဲ့လို့ရသလောက်ချဲ့ဖို့ပဲ အာရုံရှိခဲ့တော့ ဈေးကွက် ဝေစုကောင်းကောင်းမရခဲ့ပါဘူး။  ကျွန်တော်ကတော့ Steamed Bunပြုလုပ်သလိုပဲ နေရာနည်းနည်းမှာ လွှမ်းမိုး နိုင်ဖို့စဉ်းစားပါတယ်။ တရုပ်ပြည်ရဲ့ အဖွံ့ဖြိုးဆုံးဖြစ်တဲ့ Wenzhou မှာဆောင်ရွက်ခဲ့တဲ့ နည်းလမ်းကိုပြန်စဉ်းစား သင့်ပါတယ်။ ၂၀၀၄ခုနှစ်တုန်းက Tsingtao ကအဲဒီဒေသမှာ ဖြန့်ဖြူးရေးသမားတစ်ဦးပဲရှိပါတယ်။ တစ်နှစ်ကို လီတာပေါင်း ၂၀၀၀၀၀၀ လောက်ရောင်းချခဲ့ရပါတယ်။ အဲဒီမှာ ကျွန်တော်တို့ဟာ ဖြန့်ဖြူးရေးသမားတွေကို ကြီးကြပ်နိုင်ဖို့နဲ့ ဈေးကွက်ချဲ့ထွင်နိုင်ဖို့အတွက် ရုံးခွဲတစ်ခုဖွင့်ခဲ့ပါတယ်။ နောက်ပြီး အဲဒီဒေသကို လေးပိုင်း ပိုင်းပြီး တစ်ပိုင်းစီကို ဖြန့်ဖြူးရေးသမားတစ်ဦးစီခွဲဝေတာဝန်ပေးခဲ့ပါတယ်။ ဒေသတွင်းမှာ ကြိုးစားပမ်းစားစီမံဆောင် ရွက် ခဲ့ခြင်းအားဖြင့် ဖြန့်ဖြူးရေးသမားတွေနဲ့ စာချုပ်ချုပ်ရုံချုပ်ပြီးကျန်တာ သူတို့ဆက်လုပ်လိမ့်မယ်လို့ ထားခဲ့ တာထက် ပိုပြီးထိရောက်ခဲ့ပါတယ်။ အဲဒီနည်းနဲ့ ၂၀၀၅ ခုနှစ်မှာ ကီလိုလီတာ ၄.၀၈ သန်း၊ ၂၀၀၆ ခုနှစ်မှာ ၄.၅၄ သန်းနဲ့ ၂၀၀၉ ခုနှစ်မှာ ၅.၉၁ သန်းအထိ တိုးတက် ရောင်းချလာနိုင်ခဲ့ပါတယ်။
ကျွန်တော်တို့ဟာ အစိုးရပိုင်လုပ်ငန်းတစ်ခုအဖြစ်ကနေ စားသုံးသူတွေကိုဝန်ဆောင်မှုပေးတဲ့ စီးပွားရေး လုပ်ငန်းတစ်ခုအဖြစ်ရောက်ရှိနိုင်ဖို့အတွက် နည်းမျိုးစုံအသုံးပြုခဲ့ရပါတယ်။ စီမံကိန်းစီးပွားရေးစနစ်ထဲမှာ ကုမ္ပဏီ တွေဟာ ခွေးကလေးတစ်ကောင်လိုဖြစ်နေပြီး အစိုးရကပဲ အစာကိုဘာကျွေးမယ်၊ ဘယ်လောက်ကျွေးမယ်ဆိုတာကို ဆုံးဖြတ်ပေးပါတယ်။ ကျွန်တော်တို့ရဲ့ အဓိကတာဝန်က နိုင်ငံပိုင်ပစ္စည်းကို စောင့်ရှောက်ပေးနေဖို့ဖြစ်ပြီး အမိန့်နာခံ ခဲ့မယ် ဆိုရင်တော့ အစာကောင်းကောင်းစားရမှာပေါ့။
ဈေးကွက်စီးပွားရေးစနစ်ကြီးထဲမှာ ကျွန်တော်တို့ဟာ အစားတစ်လုပ်အတွက် ၀ံပုလွေတွေလိုပဲ တိုက်ယူ နေကြရပါတယ်။ ၀ံပုလွေတွေဟာ ပြင်းထန်တဲ့ပိုင်ဆိုင်မှုတွေကြားမှာရှင်သန်ကြရပြီး သွေးစွန်းတဲ့အဲဒီတိုက်ပွဲတွေမှာ အနိုင်ရတဲ့သူက အုပ်စိုးတာပါပဲ။
နိုင်ငံပိုင်လုပ်ငန်းတစ်ခုအတွက် အလုပ်လုပ်ပေးနေကြတဲ့ ကျွန်တော့်လူတွေဟာအလုပ်ရဖို့အတွက် ဒါမှ မဟုတ် အလုပ်လုပ်တာညံ့လို့အဖြုတ်ခံရမှာပူစရာမလိုကြပါဘူး။  ကျွန်တော်ဥက္ကဌဖြစ်ပြီး ပထမဆုံး ( ၆ ) လမှာ Tsingtao ရဲ့ဌာနကြီးမှူးအထွေထွေမန်နေဂျာ ( ၈ ) ယောက်ရှိတဲ့အထဲက ( ၇ ) ယောက်ကို ဖြုတ်ပစ်လိုက်ရပြီး စက်ရုံတွေက အထွေထွေမန်နေဂျာ အယောက် ( ၂၀ ) ကျော်ကိုလဲဖြုတ်ပစ်လိုက်ရပါတယ်။ အဲဒီလူတွေဟာ ကျွန်တော့်ရဲ့ ကြီးကြပ်သူတွေ၊ လုပ်ဖော်ကိုင်ဖက်တွေဖြစ်ခဲ့ကြဖူးပါတယ်။ အရိုးသားဆုံးဝန်ခံရရင် ၀န်ထမ်းတွေကို အလုပ်ဖြုတ်ပစ်ရတာဟာ အခက်ခဲဆုံးအလုပ်တစ်ခု ဖြစ်ပါတယ်။ ကုမ္ပဏီမှာ လုပ်သက်များလာတာနဲ့အမျှ အားလုံးနဲ့ရင်းနှီးသွားတာ ဓမ္မတာပါ။ ဒါပေမယ့် အဓိက အဆုံးအဖြတ်ပေးတာက ဈေးကွက်ကပဲဖြစ်ပြီး ကောင်း ကောင်းတာဝန်ယူဆောင်ရွက်နိုင်တဲ့ သူတွေကိုပဲ အလုပ်မှာ ဆက်ပြီးထားသင့်ပါတယ်။ ကျွန်တော်ကတော့အဲဒီ အယူအဆကို ကောင်းကောင်းယုံကြည်တဲ့သူ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့အဖွဲ့ထဲမှာ အောင်မြင်မှုကိုဆာလောင်နေ တဲ့ ၀ံပုလွေလိုလူမျိုးတွေပဲလိုချင်ပါတယ်။
ကျွန်တော်ပြုလုပ်ခဲ့တဲ့ တချို့အပြောင်းအလဲကလေးတွေဟာ သာမန်အပြောင်းအလဲတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့်သမားရိုးကျ တရုတ် ကုမ္ပဏီ တခုအတွက်ကတော့ အသစ်အဆန်းဖြစ်နေတာပေါ့။ ဥပမာပြောရရင် - ၂၀၀၂ ခုနှစ်မတိုင်မီအထိ Tsingtao မှာ HR အလုပ်တွေ မလုပ်ခဲ့ကြပါဘူး ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ HR လုပ်ငန်း တွေ စတင်လုပ်ဆောင်ခဲ့ကြပါတယ်။ အရည်အသွေးရှိတဲ့ဝန်ထမ်းတွေကို သေချာရှာဖွေခြင်း၊  စုဆောင်းခေါ်ယူခြင်း၊ ထိန်းသိမ်းခြင်းတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ လူမှန်နေရာမှန်ဖြစ်ဖို့အတွက် ပြင်းပြင်းထန်ထန်ဆောင်ရွက် ခဲ့ကြရပါတယ်။ ခံစားခွင့်စနစ်တွေကိုလဲ ပြင်ဆင်ခဲ့ပါတယ်။ အရောင်းဝန်ထမ်းတွေအားလုံးကို တိကျတဲ့အရောင်း ပမာဏတွေသတ်မှတ်ပေးခဲ့ပြီး သတ်မှတ်အရောင်းပမာဏပြည့်တိုင်းလဲ ဆုကြေးတွေချီျးြမှင့်ပါတယ်။နောက်ဆုံးမှာ ကျွန်တော်တို့ ခေါင်းဆောင်တွေဟာ စံပြတွေဖြစ်လာကြပါတယ်။ Xian မှာဆိုရင် စားသုံးသူဦးစားပေးစနစ်ကို အာရုံစူးစိုက် လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီလိုဖြစ်ဖို့ကိုလဲ ကျွန်တော်ကိုယ်တိုင်ညနေစောင်းတာနဲ့ မြို့သူမြို့သား တွေနဲ့ အတူတူ အကင်သွားစားတာမျိုးလုပ်ပါတယ်။ Tsingtao ရဲ့ဦးဆောင်သူတစ်ယောက်အနေနဲ့ ၀န်ထမ်းတွေကို စားသုံးသူတွေရဲ့အသံကိုနားထောင်ဖို့အချိန်ပေးဖို့အတွက် ဦးစားပေးလုပ်ဆောင်ခဲ့ပါတယ်။
အချိန်ကြာလာတာနဲ့အမျှ Tsingtao ဟာ ဈေးကွက်ရဲ့ဦးဆောင်မှုနောက်ကို ပါလာခဲ့ပါပြီ။ Hans အောင်မြင်သလိုပဲ အောင်မြင်မှုကိုရယူနိုင်ခဲ့ပါပြီ။ အပြောင်းအလဲတွေနဲ့လိုက်လျောညီထွေဖြစ်အောင် ကျွန်တော်ရဲ့ ခေါင်းဆောင်မှုပုံစံကိုလဲ ပြောင်းလဲခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာ Anheuser-Busch နဲ့ဖက်စပ်လုပ်ဖြစ်ခဲ့ တာကြောင့်တစ်ကြောင်းလဲပါတာပေါ့။ ပေါင်းစည်းဖို့ စတင်ညှိနှိုင်းစဉ်ကတည်းက Anheuser-Busch ဆီက အကောင်းဆုံးလုပ်နည်းလုပ်ဟန်တွေကို လွှဲပြောင်းရယူ ကျင့်သုံးနိုင်ဖို့အတွက် တောင်းဆိုခဲ့ပါတယ်။ ကျွန်တော်တို့ ဟာ ၀န်ထမ်းလဲလှယ်တာဝန်ထမ်းဆောင်တာတွေဆောင်ရွက်ခဲ့ပြီး ကျွန်တော်ကိုယ်တိုင်လဲ Anheuser-Busch ရဲ့ CEO နဲ့ တစ်နှစ်ကို နှစ်ပတ် သွားရောက် တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။ အဲဒီမှာအံ့အားသင့်စရာတစ်ခုက Anheuser-Busch က၀န်ထမ်းတွေဟာ အတိအကျ ချမှတ်ထားတဲ့အစီအစဉ်နဲ့ လုပ်ဆောင်နေကြတာပါပဲ။ ချိန်းဆို တွေ့ဆုံမှုတွေ၊ အစည်းအဝေးတွေ၊  အလည်အပတ် ခရီးစဉ်အားလုံးဟာ သေချာကြိုတင်စီစဉ်ထားတာတွေ့ရပါ တယ်။ Anheuser-Busch ရဲ့ CEO ဟာ ဘယ်လိုအရေးကိစ္စကိုမှ တိုက်ရိုက်မကိုင်တွယ်ပဲ ကြိုတင်စီစဉ်မထားဖူး ဆိုရင် ဘယ်လိုအခမ်းအနားကိုမှ တက်လေ့မရှိပါဘူး ။ သူဟာ မဟာဗျူဟာမြောက်ကိစ္စတွေကိုပဲ ကိုင်တွယ်သုံးသပ် ပြီး နေ့စဉ်လုပ်ငန်းတွေ ကိုတော့ လက်အောက်ဝန်ထမ်းတွေနဲ့ပဲလွှဲထားတာကိုတွေ့ရပါတယ်။ ဒါဟာ ကျွန်တော်တို့ တရုပ်လူမျိုး CEO တွေနဲ့ လုံးဝခြားနားတဲ့အချက်ပါ။ကျွန်တော်တို့တရုပ်လူမျိုး CEO တွေဟာနေ့တစ်ဝက်ကို လက်မှတ်ရေးထိုးတဲ့ ကိစ္စတွေနဲ့ပဲ အချိန်ကုန်နေကြတာပါ။ Anheuser-Busch ရဲ့ CEO အလုပ်လုပ်နေတာကို ကြည့်ပြီး အတွေးတွေအများကြီးရလိုက်ပါတယ်။ ကျွန်တော်နားလည်လိုက်တာက ကုမ္ပဏီတစ်ခုရဲ့ အောင်မြင်မှုဟာ အရမ်းတော်ပြီးအရမ်းစွမ်းဆောင်ရည်မြင့်မားတဲ့ ခေါင်းဆောင်တွေနဲ့ချည်းပဲ တည်ဆောက်လို့မရဘူးဆိုတာပါ။ တကယ်တမ်းတော့ အောင်မြင်မှုကိုဖန်တီးပေးနိုင်တဲ့ စနစ်တခု တည်ဆောက်နိုင်ဖို့ကအဓိကကျပါတယ်။
အဲဒီစနစ်ကို Tsingtao မှာစတင်တည်ဆောက်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့လက်ကိုင်ဖုန်းဟာ ကျွန်တော် တည်ဆောက်လိုက်တဲ့စနစ်အောင်မြင်မှုရှိမရှိ သက်သေပါပဲ။ ကျွန်တော်အပြင်ကိုသွားနေတုန်း အချိန်အကြာကြီး ဖုန်းမြည်မလာဘူးဆိုရင် ကျွန်တော့်စနစ်အလုပ်ဖြစ်တယ်ဆိုတာသိနိုင်ပါတယ်။၂၀၀၈ မှာ Tsingtao ရဲ့ ဥက္ကဌ ဖြစ် လာတော့ ကျွန်တော့်ကိုယ်ကျွန်တော် ဘောလုံးသမားတစ်ယောက်လို စဉ်းစားလာခဲ့မိတယ်။ ကျွန်တော်ကအလယ် တန်းလူနေရာကနေကစားပြီး တခြားလူတွေက ရှေ့တက်ပြီး တိုက်စစ်ဆင်နေတဲ့အချိန်မှာ နောက်တန်းလုံအောင် အကာအကွယ်ပေးပြီးကစားဖို့စဉ်းစားလိုက်မိပါတယ်။
Tsingtao မှာစနစ်တွေပြင်လိုက်တဲ့ရလာဒ်ကတော့  အမြတ်အစွန်းတွေအများကြီး ရလာတာပဲ ဖြစ်ပါတယ်။ ၂၀၀၁ခုနှစ်တုန်းက ရှယ်ယာဈေးနှုန်းဟာ ၁၀ယွမ်ပဲရှိရာကကနေ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးအကျပ်အတည်း မဖြစ် ခင်အချိန်မှာ ၄၇ယွမ်လောက်အထိဖြစ်သွားပြီး အခုအချိန်မှာတောင် ယွမ်၃၀ နား ကပ်နေတုန်းပါပဲ။ ၂၀၁၀ ဖေဖော် ၀ါရီလမှာ  ရိုက်တာသတင်းဌာနရဲ့အစီရင်ခံစာထဲမှာ ကျွန်တော်တို့ကုမ္ပဏီဟာ ကမ္ဘာပေါ်မှာ ပဉ္စမမြောက်အကြီးဆုံး ဘီယာထုတ်လုပ်သူ ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ အဲဒီနှစ်မှာ ကျွန်တော်တို့ဟာ ဘီယာကီလိုလီတာပေါင်း ၆.၃၅ သန်း ရောင်းချခဲ့ရြ့ပီး ၀င်ငွေ ယွမ် ၁၉.၉ ဘီလီယံရရှိခဲ့ပါတယ်။၂၀၁၁ ခုနှစ်ပထမနှစ်ဝက်မှာ ၂၀၁၀ခုနှစ်ကထက် ရောင်းရငွေရော အမြတ်ရောဟာ ၂၀% ပိုတိုးတက်လာတာတွေ့ရပါတယ်။
ကျွန်တော့်ရဲ့ အန္တိမရည်မှန်းချက်ကတော့ Tsingtao ကုမ္ပဏီထဲမှာ ကျွန်တော်ရှိခြင်းမရှိခြင်းအပေါ် မူတည်မနေပဲ စနစ်တကျဆက်ပြီးအောင်မြင်စွာရပ်တည်သွားနိုင်အောင် အခြေခံတစ်ခုထူထောင်ပေးခဲ့ဖို့ပါပဲ။ ကျွန်တော်မရှိတော့တဲ့တချိန်မှာ ကျွန်တော့်ကိုဆက်ခံသူက အဲဒီစနစ်ကိုဆက်ထိန်းထားပြီး ဘယ်သူပဲ တက်ပြီး  CEO လုပ်သည်ဖြစ်စေ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့ ကုမ္ပဏီ တစ်ခု ဖြစ်အောင် ထူထောင် ပေးသွားဖို့ မျှော်လင့််ရင်းကြိုးစားဆောင်ရွက်နေပါတယ်။
-       မင်းခေါင် ( EMPA - 8 )


စာရေးသူ ကို ၁၉၇၄ တွင်မွေးဖွားသည် ။ ဧရာဝတီတိုင်း ဝါးခယ်မမြို့၌ ၁၉၉၉တွင်အဝေးသင် တက္ကသိုလ်မှ B.Sc ဘွဲ့ရရှိပြီး ၂၀၁၃တွင်ရန်ကုန်စီးပွားရေးတက်ကသိုလ်မှ MPA Master of Public Administration ဘွဲ့ရရှိခဲ့သည် ။ ၂၀၀၁-၂၀၀၇ အထိ ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် ဦးစီးအရာရှိ (စစ်ဆေးရေး)တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၈-၂၀၁၀ ထိ FRC French Red Cross တွင် Liaison Officerနှင့်CARE International တွင် AdminOfficer တာဝန်များထမ်းဆောင်ခဲ့သည် ။ ၂၀၁၀ မှစတင်ပြီး Company လောကထဲရောက်ရှိခဲ့သည် ။ စာရေးသားခြင်းအား ၂၀၁၂ ခုနှစ်တွင် HR Journal ၌ " HR လားဟေ့ဝင်ခဲ့လေကွယ် " စာမူဖြင့် စတင်ခဲ့ပြီးလက်ရှိအချိန်အထိ စာမူအပုဒ်ရေပေါင်း ၁၀၀ ကျော်ရေးသားခဲ့ပြီးဖြစ်သည် ။

0 comments:

Post a Comment