Friday, June 19, 2015

VR headset Google Cardboard နဲ့မြင်ကွင်းအတုများကို အသက်သွင်းခြင်း



VR headset Google Cardboard နဲ့မြင်ကွင်းအတုများကို အသက်သွင်းခြင်း
အခုလတ်တစ်လော လူငယ်တွေအကြားမှာ ရေပန်းစားနေတာလေးတစ်ခုရှိပါတယ် ၊ ဘာလဲဆိုရင်တော့ Googleရဲ့ Cardboardဆိုတာလေးပါပဲ ။ Google ရဲ့ Cardboard ကဘာလဲ ၊ဘယ်လိုအလုပ်လုပ်ပါသလဲဆိုရင်တော့ VR (Virtual Realiy) ကနေပြန်ပြောရမှာပါ ။
VR (Virtual Reality) ဆိုတာကိုဘာသာပြန်ရမယ်ဆိုရင် အတုအစစ် , အစစ်အတု , မတုမစစ် ??? အတိအကျဘာသာပြန်ဖို့ခက်ခဲပါတယ်။ တကယ်တော့ VR ဆိုတာ မျက်စိရှေ့မှာ တကယ့်သဏ္ဍာန်အလားမြင်ရမယ့် မြင်ကွင်းအတုတွေကို ဖော်ပြပေးမယ့် ပုံရိပ်ယောင်တွေပဲ ဖြစ်ပါတယ်။
VR (Virtual Reality) ဟာနယ်ပယ်ပေါင်းများစွာမှာ အသုံးဝင်တဲ့အရာပါပဲ ၊ ပုံရိပ်ယောင်မြင်ကွင်းတွေနဲ့ အာကာသစခန်းလေ့ကျင့်ရေးဆင်းတာမျိုး ၊ အဆင်မြင့်ကားတစ်စီးဝယ်ဖို့အတွက် ကားကိုလူကိုယ်တိုင်ဝင်စီးနေစရာမလိုပဲ ပုံရိပ်ယောင်တွေထဲကပဲ စမ်းသပ်ဝယ်ယူရတာတွေ ၊ ပညာရေးနယ်ပယ်တွေမှာ အသုံးချတာ ၊ စစ်ရေးစစ်ရာနယ်ပယ်တွေမှာ စသဖြင့် အမျိုးမျိုး VR စနစ်တွေ ၊ ပစ္စည်းတွေကို ဖွံ့ဖြိုးပြီးနိုင်ငံတော်တော်များများမှာ အသုံးပြုနေကြပါပြီ ။
စစ်ပွဲဖြစ်ပွားနေတဲ့ VR ဗီဒီယိုကိုဖန်တီးပြီးကြည့်ရှုစေတဲ့အခါ စစ်ပွဲကြားမှာ ကိုယ်တိုင်ရောက်နေသလိုမျိုးခံစားစေတဲ့အတွက်စစ်မက်ဖြစ်ပွားမှာကို မလိုလားတဲ့စိတ်တွေ တိုးပွားလာတာ ၊ ဒုက္ခသည်စခန်းတွေ ရဲ့ VR ဗီဒီယိုတွေကိုကြည့်ရှုစေတဲ့အခါ စာနာသနားစိတ်တွေ ကူညီလိုစိတ်တွေတိုးပွားစေတာ ၊ စတဲ့နည်းလမ်းများစွာနဲ့ VR ဟာလူတွေကို အကျိုးပြုနိုင်ပါတယ် ။ဖျော်ဖြေရေးအတွက်သာမကပဲ နယ်ပယ်မျိုးစုံမှာ အသုံးချတတ်ရင် ချတတ်သလို ထိရောက်စေမယ့် နည်းပညာလို့ပြောရင်လည်း မမှားပါဘူး ။
VR Application တွေ ၊ဂိမ်းတွေ စနစ်တွေ ကနေဖန်တီးယူမယ့်ပုံရိပ်ယောင်တွေကို မြင်ရဖို့အတွက်တော့ ကြားခံပစ္စည်းလေး (Headset) တွေလိုအပ်ပါလိမ့်မယ် ၊ Google ရဲ့နာမည်ကြီး Google Glass , Oculus , Sony ရဲ့ Morpheus ,Samsung ရဲ့Note4အတွက် Gear VR စတာတွေဟာ VR တွေကိုကြည့်ရှု့လို့ရနိုင်မယ့် VR Headset , Gadgets တွေပဲဖြစ်ပါတယ် ။
အခု Google Cardboard ဆိုတာဟာလည်း VR Headset တစ်မျိုးပဲဖြစ်ပါတယ် ၊ မိမိရဲ့စမတ်ဖုန်းကိုအသုံးပြုပြီး VR Apps များကိုထည့်သွင်းကာ ဖုန်းကိုCardboard မှတစ်ဆင့် 3D မြင်ကွင်းများ ၊ ပုံရိပ်ယောင်များ ၊ Games များကိုပါဆော့ကစားနိုင်မှာဖြစ်ပါတယ် ။
Google Cardboard ရဲ့ အခြား VR Headset တွေနဲ့ကွာတဲ့အချက်ကတော့ ဈေးနှုန်းသက်သာတာပါ ၊ ဈေးနှုန်းသက်သာသွားတဲ့အလျောက်အရည်အသွေးအနည်းငယ်ကျသွားတာမျိုးရှိပေမယ့် Google Cardboard ဟာ VR တွေကိုကောင်းကောင်းကြီးခံစားလို့ရနိုင်တဲ့ အဆင့်မှာရှိပါတယ် ။
Google ဟာသူတို့ရဲ့ Cardboard ကို 2014 ခုနှစ်အစောပိုင်းကတည်းကကြော်ငြာခဲ့တာဖြစ်ပြီး အခုအချိန်ကျမှသာ မြန်မာပြည်မှာ ရေပန်းစားသလိုဖြစ်လာခဲ့တာပါ ။ Facebook ပေါ်မှာ Google cardboard ရေပန်းစားပြီးမကြာခင်မှာပဲ
အခါအခွင့်သင့်တယ်လို့ ပြောရလောက်တဲ့ နှစ်စဉ်ကျင်းပမြဲ နည်းပညာနှီးနှောဖလှယ်ပွဲကြီးဖြစ်တဲ့ Barcamp Yangon 2015 ကျင်းပခဲ့ပါတယ် ။ barcamp yangon 2015 ရဲ့ ဒုတိယမြောက်နေ့မှာပဲ Google Cardboard အကြောင်းကို ပြန်လည်ဝေမျှလိုသူ လူငယ် Speaker များက camp လေးတစ်ခုပြုလုပ်သွားခဲ့ကြပါတယ် ။တိုက်တိုက်ဆိုင်ဆိုင်ပဲ Google Cardboard Topic အနေနဲ့ Speaker အဖွဲ့နှစ်ဖွဲ့က နှစ်ချိန်ဆက် ဝေမျှပြောကြားသွားခဲ့ပြီး စိတ်ဝင်စားသူ အများအပြားရှိခဲ့ပါတယ် ။
Google Cardboard ကိုပြုလုပ်ဖို့အတွက်တော့ ကတ်ထ္ထူစက္ကူကိုအသုံးပြုပြီး မှန်ဘီလူး ၊ သံလိုက် တို့နဲ့ cardboard လေးတစ်ခုပြုလုပ်ရမှာဖြစ်ပြီး ၊ VR App တစ်ခုကိုဖုန်းထဲမှာဖွင့်ကာ ဖုန်းကို မိမိပြုလုပ်ထားတဲ့ Cardboard ထဲထည့်သွင်းပြီး မှန်ဘီလူးမှတစ်ဆင့် VR 3D မြင်ကွင်းများကို ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ် ။ Handmade Google Cardboard လေးကိုပြုလုပ်မယ်ဆိုရင်တော့ ဈေးနှုန်းသက်သာစွာနဲ့ ကျပ်ငွေထောင်ဂဏန်းလောက်နဲ့ လုပ်ယူနိုင်မှာဖြစ်ပြီး ၊ Ready made များကို Online shopping များမှရောင်းချပေးနေတာမှာလည်း ဈေးနှုန်းသက်သာစွာ ရရှိနိုင်တာကိုတွေ့ရပါတယ်
Google Cardboard နဲ့ ရိုလာကိုစတာကိုယ်တိုင်စီးရသလိုမျိုးခံစားရမှာဖြစ်တဲ့ Appတွေကိုကြည့်ရှုဆော့ကစားနိုင်မှာဖြစ်သလို ဒိုင်နိုဆောတို့ကမ္ဘာထဲမှာလည်း ကိုယ်တိုင်ရောက်ရှိသွားရသလို ခံစားရမှာဖြစ်ပါတယ် ၊ ထိတ်လန့်စရာကိုမှ ကြိုက်တယ်ဆိုသူတွေအတွက်လည်း Horror Adventure လိုမျိုး Game တွေကို မိမိကိုယ်တိုင်သွားနေသလိုခံစားပြီး ဆော့ကစားနိုင်မှာဖြစ်လို့ တချို့ဆိုကြောက်စရာကောင်းလို့ မဆော့ရဲပါဘူးတဲ့ ။ ကိုယ်ကိုတိုင် ကားတစ်စီးထဲမှာ ဝင်ထိုင်ပြီးမောင်းရသလိုမျိုးတွေလည်း ခံစားကြည့်ရှုနိုင်ပါသေးတယ် ၊ ဒါ့အပြင် ကမ္ဘာအနှံ့ခရီးသွားချင်သူတွေအတွက်လည်း Virtual Travel လုပ်လို့ရတာမျိုးတွေလည်း ရှိပါသေးတယ်။ လန်ဒန်မြို့ထဲမှာ လျှောက်သွားကြည့်ရတာမျိုး မရောက်ဖူးတဲ့နေရာတွေကို သွားရသလိုမျိုး စိတ်ဝင်စားစရာတွေ အများကြီးအများကြီး ကျန်ရှိနေပါသေးတယ် ။
အခုဆို လူတော်တော်များများကြားမှာ ပျံ့နှံ့နေ ပြီးဖြစ်တဲ့အတွက် မြန်မာပြည်ရဲ့ Virtual Reality Technology Environment ဟာအနေအထားတစ်ခုလောက်အထိ တိုးတက်လာမှာ သေချာပါတယ် ။
အခြားအခြားသော VR Headsets , Gadgets တွေနဲ့ယှဉ်လိုက်ရင် ဈေးသက်သာနေတဲ့ Google Cardboard ဟာ ကိုယ့်ဘာသာစမ်းသပ်ပြုလုပ်လိုသူတွေအတွက်လည်း ပြုလုပ်ရလွယ်ကူပါတယ် ။ဒါ့အပြင် Google က သူတို့ရဲ့ Cardboard ကိုကိုယ်တိုင်လုပ်ချင်သူတွေအတွက် DIY (Do it yourself) Printout Design များကိုလည်း လွတ်လွတ်လပ်လပ် Download ချခွင့်ပြုထားပါသေးတယ် ။ Barcamp ရဲ့ Google cardboard camp လေးမှာလည်း speaker များမှ Google Cardboard ပြုလုပ်ပုံကို ပုံကြမ်းနှင့်တကွ ဝေမျှပေးခဲ့ပြီး Google cardboard နဲ့တွဲအသုံးပြုရမယ့် VR Application များကိုပါ ဝေမျှသွားခဲ့ပါတယ် ။
အခုအချိန်မှာတော့ Facebook ပေါ်မှာ Google Cardboard ဟာတော်တော်လေးရေပန်းစားနေပြီး လူငယ်တွေအကြားမှာ စမ်းသပ်ပြုလုပ်လိုစိတ်တွေ များပြားနေတာကို facebook အသုံးပြုသူတိုင်းသတိထားမိမှာပါ ။
ဒါ့ကြောင့်လည်း Barcamp ပွဲတုန်းက Google Cardboard Topic Speakers များက Myanmar VR Community ဆိုပြီး Facebook Group လေးတစ်ခုတည်ထောင်ထားပါတယ် ။ ၄င်း Group မှာ Cardboard လုပ်ပုံလုပ်နည်းများ ၊ Application များ ၊ VR ဗဟုသုတများကို ဝေမျှပေးနေပြီး နောက်ပိုင်းမှာတော့ VirtualRealityနဲ့ပတ်သက်ပြီးအားနည်းနေသေးအသုံးပြုမှုနည်းနေသေးတဲ့ မြန်မာပြည်အတွက် အထောက်အကူဖြစ်စေမယ့်workshop တွေ ၊ ပွဲလေးတွေလုပ်သွားဖို့ အထိရည်ရွယ်ထားပါသေးတယ်
ဒါ့အပြင် လာမယ့်လပိုင်းအတွင်းမှား VR နဲ့ပတ်သက်တဲ့ Workshop တစ်ခုလုပ်သွားဖို့ရှိတဲ့အတွက် cardboard တင်မကပဲ Virtual Reality ကိုပါ စိတ်ပါဝင်စားသူများအနေနဲ့ Myanmar VR Community ကို မျက်ခြေမပြတ်ဖို့တော့လိုပါလိမ့်မယ်။ MyanmarVR Commuity ရဲ့ facebook Link  ကတော့ www.facebook.com/groups/myanmar.vr ပဲဖြစ်ပါတယ်
MMVR Community Group ကို Facebook ပေါ်မှာ တည်ထောင်ပြီး ငါးရက်မြောက်အတွင်းမှာတင် Member ပေါင်း ၁ထောင်ကျော်အထိရှိသွားခဲ့တာကို ကြည့်မယ်ဆိုရင်တော့ မြန်မာလူငယ်တွေရဲ့ VR နဲ့ Cardboard အပေါ်စိတ်ဝင်စားမှုကတော့ တရှိန်ထိုးမြင့်တက်နေတယ်လို့ ပြောရမှာပါ ။
MMVR Community အနေနဲ့ ပညာဒါနအဖြစ် မဖွံ့ဖြိုးသေးသော ကျေးရွာများ နယ်ဘက်မှကျောင်းများကို သွားရောက်ပြီးကလေးငယ်များအတွက် အသိပညာနဲ့ဗဟုသုတများကိုလည်း ဝေမျှသွားဖို့ရှိတဲ့အတွက် ကောင်းမွန်တဲ့ ဖွံ့ဖြိုးခြင်းတစ်ခု ဖြစ်လာတယ်လို့ပဲဆိုရမှာပါ
Facebook အသုံးပြုသူတင်သာမကပဲ Virtual Reality နည်းပညာနဲ့ Google Cardboard ကိုစိတ်ပါဝင်စားကြတဲ့သူတွေအတွက် သတင်းကောင်းတစ်ခုအနေနဲ့ လာမယ့် ဖေဖော်ဝါရီလ၁၅ရက်နေ့ မနက်၉နာရီကနေနေ့လည်၁၂နာရီအထိ ရန်ကုန်မြို့လယ်ရှိ  Sule Tech (အမှတ်၅၆၁၊၅၆၇ MAC Tower ၊ ကုန်သည်လမ်း)တွင် Myanamr VR Community 1st Meet up ပွဲလေးလုပ်သွားမှာဖြစ်ပြီး အဲ့ဒီပွဲမှာတက်ရောက်လာသူများအချင်းချင်း ဆွေးနွေးဖလှယ်ကာ Handmade Cardboard များပြုလုပ်ခြင်း ၊ ဆော့ဝဲလ်များဝေမျှခြင်းနှင့် အခြား VR နှင့်ပတ်သက်သော ဗဟုသုတများ ပြောပြသွားကြမှာဖြစ်လို့ တက်ရောက်လိုသူများအနေဖြင့် MMVR Community ရဲ့ Facebook Link www.facebook.com/groups/myanmar.vr မှာ Register များပေးသွင်းပြီး တက်ရောက်နိုင်မှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ် ။
-       ဇွဲသူရ

ဇွဲသူရ . . .
iHome Onlineshoppping မှာ Social Media Admin အဖြစ် တာဝန်ယူပြီး လိုအပ်သော သတင်းအချက်အလက်မျှဝေခြင်းများကို လုပ်ဆောင်ပေးနေသူ ။
Where's my orange Facebook Page မှာ သတင်းဆောင်းပါးများ /  ထူးခြား ဆန်းကျယ် မှုလေးများကို ရှာဖွေ ရေးသား တင်ဆက် ပေးနေသူ ။
Myanmar VR Community ( Facebook Group ) ရဲ့ Admin တစ်ဦး
ဖန်တီး တီထွင်မှု ကို နှစ်သက်သော / ဒီဇိုင်း များကို မြတ်နိုးသော /နည်းပညာ အသစ်အဆန်း / အသုံးအဆောင်များကို စိတ်ပါ ဝင်စားစွာ လေ့လာလေ့ ရှိသူ ။



0 comments:

Post a Comment