Friday, June 19, 2015

"အကြီးအကဲဆိုး vs. ခေါင်းဆောင်ကောင်း"



"အကြီးအကဲဆိုး vs. ခေါင်းဆောင်ကောင်း"
“ကျနော့ လူကြီးအကြောင်းတော့ မပြောချင်တော့ဘူး ဦးရေ။ တကယ်လုပ်ရတာက..ကျနော်တို့ ။ တကယ့်ပင်ပင်ပန်းပန်း။ တခါတလေ အလုပ်တွေ မပြီးလို့ ညအထိလုပ်ကြရတာ။ ဒါပေမယ့်  ဘယ်တော့ မှ မချီးကျူးဘူး။ အဲ့အထက်က လူကြီးလာရင်တော့ သူပဲ အချီးကျူးခံချင်တာ။ တခါတလေ မှားသွားရင်တော့ ကျနော်တို့ ကို အပြစ်ပုံချရော။ ဒီအလုပ် ထွက်လို့ မရသေးလို့ သာ လုပ်နေရတာ.. နည်းနည်းမှကို မပျော်ဘူးဗျာ..”


“သမီးတို့ မမက သိပ်စိတ်ကောက်တတ်တာ ဆရာရေ။ သူ့ ရဲ့အလိုကိုမလိုက်မိရင် စိတ်ကောက်နေရော။ ကျမတို့ ကပဲ ပြန်ပြန် ချော့ ရတယ်။ သူ့ကို ချော့ နေရတာနဲ့ တစ်ခါတစ်လေ အလုပ်ကို ကောင်းကောင်းမလုပ်ရပါဘူး..”
“ခက်တာက အကိုရယ်။ ကျနော့ဘော့စ်က သူသိသူတတ်ဗျ။တခါတလေ တချို့ ကိစ္စတွေ လုပ်လို့မရပါဘူး ဆိုတာလဲ ပြောမရဘူး။တော်တော်ခေါင်းမာတဲ့သူပါ ဗျာ။ အဲ..ဘ၀င်မြင့် သလားလဲ မမေးနဲ့ ..”
“ဆရာရေ..ကျမက လစာရတာ သိပ်မဆိုးလို့ ဝင်လုပ်မိပါတယ်။ ပိုင်ရှင်က ဟိုနေရာပါ၊ ဒီနေရာပါနဲ့ ။ အသေးစိတ်ကအစ ၀င်ပါနေတော့ ကျမတို့ ဘယ်မှာ လွတ်လွတ်လပ်လပ်လုပ်ရပါတော့မလဲ။ ကျမတို့ လုပ်တတ်ပါတယ်ပြောလဲ မရဘူး။တော်တော် ဆိုးပါတယ်ဆရာရယ်..”
“သူငယ်ချင်းရာ..ငါ့ အထက်လူကြီးက သဘောတော့ကောင်းပါတယ်။ ဒါပေမယ့် တခါတလေ သူဒေါသထွက်လာရင် မလွယ်ဘူးဟေ့။ တရုံးလုံး နေစရာမရှိဘူး။ သိပ်ရိုင်းတာပဲ ကွာ”
“ကျမတို့ ဆရာက တော်တော့တော်ပါတယ်။ ဒါပေမယ့် တပည့်တွေကို ဂရုမစို်က်ဘူး။ သူ့အလုပ်ပဲ သုလုပ်နေတာ။ တပည့်တွေအတွက်လဲ ဘာမှ စဉ်းစားမထားဘူးထင်ပါရဲ့။ သူပင်စင်ယူသွားရင်တောင် ကျမတို့ ဘယ်ဋ္ဌာနပြောင်းရမလဲဆိုတာမသိဘူး”
“ဟာဗျာ..အကြီးအကဲ ဖြစ်တဲ့ သူကတောင် အနာဂါတ်ကို အကောင်းမမြင်ပဲ ငြီးနေမှတော့  သူ့အောက်မှာ လုပ်တဲ့သူတွေဘယ်လို နေရမလဲဗျာ”
ဒီအသံတွေကတော့ ကျနော့ မိတ်ဆွေသူငယ်ချင်း ဆွေမျိုး တွေနဲ့ တွေ့ ရင် သူတို့ ရဲ့ အကြီးအကဲ တွေ နဲ့ပါတ်သက်လို့ ပြောကြတာတွေပါ။  ဒါနဲ့ပါတ်သက်ပြီး ကျနော် တွေးမိတယ်။ တချို့ ကလဲ လုပ်သက်များလို့သာ အကြီးအကဲ ရာထူးရလာတာ၊ ခေါင်းဆောင်မှုရဲ့ သဘောသဘာဝအကြောင်း သိပုံမရပါဘူး။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကိုယ့်လက်အောက်မှာ လူတွေရှိတယ်၊ ကို်ယ့်အဖွဲ့ကို ဦးဆောင်ရမယ်ဆိုတာ သတိမထားမိဘဲ အရင်ကလို တစ်ယောက်ထဲလုပ်တဲ့အတိုင်း ဆက်လုပ်နေကြတယ် ထင်ပါရဲ့။ တချို့ကျတော့လဲ ငွေရှိလို့ စီးပွားရေးလုပ်ငန်း ထူထောင်။ ဒါနဲ့ပဲ လုပ်ငန်းရဲ့ အကြီးအကဲဖြစ်လာတာ ခေါင်းဆောင်မှုအကြောင်းသိလဲမသိ၊ လေ့လဲ မလေ့လာ ကြဘူးထင်ပါရဲ့။ အဲဒီတော့ အောက်ကလူတွေ စိတ်ဆင်းရဲရတာပေါ့ ဗျာ။ ဘယ်မှာ ထိရောက် အောင်မြင်တဲ့ ၊ အားလုံးစိတ်ချမ်းသာတဲ့အဖွဲ့ ဖြစ်တော့မလဲ။ အခု ကမ္ဘာမှာတော့ ခေါင်းဆောင်မှု ပညာကို တော်တော် အလေးထားတယ်။ ဘာလို့လဲဆိုတော့ ဒီခေတ်က အပြင်းအထန် ယှဉ်ပြိုင်ရတဲ့ခေတ် မဟုတ်လား။
ဘယ်လုပ်ငန်း မဆို ခေါင်းဆောင် မကောင်း၊ အဖွဲ့ အစည်းမကောင်းရင် ယှဉ်ပြိုင်ရတာ ခက်သွားပြီ..
***************************
တနေ့ တော့ ..အဖွဲ့ အစည်းတွေကောင်းမွန်ရေးအတွက်သင်တန်းတွေ ပေးနေတဲ့ Officevibe လုပ်ငန်း ရဲ့ ပူးတွဲ ထူထောင်သူ Jeff Fermin ရေးထားတာကို ဖတ်လိုက်ရတယ်။ အထက်လူကြီးဆိုးဆိုး (Worst Boss) တွေမှာ တွေ့ရတဲ့  စိတ်ပျက်စရာ အချက်တွေပေါ့။ အဲဒါတွေက…
1.Controlling (အရာရာကို ထိန်းချုပ်တယ်)
2.Indecisive (ဆုံးဖြတ် ချက် မပြတ်သားဘူး)
3.Stubborn (သူထင်တာ အမှန်ပဲ။ သိပ်ခေါင်းမာတယ်)
4.Resist Change (အပြောင်းအလဲကို လက်မခံဘူး)
5. Micromanage (အသေးစိတ်က အစ လိုက်ပါချင်တယ်)
6. Lead By Fear (ကြောက်အောင်လုပ်ပြီး အုပ်ချုပ်တယ်)
7. Visionless (ရေရှည်အတွက် ဘာမှအမြှော်အမြင် မရှိဘူး)
8. Favoritism (မျက်နှာလိုက်တယ်)
9. Arrogance (မိမိသာအရေးကြီးဆုံး၊အတတ်ဆုံးလို့ ထင်တယ်။ဘ၀င်မြင့်တယ်)
10. Angry (စိတ်ဆိုး၊စိတ်ကောက်၊ဒေါသကြီးတယ်)
11. Blame-Shifter (မှားတာရှိရင်သူများကိုပဲအပြစ်လွှဲချတတ်တယ်။ ချီးကြူးခံရရင်တော့ ငါ လုပ်တာ ဆိုပြီး)
12. Driven by emotion (အဆုံးအဖြတ်ပေးစရာတွေကို အချက်အလက်ပေါ်မူတည် ပြီး မစဉ်းစားပဲ စိတ်လှုပ်ရှားမှုနဲ့ပဲ ဆုံးဖြတ်တယ်)
13. Neglet team building (team အဖွဲ ရဲ့တန်ဖိုး၊ team နဲ့ လုပ်ရမှန်းကို မသိဘူး။) .. တွေပါတဲ့ ။
ဖတ်ကြည့်တော့ မဆိုးဘူးဗျ။ အခုအကြီးအကဲခေါင်းဆောင်နေရာမှာ ရောက်နေသူတွေရော၊ နောင် အနာဂါတ်မှာ ဖြစ်လာမဲ့သူတွေရော ဒီအချက်တွေကိုကြည့်ပြီး ကိုယ့်ကိုယ်ကို Check- list တစ်ခု အနေနဲ့ဆန်းစစ်ရင် တော်တော်အကျိုးရှိမှာ။
ငါ့မှာ ဘယ်လိုပြင်ရဦးမယ့်စရိုက်တွေ ရှိသလဲ..ဆိုပြီးတော့။ ငါ့ မှာ..ဒေါသကြီးတဲ့စရိုက်တွေ ရှိနေသလား။ မျက်နှာလိုက်တဲ့ စရိုက်တွေ ရှိနေသလား။ ဘ၀င်မြင့်တာတွေ ရှိနေသလား..အစရှိသဖြင့်ပေါ့ ။ တကယ်တော့ သူများကို ဝေဖန်ရတာ လွယ်ပါတယ်။ ကိုယ့်ကိုယ်ကို ပြင်ရတာ တကယ်ခက်ပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ပြင်တာဟာ အကျိုးအရှိဆုံးပါပဲ ။ တဦးချင်းကောင်းရင် ကိုယ်နေတဲ့ လူ့ အဖွဲ့ အစည်းလဲ ကောင်းတာပဲ မဟုတ်လား။
*****************************
အဲဒါနဲ့ဆက်စပ်ပြီး ကျနော်တွေးမိတယ်။ အကြီးအကဲဆိုးဆိုးတွေမှာ ဒီလို အချက်တွေ ရှိတာကို လူတွေက မကြိုက်ရင် သူတို့ ရဲ့ခေါင်းဆောင်တွေဆီမှာ ဘယ်လို အချက်တွေရှိတာ၊ ဘယ်လိုအရည် အသွေးတွေ ရှိတာကို လူတွေ မြင်ချင်မလဲ..လို့ ။ ဒီအချက်ကို James Kouzes နဲ့ Barry Posner တို့ ရဲ့  The Leadership Challenge ဆိုတဲ့ စာအုပ်ထဲမှာ သွားတွေ့ပါတယ်။ ဒီစာအုပ်ဟာ ခေါင်းဆောင်မှုပညာနယ်ပါယ်မှာ တော်တော်  နာမည်ကြီးတဲ့စာအုပ်ပါ။ သူတို့ဟာ ခေါင်းဆောင်မှုနဲ့ ပါတ်သက်တဲ့ စစ်တန်းကောက်ယူမှုတွေ၊ သုတေသနတွေကို ၁၉၈၃ က စလုပ်ခဲ့ပြီး အခု နှစ်ပေါင်း ၃၀ အတွင်း လေ့လာမှုပေါင်း ထောင်ချီလုပ်ခဲ့ပြီးပါပြီ။
ဒီစာအုပ်ကို ၁၉၈၇ ခုနှစ်က ထုတ်ဝေခဲ့ပြီး ၂၀၁၂ မှာ 5th Edition ထွက်ပါတယ်။ အခုအထိ အုပ်ရေ ၂သန်းကျော် ရိုက်ခဲ့ရပြီး၊ ဘာသာပေါင်း၂၀ ကျော် ကို ပြန်ဆိုထားရတဲ့ စာအုပ်ပါ။ Jameas Kuozes က သူ့ရဲ့ စာအုပ်ထဲမှာ ရေးထားတာက... “ကျနော်တို့ ရဲ့ သုတေသနတွေကနေ တသမတ်ထဲ တွေ့ရတာက..လူအများစုဟာ သူတို့ ရဲ့ ခေါင်းဆောင်တွေဆီမှာ အရည်အချင်း ၄ မျိုးကို တွေ့မြင်လိုကြတယ်ဆိုတာပါ ပဲ။
အဲဒါတွေကတော့ ....
1. Honest, trustworthy, has integrity (ရိုးသားတာ၊ယုံကြည်ထိုက်တာ)
2.Forward-looking, has vision of future, foresight and thinks about the long term (အမြှော်အမြင်ရှိတာ)
3. Competent, has expertise, knows what he’s doing (အရည်အချင်းရှိပြီး သူဘာလုပ်နေသလဲ ဆိုတာသိတာ)
4. Inspiring, dynamic, optimistic and positive about the future (ကိုယ်တို်င်လဲတက်ကြွပြီး အခြားသူတွေကိုလဲတက်ကြွ အောင်လုပ်နိုင်တာ။ အကောင်းမြင်စိတ်ရှိတာ)..”ပါတဲ့ ။
************************
ကဲ အခုဆို မိတ်ဆွေတို့ ..အဖွဲ့ အစည်းတခု ရဲ့ ခေါင်းဆောင်မှုမှာ ဘယ်အချက်တွေကတော့ ကောင်းတယ်။ လူတွေ ကြိုက်တယ်။ ဘယ်အချက်တွေကတော့ မကောင်းဘူး၊ ကိုယ့်အဖွဲ့က မကြိုက်ဘူးဆိုတာ ရိပ်မိကြပြီ ထင်ပါတယ်။ အကြီးအကဲခေါင်းဆောင်ဖြစ်နေတဲ့သူတွေ၊ အနာဂါတ်မှာ ဖြစ်မဲ့သူတွေ ကိုယ့်ကိုယ်ကို ဆန်းစစ်နိုင်ကြပြီး ခေါင်းဆောင်ကောင်းတွေ ဦးဆောင်တဲ့ ကောင်းမွန်တဲ့ အဖွဲ့အစည်းတွေ များများ ပေါ်ထွန်းကြပါစေ....
-       ဒေါက်တာအောင်မျိုး
(၁၂.၇.၂၀၁၄)


စာရေးသူ သည် ၂၀၀၂ မှ ၂၀၀၆ အထိ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ကင်ဆာဌာနတွင် တာဝန် ထမ်းဆောင်ပြီး ဆေးပညာ မဟာသိပ္ပံ (ကင်ဆာရောဂါဆေးပညာ) ဘွဲ့ ကို ၂၀၀၄ တွင်ဆေးတက္ကသိုလ်(၁)ရန်ကုန် မှ ရရှိခဲ့သည် ။ ၂၀၀၇ ခုနှစ် မှစ၍ နိုင်ငံတကာဆေးဝါး ကုမ္ပဏီကြီးတစ်ခု တွင် ညွှန်ကြားရေးမှုး၊ အာရှ-ပစိဖိတ်ဆိုင်ရာ ကင်ဆာသုတေသနဌာန အကြီးအကဲ အဖြစ်တာဝန် ထမ်းဆောင်လျှက်ရှိသည် ။ ကင်ဆာဆိုင်ရာ သုတေသန စာတန်းများ ရေးသားခဲ့ ပြီး အာရှ-ပစိဖိတ် ဒေသဆိုင်ရာကင်ဆာပညာ နှင့် ကင်ဆာသုတေသန ညီလာခံများတွင် ဟောပြောသူ ဖြစ်သည်။ အမေရိကန် ကင်ဆာအသင်းကြီး နှင့် အာရှ-ပစိဖိတ် Palliative Care Network အသင်းဝင်ဖြစ်သည် ။ ၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံရှိ လူငယ်များ အင်္ဂလိပ်စကားပြော နှင့် Soft Skill ဖွ့ံဖြိုး တိုးတက်ရေး အတွက် TOFLA (Top Myanmar Future Leader Academy)ကို ထူထောင်ခဲ့သည်။ ယခု အခါ စကာင်္ပူ နိုင်ငံတွင် မိသားစုနှင့် နေထိုင်လျှက်ရှိသည် ။


0 comments:

Post a Comment